လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပါတီကြီး ၃ ခု ပေါင်းစည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)အနေဖြင့် ချင်းလူမျိုးများရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- Chin National League For Democracy Party (CNLD) ကို ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(CLD)၊ ချင်းတိုးတက်ရေးပါတီ(CPP )နှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) အစရှိသည့် ၃ပါတီ ပေါင်းစည်းကာ သဘောတူ စာချုပ် ချုပ်၍ ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့က တည်ထောင်ခဲ့ပြီး၊ ပြည်ထောင်စ ုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တွင် မှတ်ပုံတင် ခွင့်ပြုခဲ့သည်။
ယခုအခါ CNLD သည့် လာမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ၉မြို့နယ် အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်သည်။
“ချင်းပြည်နယ် ၉ မြို့နယ်ကတော့ သေချာပြိုင်မယ်။ ခန္တီးလည်း ဖြစ်ကောင်းဖြစ်မယ်။ ကလေးနဲ့ တမူး မှာပါ ဝင်ပြိုင်မယ်။ မကွေးတိုင်းကတော့ အရှို ချင်းနဲ့ တိုင်ပင်ရမယ်။ ရခိုင်ပြည်နယ်ကတော့ ပြိုင်ရလိမ့် မယ်။ ဘာလို့လည်းဆိုတော့ ရခိုင် ပြည်နယ်က ချင်းတွေကလည်း အရှိုချင်းလို့လည်း မခံယူကြသေး ဘူး။ ဒါပေမယ့် ချင်းအားလုံး ဆိုတဲ့ အမည်နာမ အောက် မှာတော့ သူတို့က ရပ်တည် တယ်။ မင်းပြား၊ မြေပုံနဲ့ အမ်းမြို့နယ်တွေ မှာတော့ ဝင်ပြိုင်ရမှာပါ” ဟု CNLD အဖွဲ့ခေါင်း ဆောင် ဦးငိုင်ဆာ့ခ်က ပြောသည်။
အဓိကယှဉ်ပြိုင်ရမည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖြစ်ပြီး၊ ၎င်းတို့ အနေဖြင့် NLD အနိုင်ရခြင်းကို နှစ်သက်သော်လည်း NLD အနေဖြင့် တိုင်းရင်းသားပါတီငယ်များကို ဦးစားပေးစေလို ပါကြောင်း ဦးငိုင်ဆာခ့်က အကြံပြု သည်။
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(CNLD) အလှည့်ကျ ဥက္ကဋ္ဌ ပူးဇိုဇမ်က “ကျနော်တို့ ချင်းရဲ့ နိုင်ငံရေးအနာဂတ်က လူငယ်တွေလက်ထဲမှာရှိတယ်။ အဲဒါကြောင့် လူငယ်တွေကို ဦးစားပေးပါတယ်။ လူငယ်တွေထဲမှာဆို အမျိုးသား၊ အမျိုးသမီးအကုန်ပါ ပါတယ်” ဟု ပြောသည်။
၎င်းတို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားသည့် တီးတိန်နှင့် ပလက်ဝမြို့နယ်တို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှိနေသည့်အတွက် ထိုကာလတွင် အနည်းငယ် အခက်အခဲရှိနိုင်သည်ဟု သိရသည်။
ပူးဇိုဇမ်က CNLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ချက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ချင်းပြည်နယ်အတွင်း များစွာ အနိုင်ရလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချင်းပြည်နယ်အတွင်း ပိုမိုအနိုင်ရမှသာ ပြည်နယ်၏ တိုးတက်ဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ရှင်းပြသည်။
တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပြည်ထောင်စု တိုင်ရင်းသားများနှင့် အတူ လက်တွဲဆောင်ရွက်ပြီး ချင်းအမျိုးသား တရပ်လုံး ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ချင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)ကို ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ပါတီ မှတ်ပုံတင်ရရှိပြီးဖြစ်၍ မြို့နယ်ရုံးများဖွင့်ပြီး စည်းရုံးရေးများ စတင်မည်ဖြစ်သည်။ စည်းရုံးရေး ဆင်းစဉ် ဒေသခံမြို့နယ်ကော်မတီများ၏ သဘောထားအခြေအနေပေါ်မူတည်၍ ကိုယ်စားလှယ်များ ရွေးချယ်သွားမည်ဟု သိရသည်။
You may also like these stories:
ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်
၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများ ပူးပေါင်းမည်
၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ
၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ အပိုင်း ၂