မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် ယမန်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားရာ ကျောင်းသူ ၄ဦး ပျောက်ဆုံးနေပြီး၊ ယနေ့နံနက်တွင်မူ တဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း သတင်း ရသည်။
ယမန်နေ့ နေ့လည် ၁၂နာရီခန့်က မင်းတုန်းမြို့ပေါ်သို့ လာရောက် ကျောင်းတက်သည့် ပေါက်ကိုင်းရွာ မှ ကျောင်းသား ကျောင်းသူ ၁၂ ဦး အပါ အဝင် ၁၈ဦး တင်ဆောင်လာသည့် စက်လှေတစီး မင်းတုန်း ချောင်း အတွင်း တိမ်းမှောက်သွားခြင်း ဖြစ်ပြီး၊ ၇တန်း ကျောင်းသူနှစ်ဦးဖြစ်သည့် မဇွန်ပွင့်ဖြူနှင့် သက်မွန်ဂျူလိုင်၊ ၉တန်းကျောင်းသူ နှစ်ဦးဖြစ်သည့် ချစ်စုဝေနှင့် ဂျူးဂျူးဟန်တို့ ပျောက်ဆုံးနေ ခြင်းဖြစ်သည်။
ယနေ့နံနက်တွင်မူ ပေါက်ကိုင်း(အလယ်)ကျေးရွာမှ ၁၅နှစ်အရွယ် ၉တန်း ကျောင်းသူ ဂျူးဂျူးဟန်၏ ရုပ်အလောင်းကို ကင်ပုန်းကိုင်းရွာအနီးတွင် ပြန်လည်တွေ့ရှိကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။
“ပျောက်ဆုံးနေတဲ့ကျောင်းသူတွေထဲက တဦးကိုကင်းပုန်ကိုင်းရွာအနီးမှာ ယနေ့နံနက် ၉ နာရီကျော်ခန့် က သေဆုံး လျှက် တွေ့ရှိပါတယ်” ဟု သူက ဆိုသည်။
မင်းတုန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူး စိန်းသောင်းကလည်း ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်သည့် ကျောင်းသူသုံးဦးကို ရဲတပ်ဖွဲ့ဝင်များ ကလေးမိဘများ ဒေသခံ ပရဟိတအဖွဲ့များ စုပေါင်းကာ အမြန်ဆုံး တွေ့ရှိနိုင်ရေး ရှာဖွေလျှက်ရှိကြောင်း ပြောသည်။
မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နှင့် မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာ သို့ ပြေးဆွဲသော စက် လှေ မှာ ကျောက်ဆောင်ကို ရှောင်တိမ်းရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး စက်လှေ မောင်းသူ အသက် ၂၄ နှစ်အရွယ် ဇာနည်အောင်ဆိုသူအား လူသေဆုံးသည့်အထိ ပေါဆစွာ မောင်းနှင် မှု ကြောင့် ပုဒ်မ၂၈၀ / ၃၀၄(က) ဖြင့် မင်းတုန်းမြို့နယ် မြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။