ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားသော ပုဂံဒေသအတွင်း နေထိုင်နေသောဒေသခံများအနေဖြင့် အမွေအနှစ် ဇုန်အတွင်းမှ နေရာရွှေ့ပြောင်းပေးရမည်ဆိုသည့် စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ပြောင်းရွှေ့ရေးအတွက် တိကျသောအဖြေ ယနေ့အထိ မရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။
ပုဂံသူ၊ ပုဂံသားတို့၏ မျက်ရည်နှင့် “ပုဂံ” အားကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိန်းသိမ်းသွားရန် ကြိုးစားမည်မဟုတ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ဒေသခံတွေ အတွက်ရော၊ ရှေးဟောင်းအမွေအနှစ်အတွက်ရော စနစ်တကျနဲ့ Win-Win ဖြစ်တဲ့ အနေအထား အပေါ်မှာပဲ ကျနော်တို့ဆက်လုပ်သွားရမယ်။ ရွေ့ကြမယ်။ ပြုကြမယ် ဆိုတာ ခုထိ တိတိ ကျကျ မရှိသေးပါဘူး။ ပုဂံရဲ့ရှေးဟောင်းအမွေအနှစ်တွေက ပုဂံသူပုဂံသားတွေသာမက မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တာမို့ ရေရှည်တည်တံ့ခိုင်မြဲအောင်ဆိုတဲ့အမြင်တော့ရှိဖို့တော့လိုမယ်” ဟု ၎င်းက ပြောသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသော ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်က အတည်ပြုခဲ့သည်။
“ယူနက်စကိုဝင်သွားပြီမို့ ဒေသခံတွေက နေရာရွှေ့ပေးရမှာလား၊ မပေးရဘူးဆိုတာ တွေဝေနေကြတယ်။ အာဏာပိုင်အဖွဲ့အစည်းကလည်း ဒါနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းထုတ်ပြန်မှုမရှိသေးဘူး။ တကယ်လို့ ရွှေ့ပေးရမယ်ဆိုရင်တော့ ကျနော်တို့က ‘မိအေး နှစ်ခါနာ’သလို ဖြစ်သွားမှာပေါ့ဗျာ” ဟု ၁၉၉၀ ခုနှစ်ကတည်းက ပုဂံမြို့ဟောင်းမှ မြို့သစ်သို့ ပြောင်းခဲ့ရသော ဒေသခံကိုဆွာက ဧရာဝတီကို ပြောသည်။
စစ်အစိုးရလက်ထက်က ပုဂံဒေသရှိ ရှေးဟောင်းစေတီဘုရားများနှင့် လူနေအိမ်များ နီးကပ်စွာရှိသဖြင့် ပုဂံမြို့သစ်အဖြစ် ဖော်ဆောင်ကာ ဒေသခံများအား မြို့သစ်သို့ ရွေ့ပြောင်းစေခဲ့သည်။
ထို့နောက် ယခုတကြိမ်တွင်လည်း ယူနက်စကို၏ ကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံလိုက် ရသော ပုဂံဒေသအတွင်း နေထိုင်သော ဒေသခံများမှာ နေရာပြောင်းရွှေ့ရမည်အခြေအနေ ထပ်မံရောက်ရှိ လာမည်ကို ပူပန်နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ပုဂံဒေသရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ကော်မတီအစည်းအဝေးတွင် ပုဂံဒေသ ယူနက်စကို ဝင်သွားပါက အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထားသောဧရိယာအတွင်းရှိ ဟိုတယ် များအား ၂၀၁၉ ခုနှစ်မှ နောက်ထပ် ၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး ကာလကျော်ပါက အမွေအနှစ်ဇုန်များမှ ထွက်ပေးရမည်ဟု သိရကြောင်း အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့သော ပုဂံချစ်သူများအဖွဲ့၏ နာယကဦးချင်းပိုက ပြောသည်။
အဆိုပါအစည်းအဝေးတွင် ဟိုတယ်များ ပြောင်းရွှေ့ရေးကိစ္စ ထည့်သွင်းပြောကြားခဲ့သော်လည်း ဒေသခံများ ပြောင်းရွေ့ရေးနှင့် ပတ်သက်ပြီး မပါရှိကြောင်း၊ အမွေအနှစ်ဇုန်အတွင်း နေထိုင်သည့်ဒေသခံအရေအတွက် မှာလည်း များပြားကြောင်း သိရသည်။
မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်း၏ အတွင်းရေးမှုး ကိုသူရအောင်က “ကမာ့္ဘအမွေအနှစ် ဝင်သွားပြီဖြစ်တဲ့အတွက် ပုဂံမှာရှိတဲ့ မြို့ရွာတွေက မတည်မြဲတော့ဘူးလားဆိုတဲ့ ဒေသခံတွေက မေးနေတာ တွေရှိတယ်။ ပုဂံသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကတည်းက ရှိခဲ့တဲ့ ပုံစံအတိုင်းတင်ထားတာမို့ ခုလက်ရှိ ရှိနေတဲ့ မြို့၊ ရွာ၊ လူတွေက ပြောင်းစရာမလိုဘူး။ အမွေအနှစ်ဇုန်ထဲမှာရှိတဲ့ ဟိုတယ်အကြီးကြီး တွေက ၂၀၂၈ ခုနှစ် ရောက်ရင်ထွက်ပေးရမယ်။ ဟိုတယ် ဆောက်ချင်ရင် ဟိုတယ်ဇုန်ထဲမှာ သွားဆောက် လို့ရမယ်။ အမွေအနှစ်ဇုန်ထဲမှာမသွားရတော့ဘူး။ ဒေသခံက နေလို့ရတယ်။ အဲဒီ နှစ်ခုကို ကွဲပြားစေချင်ပါ တယ်။”ဟု ရှင်းပြသည်။
အစိုးရအနေဖြင့် ဒေသခံများအကျိုးစီးပွားနှင့် ယဉ်ကျေးမှု အမွေအနှစ်မထိခိုက်အောင် ချိန်ညှိဆောင်ရွက် သွားရန်လိုအပ်ပြီး ထို့အတွက် သက်ဆိုင်ရာဌာနအချင်းချင်း၊ ပညာရှင်နှင့်ဒေသခံအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာရန် ထိန်းကျောင်းဖို့လိုအပ်သည်ဟု ၎င်းက ထောက်ပြသည်။
ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်အတွက် Master Plan ရေးဆွဲနေရာ ပြီးစီးပါက ၂၀၁၉ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး Master Plan အတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်- ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ
ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ
ပုဂံကို ခရီးသွားမြှင့်တင်ရေး ယဉ်ကျေးမှု နှင့် ဟန်ချက်ညီရန် လုပ်ဆောင်မည်ဟု ဆို