ထိုင်းနိုင်ငံမှ ကန်ကရာချန် သစ်တောကြိုးဝိုင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ထည့်သွင်း စဉ်းစားခြင်း မပြုရန် အဇာဘိုင်ဂျန်တွင် ကျင်းပသည့် ၄၃ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ကော်မတီက ဆုံးဖြတ်လိုက်သည်။
ထိုသို့ ဆုံးဖြတ်ရခြင်းမှာ သစ်တောကြိုးဝိုင်း နယ်နိမိတ်တဝိုက် စုဆောင်းရရှိသည့် သတင်းအချက် အလက်များမှာ ပြန်လည် ပြင်ဆင်ရန် လိုအပ်နေခြင်း၊ ဒေသခံ အသိုင်းအဝိုင်းများမှ ပူးပေါင်းပါဝင်ခြင်း မရှိသည်ကို အကြောင်းပြကာ ထိုသို့ ဆုံးဖြတ် ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်ကို ကိုးကား၍ Bangkok Post သတင်းကဆိုသည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်တွင် နောက်တကြိမ် ကော်မတီနှင့် ပြန်လည်တွေ့ဆုံ သည့်အခါ ထိုင်းနိုင်ငံဘက်မှ ဒေသခံအသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်မှု သေချာစေရန်လည်း ကမ္ဘာ့ အမွေအနှစ် ကော်မတီက တောင်းဆိုသည်ဟု ပါရှိသည်။
ထိုင်းနိုင်ငံသည် ကန်ကရာချန် သစ်တောကြိုးဝိုင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားနေ ခြင်းဖြစ်သည်။
ယင်းသစ်တောမှာ မြန်မာပိုင်နက်ဖြစ်သည့် တနင်္သာရီ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ်နေပြီး၊ ထိုင်း နိုင်ငံမှ ပေးပို့ လာသည့် ကိုအောဒိနိတ် ဆုံမှတ်ကို မြန်မာနိုင်ငံ မြေစာရင်းဌာနက ပြန်လည် စိစစ်ရာ မြန်မာပိုင်နက် နယ်မြေအတွင်း ၃၄ ရာခိုင်နှုန်း (၁၇၇၂.၆၅ စတုရန်းမိုင်)ခန့် ထည့်သွင်းထားသည်ကို တွေ့ရ၍ မြန်မာမှ ၂၀၁၆ ခုနှစ်တွင် ကန့်ကွက်ခဲ့သည်။
ထို့အတွက် ယူနက်စကိုက နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (Transboundary Cooperation) ကို မြန်မာနှင့် အတူ ဆောင်ရွက်ရန် အကြံပြုခဲ့သည်။
ထို့အတွက် မြန်မာနိုင်ငံဘက်မှ စိုးရိမ်မှုကို တုံ့ပြန်သည့် အနေဖြင့် သစ်တောနယ်နိမိတ် သတ်မှတ်မှုကို ထိုင်းအစိုးရက လျော့ချပေးခဲ့ကြောင်း ၄၃ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ကော်မတီက မှတ်ချက်ချခဲ့သော်လည်း မြန်မာပိုင် နက်အတွင်း ရာခိုင်နှုန်းတော်တော်များများ ပါဝင်နေသေးကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
လက်ရှိတွင် မြန်မာနှင့်ထိုင်းနိုင်ငံအကြား နယ်နိမိတ် သတ်မှတ်မှုမှာ ပြီးပြတ်နိုင်ခြင်း မရှိသေးသည့် အပြင်၊ ထိုဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသည့်အတွက် မြန်မာနိုင်ငံ သစ်တောဝန်ကြီး ဌာန အနေဖြင့် သွားရောက် စစ်ဆေးနိုင် ခြင်း မရှိဟုလည်း စုံစမ်းသိရသည်။
အမည်မဖော်လိုသူ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်တဦးက မြန်မာအနေဖြင့် တနင်္သာရီ ကြိုးဝိုင်းနှင့် ထိစပ်နေသည့် ကန်ကရာချန် သစ်တောနှင့် ပတ်သက်၍ သေသေချာချာ ရှင်းလင်းအောင် ပြုလုပ်ထားရန် လိုကြောင်း၊ သို့မဟုတ်ပါက နယ်နိမိတ် ဧရိယာများ ဆုံးရှုံးနိုင်သည့် အပြင် နောင် တနင်္သာရီ သစ်တောကြိုးဝိုင်းကို ကမ္ဘာအမွေအနှစ် အဖြစ် စာရင်းတင်သွင်းမည် ဆိုပါက ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း ဧရာဝတီအား သုံးသပ် ပြောဆိုသည်။
You may also like these stories:
သစ်တော သိပ္ပံပညာရပ်ကို အခြေခံပြီး မူတွေ ချမှတ်ဖို့ လိုတယ်
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ
မြန်မာ့မြေအား တရုတ်ကုမ္ပဏီထံ ရောင်းထားခြင်း မရှိကြောင်း မိုင်းလားအဖွဲ့ ပြသ