နေပြည်တော်မှ အသက် ၃ နှစ်မပြည့်သေးသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ကလေးငယ် Victoria (ဗစ်တိုးရီးယား) အမှု တရားမျှတရေး နှင့် တရားခံအစစ် ပေါ်ပေါက်ရန် အတွက် လယ်ဝေးမြို့တွင် ယနေ့ နံနက်ပိုင်းက လူအင်အား ၇၀၀ ကျော် ဆန္ဒပြသည်။
လယ်ဝေးမြို့ ဖောင်တော်ချက်မ ဘုရားမှ စတင် စုဝေးပြီး မြို့လယ်ကောင်ရှိ ဗိုလ်ချုပ်အောင်ဆန် ကြေးရုပ်အထိ စီတန်း လှည့်၍ ဗစ်တိုးရီးယားလေး အတွက် အမှန်တရားရရှိရေး၊ လူ့အဖွ့ဲအစည်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ မျိုးဆက်သစ် များ အတွက် လွတ်လပ်စွာ လုံခြုံ စိတ်ချရသည့် လူ့အဖွဲ့အစည်းတခု ဖန်တီးပေးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ အလိုမရှိ ဟူ၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြ ခဲ့ကြသည်။
ဆန္ဒ ဖော်ထုတ် ခွင့်ပြုမိန့် ရရန်အတွက် စောင့်ဆိုင်းနေရသဖြင့် ယခုမှ ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်ဝေးမြို့ ကိုယ်စားပြုပြီး ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည့်အတွက် လယ်ဝေးမြို့ အတွင်းသို့လှည့်လည်၍ ဆန္ဒဖော် ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ လိုက်ပါ ဆန္ဒပြသူ ၅၀၀ နှင့် ဝန်းရံသူ ၂၀၀ ဝန်းကျင်ရှိကြောင်း ပွဲစီစဉ်သူ ဦးအောင်နိုင်က မီဒီယာများသို့ ပြောသည်။
၎င်းက“အမှန်တရားပေါ်ပေါက်ချင်လို့ရယ် မျိုးဆက်သစ်တွေအတွက် နောက်နောင် ဒီလို မဖြစ်ပွားအောင် အတွက်ရယ်။ ပြည်သူတယောက် အနေနဲ့ ဗစ်တိုးရီးယားလေးဘကက ရပ်တည်တယ်ဆိုတာ ပြချင်တဲ့ အတွက် အခုလို ခေါင်းဆောင် ပြီး လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထိုသို့ သက်ငယ်မုဒိမ်း ကျူးလွန်သူ အစစ်မှန် ဖော်ထုတ်ပေးရေး၊ တရားမျှတမှု ရရှိရေးတို့ အတွက် တောင်းဆို ဆန္ဒပြပွဲ များကို ရန်ကုန်၊ မန္တလေး နှင့် ပြည် မြို့များတွင် ပြုလုပ်ခဲ့ကြပြီး ယနေ့ နေပြည်တော်ရှိ လယ်ဝေးမြို့တွင်လည်း ပြုလုပ် ခြင်း ဖြစ်သည်။
လယ်ဝေးမြို့မှ မိခင်တဦးဖြစ်သူ ဒေါ်ထက်ထက်မောင်ကလည်း“ကျမသမီးလေးလည်း ကျောင်းထားတယ်။ ကျောင်း ထား တော့ ကလေးရဲ့ အမေတယောက် အနေနဲ့ ကိုယ့်သမီးလေးလည်း အဲဒီလို ဖြစ်သွားခဲ့ရင် ဆိုတဲ့ စိတ်နဲ့ ကျမ တွေးပူနေလို့ လာရောက်ပြီး ဆန္ဒပြတဲ့ဆီကို လာဝန်းရံတာပါ”ဟု ပြောသည်။
မူကြိုကျောင်း တခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ် တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး တရားခံ အစစ် ဖော်ထုတ်ပေးရန်နှင့် နောက်ထပ် ဗစ်တိုးရီးယားကဲ့သို့ ဖြစ်စဉ် ထပ်မဖြစ်စေရန် အတွက် ဟု ဆိုကာ လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်ခြင်း ဖြစ်ကြောင်း မိခင် တဦးကလည်း ပြောဆိုသည်။
၎င်းက“အခု ကျမ သမီးလေးဆိုရင် ၂ နှစ်ကျော်ပြီ။ ကျောင်းထားဖို့ စုံစမ်းနေတယ်။ အခု မထားရဲတော့ဘူး။ ကျောင်း မထားရတော့ အလုပ်လည်း ထွက်လုပ်လို့ မရတော့ဘူး။ Facebook ဖွင့်တိုင်း မုဒိမ်းမှုတွေက မြန်မာနိုင်ငံမှာ ကြားနေ ရတယ်။ ဒါတွေကို ပပျောက်စေချင်လို့ ဒီလို ဆန္ဒပြပွဲကိုလာခဲ့တာပါ”ဟုလည်း ပြောသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်းသူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကလေးငယ် မဖွယ်မရာ ပြုလုပ်ခံရသဖြင့် မိခင်အများစုသည် စိုးရိမ်မှုများနှင့် ထိုဖြစ်ရပ်ကို ကျေနပ်မှု မရှိ ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြမှုများနှင့် နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံပြီး တရားခံ အစစ် ပေါ်ပေါက်ရန် အလိုရှိကြောင်း ရေးသားဖော်ပြမှုများကိုလည်း တွေ့ရသည်။
နေပြည်တော်မှ လာရောက်ဝန်းရံသည့် မိခင်တဦးဖြစ်သူ ဒေါ်မေထားကလည်း“သက်ငယ် မုဒိမ်းတွေက အခုလို များ လာ တာကို တာဝန်ရှိတဲ့ သူတွေဘက်ကလည်း လျော့ကျအောင်လုပ်ပေးစေချင်တယ်။ အခုတော့ ကလေးကို ကျောင်း ပို့တယ်။ ကြိုတယ်။ ကျောင်းမှာ ထားခဲ့တဲ့ အချိန်ကိုလည်း ကျမတို့မှာ ရင်တမမနဲ့ ဘာများ ကြားရမလဲ ဆိုပြီးတော့ စိတ်ပူနေရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗစ်တိုးရီးယား အမှုဖြစ်စဉ်သည် လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီး နောက် သတင်းမီဒီယာများမှ တဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်းတပ်ဖွဲ့(CID) ၏ စစ်ဆေးချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်း ကြီးကြပ်ရေးမှူး၏ကား မောင်းသူ အောင်ကြီးဖြစ်သည်ဟု ဆိုကာ ၎င်းကို ဇူလှိုင် ၄ ရက်က တရားစွဲတင်ခဲ့သည်။
ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် အနေဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်ပြီး တရားခွင် အတွင်း စိတ်ဝင်စားသည့် ပြည်သူများ လာရောက် နားထောင်နိုင်ကြောင်း၊ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ခရိုင်တရားရုံးမှ သိရသည်။
တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၈၉၇ မှုဖြစ်ပွားခဲ့ကာ ရာခိုင်နှုန်း အားဖြင့် ၆၄.၈၄ ရာနှုန်း ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၁၅၈၃ မှုဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၁၀၂၈ ဖြစ်ပွား ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၆၄.၉၃ ရာနှုန်း ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ အထိ မုဒိမ်းမှုပေါင်း ၆၁၉ မှုတွင် သက်ငယ် မုဒိမ်းမှု ၄၁၉ မှု ဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၇.၆၈ ရာ နှုန်းဖြစ်ပွားခဲ့သဖြင့် သက်ငယ်မုဒိမ်းမှု အရေ အတွက် များလာသည်ကို အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
Victoria အတွက် ဘဏ်အကောင့် ယာယီဆိုင်းငံ့ခဲ့မှု AYA ဘဏ် တောင်းပန်
ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း
Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော
သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ