သစ်မှောင်ခို တားဆီးရေးတွင် သစ်တောဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှု အားနည်း ခြင်းများ ကြောင့် ထိရောက်မှု မရှိသည်ကို ပြသရာရောက်ကြောင်း လွှတ်တော် နှင့် သစ်တောဌာနမှ တာဝန်ရှိသူ တချို့က ပြောဆိုသည်။
သစ်တော ဥပဒေတွင် သစ်ခိုးထုတ်မှုများ၊ သစ်မှောင်ခိုထုတ်မှုများအားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သစ်တောဌာန များမှ ဖမ်းဆီးခွင့်ရှိသည်ဟု ပြဌာန်းထားသော်လည်း အဓိကအားဖြင့် ရဲတပ်ဖွဲ့၏ စွမ်းဆောင်မှုက အဓိကနေရာတွင် ရှိကြောင်း၊ သစ်တောဌာနနှင့် သက်ဆိုင်ရာနယ်မြေ အလိုက် ရဲတပ်ဖွဲ့ဝင်များ၏ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နေမှု တွင် ခက်ခဲနေသေးသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောသည်။
ဦးစိုးသူရထွန်းက“သစ်တောဌာနက ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ လက်နက်တွေကို ပြန်အသိမ်းခံလိုက်ရတယ်။ ဒါပေမယ့် သစ်တောဌာန အနေနဲ့ သစ်ခိုး ဖမ်းမှုတွေမှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကြိုးစားပါတယ်။ ဒါပေမယ့် တချို့နယ်တွေမှာ ရဲတပ်ဖွဲ့တွေက သူတို့မှာ အမှုများတာတို့နဲ့ အကြောင်းပြနေတာတွေ ကြားနေရတယ်။ ရဲတပ်ဖွဲ့ဆိုတာ အကုန်လုံးကို ဖမ်းဆီးခွင့်ရှိတဲ့သူ။ သစ်တောဌာနက ဖမ်းတယ်ဆိုရင်တောင် ဥပဒေမှာကိုက အကန့် အသတ်တခု ရှိနေသေးတယ်။ နောက်ပြီး သစ်တော ဝန်ထမ်းအင်အားက အနည်းဆုံးပဲ။ အဲ့ဒီအတွက် ရဲတပ်ဖွဲ့မှာက အဓိက တာဝန်ရှိတာပဲ”ဟု ပြောဆိုသည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်တချို့က အသက်အန္တရယ် ခြိမ်းခြောက်ခံပြီး သစ်မှောင်ခိုထုတ်မှုကို ဖမ်းဆီး အရေးယူခဲ့သော်လည်း တချို့အထက် အရာရှိများကြောင့် လုပ်ကိုင်နေရသည့် အခက်အခဲများ ရှိနေသည်ကိုလည်း တွေ့ရသည်။
အထင်ရှားဆုံး အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလက မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ တချို့ ပူးပေါင်းပြီး သစ်မှောင်ခို ထုတ်သူများကို ပစ္စည်းများနှင့်တကွ လက်ရ ဖမ်းဆီးခဲ့ရာတွင် ပိုင်ရှင်မဲ့သစ် တန် ၁၀၀ ကျော် ဖမ်းမိခဲ့သည်။
သို့သော် အထက်အရာရှိများ ပါဝင်နေသည့် အတွက် ဖမ်းမိသူများကို ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါကိစ္စ သတင်း မီဒီယာ များတွင် ဖော်ပြလာတော့မှ ပါဝင် ပတ်သက်ခဲ့သည့် ရဲအရာရှိများကို အရေးယူ အပြစ်ပေးခဲ့သည်။
ဖမ်းဆီးရေးတွင် အားတက်သရော ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အသက်အန္တရယ် ခြိမ်းခြောက်ခြင်း၊ နယ်မြေ ပြောင်းရွှေ့ခြင်း စသည့် အခြေအနေများကြောင့် ထိုရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နုတ်ထွက်စာ တင် သည့် အခြေအနေအထိ ရောက်ရှိခဲ့သည်။
သစ်တောကဏ္ဍတွင် သစ်မှောင်ခို ဖမ်းဆီးရမိမှုများ၌ ပိုင်ရှင်မဲ့ဖြစ်နေရသည့် အနေအထားများက တခြားသော မှောင်ခို လုပ်ငန်းများနှင့် သဘောသဘာဝ ကွဲလွဲနေသည့် အချက်များစွာရှိကြောင်း၊ သစ်များကို အများစု ဖမ်းဆီးရမိသည့် နေရာ များသည် အလွန်ဝေလံခေါင်းပါးသော နေရာများမှ ဖြစ်ပေါ်နေခြင်းကြောင့်လည်း ဖြစ်ကြောင်း သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဧရာဝတီကို ပြောသည်။
ဦးတင်ထွန်းက“ခုတ်ထားတဲ့ သစ်ပုံကြီးအနားဝန်းကျင်မှာ လူရှိနေတယ်ဆိုရုံနဲ့ အဲ့ဒီလူကို ကျနော်တို့က တိုက်ရိုက် သစ် ခိုးခုတ်ပါတယ်လို့ စွပ်စွဲလို့မရဘူး။ တခြားပြစ်မှုမျိုးတွေနဲ့ ကျနော်တို့ဟာက မတူဘူးဗျ။ နောက် သတင်းရလို့ဖြစ်စေ၊ ကျနော်တို့လူတွေ တောထဲလှည့်နေရင်း တွေ့တာပဲဖြစ်စေ ဝေးလံတဲ့နေရာတွေ ဖြစ်နေတယ်။ မြို့ပေါ် အနီးဝန်းကျင် မှာ ဖမ်းမိတဲ့ သစ်တွေလောက်ပဲ လူကိုပါ မိနိုင်တာ”ဟု ပြောပြသည်။
ထို့ပြင် ဇူလိုင် ၁၁ ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (MEITI) သစ်တောကဏ္ဍ အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ သစ်မှောင်ခို ဖမ်းဆီး ရမိ မှုနှင့် ပတ်သက်ပြီး ၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် ကျွန်းနှင့်သစ်မာ၊ အခြားသစ်များ ဖမ်းဆီးရမိမှုသည် ၅၁၇၂၅ ကုဗတန် ရှိခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်တွင် ၄၆၁၅၃ ကုဗတန် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသစ်မှောင်ခိုမှုများကို သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့် ဆောင်ရွက်ရာတွင် သစ်တောဌာန အနေဖြင့် အခက်အခဲ များစွာရှိနေသည်ဟု ဦးတင်ထွန်းက ပြောသည်။
သစ်တောဌာနတွင် ယမန်နှစ်ကစပြီး သစ်တောရဲအဖြစ် လက်နက်ကိုင် ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သော်လည်း တနိုင်ငံ လုံး အတိုင်းအတာနှင့် အင်အား ၁၀၀ နီးပါးသာ ရှိနေသေးပြီး သစ်တော ဝန်ထမ်းများအနေဖြင့်လည်း အလွန် နည်းပါး သည့် အတွက် ထိုကိစ္စများကို ဆောင်ရွက်ရာတွင် အခက်ခဲများစွာ ရှိသည်ဟု သူက ဆက်ပြောသည်။
သစ်တောဌာန ဖွဲ့စည်းပုံအရ ဝန်ထမ်းဦးရေ ၁၄၀၀၀၀ ခန့်ရှိသည်ဆိုသော်လည်း အမှန်တကယ် တာဝန်ထမ်းဆောင် နေ သည့် ဝန်ထမ်းဦးရေသည် ၈ဝဝဝ ဝန်းကျင်သာရှိပြီး ၂ဝဝဝ ခန့်မှာ ရုံးအထိုင် ဝန်ထမ်းများဖြစ်နေကြောင်း၊ တောတောင် ထဲတွင် လုပ်ကိုင်နေရမည့် ဝန်ထမ်းဦးရေသည် ၆ဝဝဝ မျှသာရှိနိုင်သည့် အခြေအနေမျိုး ဖြစ်ကြောင်း သူကဆိုသည်။
ဦးတင်ထွန်းက“အဲ့ဒီတော့ဗျာ။ ကျနော်တို့မှာ ဆင့်ပါးစပ်ထဲ နှမ်းပက်နေသလို ဖြစ်နေတယ်။ ဖမ်းဆီးရေးမှာလည်း ခက်ခဲ နေရသလို တောတောင်ထဲမှာ သစ်ခိုးထုတ်နေသူ ၁၀ ဦးကိုတွေ့တယ်လို့ သတင်းရတယ် ဆိုရင်တောင် ကျနော်တို့ ဝန်ထမ်း က ၂ ဦးလောက်ပဲ အဲ့ဒီနေရာမှာ ရှိနေတာမျိုးတွေ။ တုတ်၊ ဓား၊ လွှတွေနဲ့ သစ်ခိုးထုတ်နေသူများကို လက်နက် မပါတဲ့ ဒီဝန်ထမ်း ၂ ယောက်က ဘယ်လိုလုပ် ဖမ်းမလဲ။ နောက်ဆုံးဗျာ။ ပစ္စည်းတွေထားခဲ့၊ မင်းတို့သွားတော့လို့ ဝန်ထမ်း တွေက လုပ်လိုက်ရတဲ့ အခြေအနေ မဖြစ်နိုင်ဘူးလို့ ကျနော်မပြောနိုင်ဘူး”ဟုလည်း ပြောဆိုသည်။
ထိုကဲ့သို့ သစ်မှောင်ခိုမှုများသည် တရုတ်နိုင်ငံက အဓိကဖြစ်နေပြီး အိန္ဒိယက ဒုတိယလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သစ်မှောင်ခိုထုတ်နေမှု ပမဏကို တိုင်းတာမည်ဆိုလျှင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပမာဏ စာရင်းနှင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသည့် စာရင်းကို ကြည့်လျှင်ပင် သိနိုင်သည်ဟု ဦးစိုးသူရထွန်း က ပြောသည်။
သစ်တောကဏ္ဍနှင့် ပတ်သက်ပြီး EITI အစီရင်ခံစာ ထုတ်ပြန်ရေးတွင် ပူးပေါင်းပါဝင်သည့် Forest Trends အဖွဲ့က ၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အကောက်ခွန်ဌာနမှ တရုတ်နိုင်ငံသို့ သစ်များတင်ပို့မှုမှ ရရှိသည့် ဝင်ငွေ သည် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ မီလီယံသာ ရှိခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံမှ ဝင်ရောက်လာ သော သစ်များမှ ရရှိသည့်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၇၄ ဒသမ ၃ အထိ ရှိနေ၍ ကွဲလွဲနေသည်ကို တွေ့ရသည်။
ထိုအချက်များကို တွေ့ရှိရခြင်းအားဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားမဝင် သစ်မှောင်ခို ထုတ်ယူနေမှုသည့် များစွာ ကွဲလွဲနေပြီး နိုင်ငံဘဏ္ဍာများ မည်မျှ ဆုံးရှုံးနစ်နာ နေသည်ကို လေ့လာနိုင်မည် ဖြစ်ကြောင်း သစ်တောကဏ္ဍနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေကြသည့် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန် ပြောဆိုနေကြသည်။