အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က မက်ဟက်တန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ ညကတည်းက လူသောင်းနဲ့ချီ မီးပြတ်တဲ့ ဒဏ်ကို ခံစားခဲ့ရပါတယ်။ အဓိကျတဲ့ မက်ဟက်တန် ရပ်ကွက် တော်တော်များများ နေရာတွေမှာ မီးပြတ်ခဲ့တာကြောင့် လူနေအိမ် ၄၂,၀၀၀ ကျော်ဟာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။
အခုလို ရုတ်တရက် မီးပြတ်တောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ စက်ချို့ယွင်းမှုကြောင့်ပါလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တာကြောင့် ဓာတ်လှေခါးထဲ ပိတ်မိနေသူတွေနဲ့ ရထားတွဲထဲ ပိတ်မိနေသူတွေကို မီးသတ်သမားတွေက အချိန်မီ ကယ်ဆယ်ပေးခဲ့ရပါတယ်။
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လျှပ်စစ်စွမ်းအင်ကို အဓိကထား အသုံးပြုနေရတဲ့ နယူးယောက် မြေအောက်ရထားစနစ်တွေကို ရိုက်ခတ်မှု ပိုများခဲ့တာကြောင့် မြေအောက်ရထားလိုင်း တော်တော်များများ ရပ်သွားခဲ့ပြီး ဘူတာရုံတွေမှာ ခရီးသည်တွေ စုပြုံနေခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး ပြတ်တောက်ခဲ့တာကြောင့် မြေအောက်ရထားအပြင် နောက်ထပ် အသုံးများတဲ့ အဆောက်အဦတွေနဲ့ လမ်းတွေပေါ်မှာပါ မှောင်မည်းသွားခဲ့တာပါ။ CNN က ပရိုဂျူဆာတဦးက သူ ရုပ်ရှင်ကြည့်နေတုန်း မီးပြတ်သွားခဲ့လို့ ရုပ်ရှင်ရုံတခုလုံး မှောင်မည်းသွားတဲ့အပြင် လမ်းတွေပေါ်မှာပါ မီးပွိုင့်တွေနဲ့ လမ်းမီးတွေ ပြတ်တောက်သွားခဲ့တယ်လို့ သူ တွေ့ကြုံခဲ့တာကို ပြန်ပြောပြပါတယ်။
နောက်ထပ် လမ်းသွားလမ်းလာ တဦးကတော့ နယူးယောက်ရဲ့ နာမည်ကျော် Time Square က Billboard တွေမှာ အမြဲမပြတ် ကြော်ငြာနေတာတွေ ပြတ်တောက်သွားခဲ့တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ နောက်တယောက်ကတော့ ၆၆ လမ်းနဲ့ ဘရော့ဝေးကြားမှာ မီးပွိုင့်ပြတ်တောက်နေတဲ့အပြင် ယာဉ်ထိန်းရဲ မရှိတာကြောင့် ယာဉ်ကြောသွားလာရေး အဆင်ပြေအောင် လူတယောက် လာကူညီပေးနေတဲ့ပုံကို တွစ်တာမှာ တင်ထားပါသေးတယ်။
အလင်းရောင် အားနည်းတဲ့ တချို့နေရာတွေမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တာကြောင့် အခက်အခဲ ဖြစ်နေပြီး ရုပ်သံဌာနတွေနဲ့ တချို့နေရာတွေမှာတော့ အရန် မီးစက်တွေဖွင့်ပြီး လည်ပတ်နေရတယ်လု့ိ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စနေနေ့ညမှာ တင်ဆက်မယ့် ပြဇာတ်အစီအစဉ်တွေကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။
တာဝန်ရှိသူတွေကတော့ လူအင်အားသုံးပြီး အမြန်ဆုံး လျှပ်စစ်မီး ပြန်ရအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ထူးထူးခြားခြား ၁၉၇၇ ခုနှစ်၊ ဇူလိုင် ၁၄ ရက်နေ့မှာ နယူးယောက်မှာ နောက်ဆုံး မီးပြတ်ခဲ့တဲ့ ၄၁ နှစ်မြောက်နေ့နဲ့လည်း တိုက်ဆိုင်နေသလို ၂၀၀၃ ခုနှစ်မှာ နယူးယောက်မြို့အနှံ့ လျှပ်စစ်မီး ပြတ်တောက်ခဲ့တဲ့အပြင် ၂၀၁၂ ခုနှစ်ကလည်း စူပါမုန်တိုင်း Sandy ကြောင့် မီးပြတ်ခဲ့ဖူးပါတယ်။
Ref: CNN
You May Also Like These Stories:
စိတ်ဖိစီးမှုတွေ လျှော့ချဖို့ နယူးယောက်မြို့ လမ်းမတွေမှာ ဒေါသဖြေ လက်ဝှေ့ထိုးအိတ်များ ထားရှိ
နယူးယောက်နဲ့ လန်ဒန်ကို မိနစ် ၉၀ နဲ့ပျံသန်းမယ့် အသံထက် ၅ ဆမြန်တဲ့ ဂျက်လေယာဉ်ထုတ်လုပ်ရန်စီစဉ်
ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်ခဲ့တဲ့ နယူးယောက်မြို့