သံဖြူဇရပ်မြို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဥယျာဉ်ခြံမြေနှင့် လယ်ယာမြေများပေါ်တွင် မြို့တည် ထား သဖြင့် အိမ်၊ ခြံမြေများမှာ မြို့မြေဂရမ် မရှိခြင်းကြောင့် လာမည့်နှစ်အတွင်း မြို့မြေငှားဂရမ်များ အပြီးသတ် ထုတ်ပေးမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
ဒေါက်တာ အေးဇံက “မြို့တမြို့လုံးကို ပေးတာ ၂၀၂၀ လောက်မှာဆို အကုန်လုံး ပြီးမှာပါ။ သံဖြူဇရပ်တမြို့လုံး အပြင် အခြားမြို့တွေလည်း ဆက်ပြီး ထုတ်ပေးမှာပါ။ ရှင်းရှင်းပြောရရင်တော့ လုပ်ငန်း၊ လုပ်ထုံးလုပ်နည်းတွေက အများကြီး ရှိပါသေးတယ်” ဟု ဆိုသည်။
သံဖြူဇရပ်မြို့သည် မြို့မြေ မဖြစ်သေးသဖြင့် မြို့မြေဖြစ်ရေး စီမံချက် ရေးဆွဲ၍ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀ (က) (ခ) အရ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် အမှုတွဲများကို မြို့နယ် အုပ်ချုပ်ရေးမှူးအား ကိုယ်တိုင် လျှောက်ထားရ ယူစေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
၁၉၇၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကြာကန်၊ ကျောင်းပိုင်း၊ ကြံ့ခိုင်ရေး၊ အောင်ချမ်းသာ၊ စက်သစ်၊ အောာင်မင်္ဂလာ၊ ဟံသာ ဝတီ၊ အောင်ဇေယျ စသည့် ရပ်ကွက် ၈ ရပ်ကွက်ဖြင့် သံဖြူဇရပ်မြို့ကို စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အောင်သာယာ ရပ်ကွက်ကို တိုးချဲ့၍ ၂၀၁၅ ခုနှစ်မှာ ဖောင်စိန် ကျေးရွာကို ဖောင်စိန်ရပ်ကွက် အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့များက စိစစ်ဆောင်ရွက်မှု ပြီးစီးခဲ့သည့် အောင်ဇေယျ ရပ်ကွက် နေထိုင်သူ ၁၀၅ ဦးကို မြို့မြေငှားဂရမ် (မြေငှားစာချုပ်) အား သံဖြူဇရပ် အ ထ က ကျောင်း၌ ဇူလိုင် ၁၁ ရက် က ပေးအပ်ခဲ့သည်။
လက်ရှိတွင် သံဖြူဇရပ် မြို့ပေါ် ၁၀ ရပ်ကွက်မှာ ဧရိယာ ၂၀၇၈ ဧက ရှိကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်း ဇယားအရ အိမ်ထောင်စုပေါင်း ၅၈၀၀ ကျော် ရှိကြောင်းနှင့် မြို့မြေငှားဂရမ် ရရှိမှုမှာ နှောင့်နှေးနေမှုများ မရှိရန်လည်း ဆောင်ရွက်သင့်ကြောင်း သံဖြူဇရပ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း က ပြောသည်။
ဦးဉာဏ်ဟိန်းက “တမြို့လုံး အတွက် ပေးတာ၊ စီမံချက်နဲ့ ပေးတာ။ ၁၉၇၃ ခုနှစ် မြေပုံကို အခြေခံရတာ ဖြစ်တဲ့အတွက် နောက်ထပ် တိုးချဲ့လာတဲ့ ရပ်ကွက်အသစ်လေးတွေတော့ ကျန်ခဲ့မယ်။ ၁၉၇၃ ခုနှစ်၊ ၁၉၇၄ ခု မြေပုံထဲမှာ ပါမလာတဲ့ အတွက် သူတို့က နောက်တဆင့်မှ လုပ်မယ်” ဟု ဆိုသည်။
လက်ရှိတွင် သံဖြူဇရပ်မြို့ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများကို ရပ်ကွက် စာချုပ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြပြီး ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခြင်းကြောင့် မြို့မြေငှားဂရမ်များ မရှိသော်လည်း စိုးရိမ်မှု မရှိကြကြောင်း အောင်ဇေယျ ရပ်ကွက်နေ ထိုင်သူ ၇၈ နှစ် အရွယ် ဦးသောင်းညွှန့်က ပြောပြသည်။
အောင်ဇေယျရပ်ကွက်မှ ဒေါ်ယဉ်သန်းကလည်း “မြေဂရမ်ရတော့ အရမ်းဝမ်းသာတာပေါ့။ သားစဉ်မြေးဆက် အိမ်ခြံမြေ ကိစ္စတွေ အခက်အခဲ မဖြစ်တော့ဘူးပေါ့” ဟု ပြောဆိုသည်။
သံဖြူဇရပ်မြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူများ အနေဖြင့် ပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ကြမည့် အစား ခိုင်မာသည့် တရားဝင် အထောက်အထား (Legal Document) မြေငှားဂရမ် ရရှိခြင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမို ရရှိနိုင်မည်ဖြစ်၍ မြေဂရမ် ထုတ်ပေးရခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးဇံက ပြောကြား သွားသည်။