စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေး ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ကျန်းမာရေး ဆရာမ ဒေါ်သန်းသန်းမြင့်ကို မူးယစ်ဆေးဝါး ပစ်ဖမ်းခဲ့သည့် အမှုမှ ပြစ်မှု မထင်ရှားသဖြင့် ဂန့်ဂေါမြို့နယ် တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဆရာမ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကျော်စောမှုသတင်း မရှိခြင်း၊ မူးယစ်ဆေးဝါး သတင်း ပေးခဲ့သူများသည်လည်း ယခင်က ထိုဆရာမနှင့် တခြားအမှု ရင်ဆိုင်နေရဆဲ သူများနှင့် ပတ်သက်မှုရှိခြင်း စသည် တို့ကို ထောက်ချင့်ပြီး အမှုမှ တရားသေ လွှတ်ပေးလိုက်သည်ဟု ကျန်းမာရေးဆရာမ ဖြစ်ခဲ့သူ ဒေါ်သန်းသန်းမြင့်က ပြော သည်။
မိမိအနေဖြင့် မဟုတ်မမှန် စွပ်စွဲခံရပြီး အလုပ်မှ ရပ်စဲခြင်း ခံလိုက်ရသလို အမှုရင်ဆိုင်ခဲ့ရသည်လည်း ၉ လကျော် အချိန်ထိ ကြာမြင့်ခဲ့သည့် အတွက် ငွေကြေးနှင့် ဂုဏ်သိက္ခာများ ထိခိုက် နစ်နာခဲ့ရကြောင်း၊ မိမိအား မူးယစ်ဆေး ပစ်ဖမ်းသူများကို ပြန်လည် ဖော်ထုတ်စေချင်ကြောင်း သူက ဆက်ပြောသည်။
ဒေါ်သန်းသန်းမြင့်က“ကျမဖြစ်စေချင်တာက အဲ့ဒီ ဆေးပစ်ဖမ်းသူတွေက ဘယ်သူတွေလဲ။ ဒါကို ပြန်ဖော်ထုတ်ဖို့ လိုတယ်။ အဲ့ဒီလိုမှ မဖော်ထုတ်ဘူးဆိုရင် ပြည်သူတွေအတွက် ဘယ်လိုလုပ် လုံခြုံမလဲ။ သူတို့ကို အရေးမယူဘူးဆိုရင် သူတို့တွေက အတင့်ရဲလာဖို့ပဲ ရှိတယ်။ ကျမ အလုပ်ရပ်နားခဲ့ရသလို လူအများရဲ့ အထင်သေးလည်း ခံခဲ့ရတယ်။ အခုတောင်မှ အဖွဲ့ အသီးသီးက ကူညီလို့ အခုလို အမှုမှန်ပေါ်ပေါက်တာ။ ဒီဟာကို ဖော်ထုတ်ဖို့ကလည်း ကျမတဦးတည်းနဲ့တော့ မဖြစ်နိုင်ဘူး ဖြစ်နေတယ်”ဟုလည်း ပြောဆိုသည်။
ယခုအမှုတွင် တရားလိုပြ သက်သေဖြစ်သည့် ရဲအရာရှိများကို သတင်းပေးသူများကိုယ်တိုင်က မှုခင်း သတင်းထောက် အဖွဲ့မှ ဖြစ်နေခြင်း၊ ဒေါ်သန်းသန်းမြင့် အနေဖြင့် အမှန်တကယ် မူးယစ်ဆေးဝါး သယ်ဆောင်လာသည် ဆိုလျှင် မူးယစ် ဆေးဝါး အမှုများ၏ ထုံးစံအတိုင်း ကွင်းဆက် တရားခံများ ရှာဖွေမှု မပြုလုပ်ခဲ့ခြင်းများကို လေ့လာ တွေ့ရှိခဲ့ရသည်ဟု ဒေါ်သန်းသန်းမြင့် ၏ ဥပဒေ အကျိုးဆောင် ရှေ့နေ ဒေါ်နွယ်နွယ်အေးက ပြောသည်။
ယခုလို တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်သည့် အတွက် မူးယစ်ဆေးထောင်မှုမှုနှင့် ပတ်သက်ပြီး မှားယွင်းကာ သတင်းပေး သူများ၊ တွေ့ရှိသည် ဆိုသည့် မူးယစ်ဆေးဝါးကို ယူဆောင်လာသူများကို ပြန်လည် အရေးယူရမည်က ယခုအမှုအား တရားစွဲ တင်ပို့သည့် အမှုစစ် ရဲအရာရှိ၏ တာဝန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်နွယ်နွယ်အေးက“အမှုမှာကိုက ကွင်းဆက်ဖြတ်ထားတာ။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အနေနဲ့ ရဲတပ်ဖွဲ့ကို မှားယွင်း သတင်းပေးတယ် ဆိုလည်း အဲ့ဒီ ကလေးက မှုခင်း သတင်းထောက် အဖွဲ့ဝင် ၂ ဦးပဲ။ ဒေါ်သန်းသန်းမြင့်ကို ဆေး သယ်တာ ဆိုပြီး စစ်ဆေးတဲ့ အနေအထားကလည်း ဒီမှုခင်း သတင်းထောက်နဲ့ အမှုဖြစ်နေတဲ့ တရားရုံးကနေ ပြန်လာတဲ့ လမ်းမှာ။ ဆေးတွေ့တယ် ဆိုရင်တောင် ဘယ်သူက သယ်တာလဲဆိုတာ အမှုစစ် အရာရှိကိုက တာဝန်ရှိနေတာ။ အဲ့ဒီလို နောက်ဆက်တွဲ ဆက်အရေးယူ၊ မယူတော့ သူ့တာဝန်ပေါ့”ဟု ပြောဆိုသည်။
ဒေါ်သန်းသန်းမြင့်သည် စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေး ဌာနတွင် တာဝန် ထမ်းဆောင် နေခဲ့သူဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း နေပြည်တော်တိုင်းမ် ဂျာနယ် (မှုခင်းဂျာနယ်) အယ်ဒီတာချုပ် ဖြစ်သူ ဝရိန်မိုး ဆိုသူအား ကာမ လိမ်လည် မှုဖြင့် ၎င်းက တရားစွဲခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဝရိန်မိုးကို တရားစွဲဆိုမှု ရုံးချိန်က အပြန် အဆိုပါ မှုခင်းဂျာနယ်၏ ဒေသခံ တာဝန်ခံ ၂ ဦး ၏ သတင်းပေး တိုင်ကြားချက်အရ ဒေါ်သန်းသန်းမြင့် ဆိုင်ကယ် အရှေ့အံခွက်တွင် စိတ်ကြွဆေးပြားများ တွေ့ရှိသည်ဟု ဆိုပြီး တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။
ဒေါ်သန်းသန်းမြင့်သည် ကျန်းမာရေးဆရာမ အဖြစ် ၅ နှစ်ကျော် တာဝန်ထမ်းဆောင်အပြီး ယခုလို အမှုဖြစ်စဉ်များကြောင့် တာဝန်မှ ရပ်နားခြင်းလည်း ခံလိုက်ရသည်။