နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် Victoria (ဗစ်တိုးရီးယား) အမှု ကလေးငယ်ကို စစ်ဆေးရာတွင် Video ကွန်ဖရင့် ဖြင့် သာ စစ်ဆေး မေးမြန်းသွားမည်ဟု သံသယ တရားခံအောင်ကြီး၏ ရှေ့နေ ဖြစ်သူ ဦးခင်မောင်ဇော်က မီဒီယာများကို ပြောသည်။
ယနေ့ နံနက် ၁၀ နာရီတွင် သံသယတရားခံ ကိုအောင်ကြီးကို ဒက္ခိဏခရိုင် တရားရုံးတွင် စတင် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှု တစုံတရာ မပြုလုပ်သေးဘဲ နှစ်ဖက်ရှေ့နေများ ပါဝါယူပြီး၊ နောက်ထပ် လာမည့် ရုံးချိန်းများတွင် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က“စစ်တဲ့ အခါမှာ တရားခံကို လည်းကောင်း၊ ကလေးကိုလည်းကောင်း ယိုင်သွားအောင်၊ သူတို့ သိက္ခာကျစေမယ့် မေးခွန်းမျိုး မမေးပါဘူး” ဟု မီဒီယာ များကိုပြောသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးငယ် ဗစ်တိုးရီးယား ကိုစစ်ဆေးသည့် အခါတွင် တရားခွင်ထဲတွင် စစ်ဆေးသွားမည် မဟုတ်ဘဲ စွပ်စွဲခံရသည့် တရားခံကို Video ဖြင့် ပြသပြီး စစ်ဆေးသည့် ပုံစံမျိုး Video ကွန်ဖရင့် စနစ်မျိုးဖြင့် စစ်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးသည့် အမှုမျိုး မြန်မာနိုင်ငံတွင် ရှားပါးကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။
၎င်းက ဆက်လက်၍ “Video ကွန်ဖရင့် ဆိုတာက ကလေးသူငယ်ကို စစ်တဲ့ အခါမှာ Video နဲ့ စွပ်စွဲခံရသူကို ပြရင် လည်း Video နဲ့ ပြမယ်။ ကျနော်တို့ စစ်တဲ့ ဆေးတဲ့ အခါမှာလည်း ကျနော်တို့ကနေပြီးတော့ ကလေး သူငယ်ကို အစရှိသဖြင့် တခုခု လုပ်လို့ မရ အောင် Video နဲ့ပဲ စစ်တာကို Video ကွန်ဖရင့် လို့ ခေါ်ပါတယ်” ဟု ရှင်းပြသည်။
ယနေ့ ရုံးထုတ် စစ်ဆေးသည့် ခရိုင်တရားရုံးသို့ နေပြည်တော် ကောင်စီနယ်မြေ အတွင်းမှ ပြည်သူ ၁၀၀ ကျော် Victoria ဘက်မှ လာရောက် ဝန်းရံလျက် ရှိပြီး ဝန်းရံသူ အချို့မှ မနက် ၈ နာရီ ဝန်းကျင်ကတည်းက ရုံးရှေ့တွင် လာရောက် စောင့် ဆိုင်းကြသည်။
အဆိုပါ အမှု စစ်ဆေးသည့် ပုံစံကို သိချင်ဖြင့် လာရောက်ခဲ့သည့် ပျဉ်းမနားမြို့မှ အသက် ၅၀ ကျော် ဒေါ်စိန်မာရီက “ဒီ အသက်အရွယ် ရောက်နေပြီ။ တရားရုံးကို ဒါပထမဆုံးရောက်ဖူးတာဘဲ။ ဘယ်လိုစစ်တာလဲ သိချင်တာ။ သိချင်လွန်းလို့ကို မနက်အစောကြီး ထ အိမ်အလုပ်တွေ ပြီးအောင်လုပ်ပြီး၊ အမျိုးသားကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းတာ” ဟု ဧရာဝတီ သို့ ပြောသည်။
ယင်းအမှုမှာ တနိုင်ငံလုံးမှ ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နေသည့် အမှုဖြစ်သဖြင့် အမှုကို စစ်ဆေးရာ တွင် ခရိုင် တရားသူကြီး ဦးတင့်လွင်က ဥက္ကဋ္ဌ၊ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေးက အဖွဲ့ဝင် အဖြစ် တရားသူကြီး ၂ ဦးက ရုံးထိုင် စစ်ဆေးသွားမည် ဟု သိရသည်။
ဒက္ခိဏ ခရိုင်တရားမှ သတင်းပြန်ကြားရေး၊ ဒု ခရိုင်တရားသူကြီး ဒေါ်သီတာနွယ်က “ရာဇဝတ်ကြီး အမှုအမှတ် ၇၆ အမှုမှာ ပြည်သူတွေ စိတ်ဝင်စားပြီး၊ အရေးကြီးတဲ့ အမှုဖြစ်လို့ ပြည်ထောင်စု လွှတ်တော်ချူပ်က နေပြီးတော့ ပြည်ထောင်စု တရား စီရင်ရေး ဥပဒေ ပုဒ်မ ၂၃ (ခ) အရ၊ တရားသူကြီး ၂ ဦးပါဝင်တဲ့ ခုံအဖွဲ့နဲ့ စစ်ဆေးဖို့ အတွက်ကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်” ဟု မီဒီယာများကို ပြောသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်းသူ ကလေးငယ်မှာ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ် ၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကလေးငယ် မဖွယ်မရာ ပြုလုပ်ခံရသဖြင့် မိခင် အများစုသည် စိုးရိမ်မှုများနှင့် ထိုဖြစ်ရပ်ကို ကျေနပ်မှုမရှိကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြမှုများနှင့် နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံပြီး တရားခံ အစစ် ပေါ်ပေါက် ရန် အလိုရှိကြောင်း ရေးသား ဖော်ပြမှုများ အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးအပါအဝင် နိုင်ငံ အနှံ့အပြားတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။
ယနေ့ ရုံးထုတ်စစ်ဆေးသည့် Victoria အမှုကို သိချင်သဖြင့် ပြည်သူများ လာရောက်ကြသည့် ဖြစ်စဉ်မျိုး အဆိုပါ တရား ရုံးတွင် တကြိမ်တခါမှ မကြုံဖူးဘဲ ယခုကဲ့သို့ ပြည်သူများ ကိုယ်တိုင်လာရောက်ပြီး သိရှိလို၍ လာရောက်ခြင်းမှာ တရားရုံး အနေဖြင့် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အဆိုပါ ဂိတ်တွင် ( အဝင်/ အထွက်) စစ်ဆေးနေသူ ဝန်ထမ်းက ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့မှ သံသယ တရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး( ခ) ကိုအောင်ကြီး ကို ဇူလိုင် ၄ ရက်တွင် ဒက္ခိဏ ခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲ တင်ခဲ့ခြင်းဖြစ်သည်။
ကိုအောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြသိန်းက “အောင်ကြီးတရားခံ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာ CCTV အရလည်း အကုန် လုံး မြင်ပြီးပါပြီ။ တရားရေးမှ မဟုတ်ပါဘူး။ ပြည်သူလူထုက ဝေဖန်ပြီး သုံးသပ်လို့ ရပါတယ်။ ဒါပေမယ့် တရားရေးကပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုပါတယ်” ဟု မီဒီယာများကို ပြောသည်။
သံသယတရားခံ အဖြစ် စွပ်စွဲခံထားရသည့် ကိုအောင်ကြီးကို ယခုအမှုမှ လွတ်မြောက်အောင် ဆောင်ရွက်မည် ဖြစ် ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးနေရင်းဖြင့် တရားခံအစစ်မှာ ကိုအောင်ကြီး မဟုတ်ပါက တရားခံ အစစ်က မည်သူ ဆိုသည် ကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဆိုသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်မည် ဖြစ်ပြီး၊ တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင်နဲ့ ဒေါ်လှဝင်းသန်းတို့က လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့သည့် တရားခံ အဖြစ် ရဲတပ်ဖွဲ့မှ အမှုစွဲတင်ထားသည့် ကိုအောင်ကြီးကို အမှုကို လာမည့် ဇူလိုင်လ၂၄ ရက်တွင် ပြန်လည် ချိန်းဆိုလိုက်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရသည်။
You May Also Like These Stories:
ဗစ်တိုးရီးယားအမှု တရားမျှတရေး လယ်ဝေးမြို့တွင်လည်း ဆန္ဒပြ
ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း
သမီးလေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ဆိုတဲ့ Wisdom Hill ကျောင်းအုပ် ဦးပညာ