သတင်း

ဆဲဗင်း ဂျူလိုင် ချီတက်ခဲ့သူ ၈ ဦးကို ငြိမ်းစုစီ ပုဒ်မဖြင့် အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အရေးအခင်း အထိမ်းအမှတ်အဖြစ် ရန်ကုန် တက္ကသိုလ်သို့ ချီတက်ခဲ့ကြသော ကျောင်းသား အဖွဲ့ဝင် ၈ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ရာတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ အဖွဲ့မှ၂ ဦးကို လှိုင်မြို့နယ် ရဲစခန်းမှ လည်းကောင်း၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့မှ ၆ ဦးကို ကမာရွတ်မြို့နယ် ရဲစခန်းမှ လည်းကောင်း အသီးသီး အမှုဖွင့်ထား ခြင်း ဖြစ်သည်။

လှိုင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခံရသူ၂ ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က လှိုင်မြို့နယ် ရဲစခန်းသို့ သွားရောက် ခဲ့ကြပြီး ၎င်းတို့ကို တရားရုံးတွင် စွဲချက်တင်သည့်အခါ လာရောက် တရားရင်ဆိုင်ပါမည် ဆိုသည့် ခံဝန်ချက် လက်မှတ် ရေးထိုးခဲ့ရကြောင်း တရားစွဲခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ သုတေသနနှင့် မူဝါဒရေးရာ တာဝန်ခံ ကို မင်းဟန်ထက်က ပြောသည်။

ကိုမင်းဟန်ထက်က“ဘယ်နေ့ တရားရုံးချိန်း ဆိုတာတော့ နောက်မှ သူတို့ အကြောင်းကြားမယ် ပြောတယ်။ အဲဒီ တရားရုံး ရောက်မှပဲ အာမခံကိစ္စတွေက ဆက်လုပ်ရမှာ။ ကျနော်တို့က ဒီမိုကရေစီလို့ နာမည်တပ်ထားတဲ့ နိုင်ငံမှာ ဒီလို ပုဒ်မတွေနဲ့ တရားစွဲတာဟာ အဓိပ္ပာယ်မရှိဘူး၊ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ပိတ်ပင် ကန့်သတ်တယ်လို့ ယူဆတယ်။ အဲ့ဒီ အတွက် တရားရုံးမှာ အာမခံပေးမယ် ဆိုရင်တောင် အာမခံမယူဘဲနဲ့ အချုပ်နဲ့ တရားရင်ဆိုင်ဖို့ ကျနော် တို့ ၂ ဦးလုံး ဆုံးဖြတ်ထားတယ်”ဟု ဆိုသည်။

လှိုင်မြို့နယ် တရားရုံးတွင် တရားစွဲ ခံထားရသူများသည် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့ ဖြစ်သည်။

ထို့အတူ ကမာရွတ်မြို့နယ် ရဲစခန်းတွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူများသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ မအိသီရိကျော် နှင့် အပြာ ရဲ့ အနီ သံချပ်အဖွဲ့မှ ကဗျာဆရာ ကိုခန့်မင်းထက်တို့ ဖြစ်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ရဲစခန်းမှူးထံသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာတွင် မအားလပ်သည့် အတွက် မဖြေကြားနိုင်သေးဟု ပြော သည်။

ယနေ့ ကမာရွတ်မြို့နယ်ရဲစခန်းမှ ဆင့်ခေါ်သည့်အတွက် သွားရောက်ခဲ့ရာတွင် မိမိတို့၏ ကိုယ်ရေး ရာဇဝင်နှင့် တကွ အဆိုပါနေ့က ချီတက် လမ်းလျှောက်ရာတွင် ပြုလုပ်ခဲ့သည် ဆိုသည့် သတင်းပေးပို့ တိုင်ကြားချက်များကို မှန်၊ မမှန် အတည်ပြု လက်မှတ်ရေးထိုးခိုင်းပြီး ခံဝန်လက်မှတ် ရေးထိုးစေခိုင်းခြင်း မရှိခဲ့ဟု တရားစွဲဆိုခြင်း ခံထားရသည့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ကိုမင်းသွေးသစ်က ပြောပြသည်။

ကိုမင်းသွေးသစ်က“တရားရုံးမှာ အာမခံပေးခြင်း၊ မပေးခြင်း၊ ကျနော်တို့က ယူခြင်း၊ မယူခြင်းက ကိုယ့်သဘောထားပဲ တဲ့။ အခုက တိုင်ကြားချက် မှန်ကန်မှု ရှိ၊ မရှိကိုဘဲ ကျနော်တို့ကို လက်မှတ် ရေးထိုးခိုင်းတာ။ သူတို့ တိုင်ကြားချက်မှာ ကျနော်တို့ ပြုလုပ်ချက်တွေနဲ့ မလွဲတဲ့အတွက် ကျနော်တို့ လက်မှတ်ရေးထိုး ပေးလိုက်တယ်။ လာမယ့် ဇူလိုင် ၂၃ ရက်ကို ရုံးချိန်းလို့ ကျနော်တို့ကို ပြောလိုက်တယ်။ အဲဒီမတိုင်ခင်မှာ ကျနော်တို့အားလုံး ပြန်ဆွေးနွေးပြီး တရားရုံးက အာမခံ ပေးရင်တောင် ယူမလား၊ မယူဘူးလားဆိုတာ ပြောလို့ရမယ်”ဟု ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ(ငြိမ်းစုစီ) ပုဒ်မ ၁၉ သည် သက်ဆိုင်ရာသို့ အသိပေး တင် ပြခြင်းမရှိဘဲ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။

ထိုပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ဖြစ်ပေါ်ခဲ့လျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ကျောင်းသား အဖွဲ့ဝင်များသည် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ဆင်ရေတွင်းမှ ရန်ကုန် တက္ကသိုလ် ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် ကျောက်တိုင် အထိ ချီတက်၍ လွမ်းသူ့ ပန်းခွေချခြင်း ပြုလုပ်ခဲ့ကြသည်။

ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ် နေ့သည် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရ က ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ဆန့်ကျင် ကန့်ကွက်သည့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ပစ်ခတ် နှိမ်နင်းမှုပြုလုပ်သောကြောင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့်နေ့ ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို မိုင်းခွဲ၍ ဖြိုဖျက်ခဲ့သည့် အထိမ်း အမှတ် လည်း ပါဝင်သည်။

You May Also Like These Stories:

သမဂ္ဂ ပြန်လည်တည်ဆောက်ရေး တပ်မတော်ကို ဖိတ်ကြားခြင်း

ရန်ကုန် တက္ကသိုလ်နဲ့ တက္ကသိုလ်များ အားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတော့မယ်

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးရန် မင်းကိုနိုင်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading