မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ့ အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် ဇူလိုင် ၁၃ ရက်၊ ၁၄ ရက်နေ့တို့တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
ထို့အတူ Burma Relieaf Center (BRC)၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF)၊ နယ်စပ်ဒေသ အကူအညီပေးရေး ညွှန့်ပေါင်း အဖွဲ့ (TBC)၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)၊ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) နှင့် The School for Shan State Nationalities Youth (SSSNY) တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ယန်ဟီးလီနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့သည့် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ က“အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေ အနေ တွေကိုမေးတယ်။ ဘယ်လိုတစ်ဆို့နေလဲ။ စသဖြင့်ပေါ့ဗျာ။ နောက် အခု ရခိုင်ပြည်နယ်မှာ AA ကို ထိုးစစ် ဆင်နေ တဲ့ ကိစ္စတွေ၊ ကျနော်တို့ အမြင်တွေ မေးတယ်ဗျ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆို ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနုတ်လက္ခဏာ ပြနေပြီး အပစ်မရပ်သေးသည့် အဖွဲ့များနှင့် ဆွေးနွေး နေမှုသည်လည်း မြင်သာသည့် တိုးတက်မှု မတွေ့ ရသေးပေ။
ထို့အတူ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်ကြား တိုက်ပွဲများမှာ လတ်တလော ငြိမ်သက် နေသော်လည်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြား လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ပြီး ဒေသခံများလည်း ယနေ့ အချိန်အထိ စိုးရိမ် စိတ်ဖြင့် နေကြရသည်။
ဧရာဝတီက ယန်ဟီးလီနှင့် တွေ့ဆုံခဲ့သော NGO အဖွဲ့များမှ ကိုယ်စားလှယ် တချို့ကို ဆက်သွယ် မေးမြန်းခဲ့သော် လည်း ယင်းတွေ့ဆုံမှုသည် လျှို့ဝှက်တွေ့ဆုံမှုဖြစ်၍ သတင်းမီဒီယာသို့ မပြောလိုကြောင်း ငြင်းဆိုကြသည်။
ယန်ဟီးလီ၏ ချင်းမိုင်ခရီးစဉ်၌ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုကို ကြိုဆိုသော်လည်း ရရှိသွားသည့် အချက် အလက် များသည် ဘက်မျှမှု ရှိမရှိဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များထဲမှ ထိပ်သီးအဖွဲ့ ကိုယ်စားလှယ် တဦးက ပြောသည်။
၎င်းက“သူ့ခရီးစဉ်ကတော့ မေးခွန်းထုတ်စရာရှိတာပေါ့။ ငြိမ်းချမ်းရေး ကိစ္စမှာ ဘာကြောင့် အပစ်မရပ်သေးတဲ့ အဖွဲ့ တွေကို ရွေးတွေ့သလဲ။ ရပ်ထားတဲ့ အဖွဲ့အားလုံးကိုလည်းတွေ့မှ ၂ ဘက်ပြည့်စုံမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်း ရာတွင်လည်း ဘင်္ဂါလီများဘက်မှ တဖက်သတ် အသံကို အမှူးပြု၍ ဘက်လိုက် တင်သွင်းသည်ဟု ဆိုကာ ဝေဖန်ခံခဲ့ရ သည်။
ယန်ဟီးလီ ကိုယ်တိုင်ကလည်း ၂၀၁၈ ခုနှစ် ဧပြီလထဲတွင် ဘင်္ဂါလီများ အစုအဝေးလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် ကျခံနေရသော စစ်သား ၇ ဦးအား သမ္မတ၏ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေး လိုက်သည်ဟူသော သတင်းမှားကို သူ၏ Twitter မှတဆင့် ဖြန့်ချိခဲ့သဖြင့် နောက်ပိုင်း ပြန်တောင်းပန်ခဲ့ရသည်။
ယန်ဟီးလီ၏ ချင်းမိုင်ခရီးစဉ်တွင် မြန်မာလူမှု အဖွဲ့အစည်းများက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများ အပြင် ဒုက္ခသည် အရေး၊ ပညာရေး၊ အမျိုးသမီးများ အခွင့်အရေး၊ စစ်ရေး ပဋိပက္ခအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့်အရေး အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရသည်။
နိုင်ဟံသာ က“ကောင်းပါတယ်။ ဒါကတော့ သူကတွေ့ချင်တယ်။ နိုင်ငံတကာကလည်း တို့ရဲ့ ပြည်တွင်း အခြေအနေ၊ တကယ့်ငြိမ်းချမ်းရေး ကိစ္စမှာ လှုပ်ရှားနေတဲ့ လူတွေရဲ့ အမြင် သဘောထား တွေလေ၊ သူတို့ကသိချင်တော့ တို့က လည်း တို့အမြင်တွေကို ပြောပြခွင့် ရတော့လည်း ကောင်းတာပေါ့”ဟု ပြောသည်။
ယန်ဟီးလီကို ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီ အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းရာ တွင် မျှတမှုမရှိဘဲ ဘက်လိုက်သည်ဟု ဆိုကာ မြန်မာ အစိုးရနှင့် တပ်မတော်တို့က ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။
သူသည် လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင် ခံနိုင်ရန် အတွက် မြန်မာနိုင်ငံသို့ တနှစ် လျှင် ၂ ကြိမ် လာရောက်ရန် လိုအပ်သည်။
စတင် တာဝန်ယူသည့် ၂၀၁၄ ခုနှစ် ဇွန်လမှ စ၍ မြန်မာနိုင်ငံသို့ ယန်ဟီးလီ ၆ ကြိမ်လာရောက်ခဲ့ပြီး ဖြစ်သည်။