စင်ကာပူမှ ပြည်နှင်ဒဏ်ပေး သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ရခိုင်အသင်း(စင်ကာပူ) ခေါင်းဆောင် များကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးနောက် ၅ ရက်ကြာသည့် အထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင် များ အနေဖြင့် မသိရှိဘဲ အဆက်အသွယ်ပြတ်နေကြောင်း သတင်းရရှိသည်။
ပြည်နှင်ဒဏ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ကာ ဖမ်းဆီးခံ ထားရသည့်သူများမှာ ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ညီ)၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရဲကျော်ထက်တို့ နှင့် ယာဉ်မောင်း ဦးမြတ်လင်းဦး တို့ဖြစ်သည်။
ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး တို့ကို ဇူလိုင်လ ၁၁ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး၊ ကိုရဲကျော်ထက်မှာမူ စမ်းချောင်းမြို့ နေအိမ်သို့ လာရောက် ဖမ်းဆီးခံရခြင်း သည်။
ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့မှာ ဇူလိုင်လ ၁၀ရက်နေ့က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဇူလိုင်လ ၁၁ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ သူတို့နှင့် အတူ ယာဉ်မောင်း ဦးမြတ်လင်းဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့က ၎င်းတို့ ၃ဦးအား ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သက်သူများ၊ ငွေစက္ကူအတု လုပ်သူများ ဖြစ်သည်ဟု ဇူလိုင်လ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကိုတင်လှိုင်ဦး၏ ဖခင် ဦးထွန်းတင်လှိုင်က “ကျနော်နဲ့ ဘာအဆက်အသွယ်မှ မရဘူး ဖြစ်နေပါတယ်။ ဘယ်မှာရှိမှန်း မသိဘူး ဖြစ်နေပါတယ်၊ ကျနော် သိရသလောက်တော့ ကျနော့် သားကတော့ ငွေတုလုပ်တာမှာ လုံးဝ မပါနိုင်ပါဘူး ခင်ဗျာ။ ပုံတွေတက် နေတာကလည်း လွန်ခဲ့တဲ့ ၅ နှစ်က တရုတ်မှာ ဖြစ်တဲ့ ကိစ္စကို ဖိုတိုရှော့လုပ်ပြီး တင်ထားတာ တွေပါ” ဟု ပြောသည်။
ဦးထွန်းတင်လှိုင်က ၎င်း၏သား ကိုတင်လှိုင်ဦးနှင့် အဖမ်းမခံရခင် အချိန်ထိ အဆက်အသွယ် ရှိခဲ့ပြီး အဖမ်းခံရပြီး နောက် အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ ရဲတပ်ဖွဲ့များထံ လိုက်လံစုံစမ်းသော်လည်း တစုံတရာ သိရခြင်း မရှိကြောင်း ဆိုသည်။
ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်သည် စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုပြီး နေထိုင်နေသည်မှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ဇူလိုင် ၆ ရက်တွင် စင်ကာပူရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်သည်။
စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်တို့ အပါအဝင် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင် ၆ ဦးကို မြန်မာအစိုးရမှ သတ်မှတ်ထားသည့် အကြမ်းဖက်အဖွ့ဲ ရက္ခိုင်စစ်တပ်(AA) အား ငွေကြေး ကောက်ခံပေးခြင်း၊ ထောက်ခံအားပေးခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲကာ စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ် ပေး လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို “မျှော်လင့်ချက် မိုင်တိုင် အမှတ် ၁၀”အမည်ဖြင့်
စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခြင်း၊ ပွဲတွင် AA စစ်သားများက မြန်မာ့တပ်မတော်ကို တိုက်ခိုက် အနိုင်ယူလိုက်သည့် ပြဇာတ်များ ကပြခြင်းတို့ကို ဧပြီ ၇ ရက်က လုပ်ဆောင်ခြင်း၊ ပွဲတွင် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဗီဒီယိုကော ခေါ်ကာ မိန့်ခွန်း နားထောင်ခြင်းများ ပြုလုပ်သည်ကိုလည်း လက်မခံကြောင်း စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
မအေးမြတ်မွန်၏ ညီမ တော်စပ်သူ မနှင်းနှင်းရွှေက “ဇူလိုင် ၁၁ ရက်၊ မနက် ၁၁ နာရီလောက် ခရီးထွက်မယ် ဆိုပြီး အိမ်က ထွက်သွားတာ ညနေ ၆နာရီ ၅၈မိနစ် မှာ စာပို့တယ်။ သူတို့ကို ရဲဖမ်းလိုက်ပြီဆိုပြီး၊ ညီမတို့ အမြန်လမ်းမကို သွား စုံစမ်းတော့ ပလွေး ရဲစခန်းမှာ ရှိတယ်တဲ့။ ပလွေး ရဲစခန်းကို ဖုန်းဆက်တော့ ရန်ကုန် SBကို လွှဲလိုက်ပြီ ပြောတယ်။ SBကို မေးတော့ သူတို့ လက်မခံထားဘူးပြောတယ်။ အခုပျောက်နေပါတယ်”ဟု ပြောသည်။
မိသားစုဝင်များ သိထားသည်မှာ စင်ကာပူနိုင်ငံတွင် မအေးမြတ်မွန် ဖမ်းဆီးစစ်ဆေး ခံရစဉ်က ပြစ်ချက်တစုံတရာ မရှိသဖြင့် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု သိထားကြောင်း၊ AAကို အလှူငွေ ထည့်သည် ဆိုသည့် စွပ်စွဲချက်သာ ရှိကြောင်း မနှင်းနှင်းရွှေက ဆိုသည်။
ဆက်လက်၍ မနှင်းနှင်းရွှေက “အိမ်ကိုလည်း ဘယ်သူမှ လာမရှာဘူး။ သူ့ကို ညီမတို့ အခု လိုက်ရှာနေတာလည်းဘယ်သူမှ လက်မခံထားဘူး ပြောနေတယ်။ ငွေတုလုပ်တယ ်ဆိုတာလည်း လိမ်တာပဲ။ စင်ကာပူမှာ ဒီလိုမျိုး လည်း လုပ်လို့ မရဘူး တကယ်လို့ ငွေတုလုပ်တယ် ဆိုရင် ညီမရဲ့ အမက ပြန်လာလို့ ရမှာတောင် မဟုတ်ဘူး။ စင်ကာပူမှာ တင် ထောင်ကျနေပါပြီ။ စင်ကာပူက ဒါမျိုး ခွင့်မပြုဘူးလေ”ဟု ပြောသည်။
ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်တို့နှင့် အတူ အမြန်လမ်းတွင် ဖမ်းဆီးခံရသည့် ကားဆရာ ဦးမြတ်လင်းဦးမှာ ရန်ကုန်မှ မန္တလေးသို့လိုက်ပို့ရန် ကားငှားသဖြင့် လိုက်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဦးမြတ်လင်းဦး၏ ညီတော်စပ်သူ ဦးကိုကိုဦးက “ကျနော်တို့က မဆိုင်ဘူး။ တက္ကစီသမားလေ။ ရရင်တော့ လိုက်တာပဲ။ဟိုက်ဝေးလိုက်ရင် ပိုက်ဆံ အများကြီးရမယ် ဆိုတော့ လိုက်တာပေါ့။ အခု ဘာသတင်းမှ မရတော့ စိုးရိမ်နေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိဘူး ဖြစ်နေပါတယ်”ဟု ပြောသည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ တရားစွဲဆို မည်ဟူသည့် ကောလဟာလများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များ စင်ကာပူနိုင်ငံတွင် ဖမ်းဆီးစစ်ဆေးခံရခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ရာတွင် ဖမ်းဆီးခံရခြင်းတို့မှာ တပ်မတော်နှင့် သက်ဆိုင်ခြင်း မရှိသလို တပ်မတော်ဘက်မှ ၎င်းတို့ကို တရားစွဲဆိုရန် ဆောင်ရွက်နေခြင်းများလည်း မရှိပါဟု ငြင်းဆို သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်ထင်တာတော့ ဒီမှာရောက်လို့ ဖမ်းဆီးတယ်ဆိုရင် ဖမ်းဆီးတဲ့ လူတွေကပဲ စင်္ကာပူမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ အစိုးရချင်းချိတ်ပြီး တရားစွဲဆိုဖို့ပဲ ရှိမှာပါ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းတယ် ဆိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပေါ့။ ကျနော် သတင်းထဲ မြင်တဲ့ဟာပဲပြောတာနော်”ဟု ဆိုသည်။
မှုခင်းရဲတပ်ဖွဲ့ (CID) ကို မေးမြန်းရာ ၎င်းတို့ဆီ အမှုတွဲ ရောက်မလာကြောင်း၊ စင်ကာပူပြန် ရခိုင်အသင်း ခေါင်းဆောင်များ ဖမ်းဆီးခံရခြင်းကို စစ်ဆေးခြင်း မရှိကြောင်း ပြောဆိုသည်။
ဧရာဝတီသတင်းဌာနမှနေ၍ ရန်ကုန်တိုင်းရဲတပ်ဖွ့ဲ၊ ဒုရဲမှူးကြီး လှရီကို ဆက်သွယ်မေးမြန်းရာ ၎င်းက“ အဲ့ဒါ ကျနော်တို့နဲ့ အလှမ်းကွာဝေးသွားပါပြီ။ ဒီCase ကို ကိုင်တာ မဟုတ်ဘူးဗျ။ ဒီ Caseက ကျနော်တို့ မကိုင်ထား ပါဘူး။ ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာလည်း ကျနော်တို့မသိဘူးဗျ” ဟု ပြောသည်။
ဒုရဲမှူးကြီးလှရီက မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ကို မေးမြန်းရန်လည်း လမ်းညွှန်ပြောဆိုသည်၊ သို့သော် သတင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကို ဧရာဝတီမှ မေးမြန်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိပေ။
သို့သော် ရခိုင်အသင်း(စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၂ ရက်တွင် မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးသူစိုးက အဆိုပါ သတင်းအကြောင်းကို လတ်တလော ဖြေကြားရန် မရှိသေး ပါဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက လူတဦးတယောက်ကို အပြစ်ရှိမရှိ စစ် ဆေးရန် ဖမ်းဆီးပါက ဥပဒေကြောင်းအရ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိဘဲ ၂၄နာရီထက် ကျော်လွန်၍ ချုပ်နှောင်မည် ဆိုပါက တရားရုံးမှ ချုပ်ရမန် ယူရမည် ဖြစ်သည်ဟု ပြောသည်။
“ရမန်ယူရမှာပါ။ ဥပဒေမှာ ရှိတာက မည်သူမဆို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာ မပြုရပါဘူး။ အကယ်၍ စစ်ကြော မေးမြန်းဖို့ လိုအပ်တယ် ဆိုရင် ရမန်ကြီး ၂ပတ်ယူပြီး ဆက်လက်စစ်၊ မလောက်ရင် ရမန် ထပ်ယူရမှာ ပါ၊ ဥပဒေဘောင် ကျော်လွန်ပြီး စစ်ထားရင်တော့ တမျိုးပေါ့”ဟု ၎င်းကပြောသည် ။
မိသားစုဝင်များအနေဖြင့် လုပ်ဆောင်နိုင်သည်မှာ ပြည်ထဲရေးဝန်ကြီးဌာနထံ တွေ့ခွင့်တောင်းရမည် ဖြစ်သည်ဟု ဦးအေးမင်းက ဆက်လက်ရှင်းပြသည်။
ဦးအေးမင်းက “လေကြောင်းက ဝင်လာတယ်။ ဖမ်းခံရတယ်။ အမြန်လမ်းမှာ ဖမ်းခံရတာလည်း အကုန် ပြည်ထဲ ရေး ဝန်ကြီးလက်အောက်မှာပဲရှိတာ အားလုံးက၊ အဲ့ဒီဘက်ကိုသာ နည်းနည်း အာရုံစူးစိုက်ပြီး လိုက်လိုက် ရင် မိသားစုက သိလာမှာပါ” ဟု ဆိုသည်။
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က တရားဥပဒေကြောင်းအရ ရမန်ယူပြီးမှ ၂၄ နာရီထက် ကျော်လွန် ဖမ်းဆီး ကာ စစ်ဆေးခွင့် ရှိသည်ဟု ပြဌာန်းထားသော်လည်း နိုင်ငံရေးဆိုင်ရာ ပုဒ်မများတွင် ရမန် မယူဘဲ ချုပ်နှောင် စစ် ဆေးသည့် အမှုများ များစွာရှိသကဲ့သို့၊ တရားရုံးတွင် ရမန်ယူလိုက်သည်များကိုလည်း မိသားစုဝင် များမှ မသိ လိုက်သည့် အမှုများလည်း ရှိပါသည်ဟု ပြောသည်။
ဦးကြီးမြင့်က “၂၄ နာရီထက် ကျော်ချုပ်မယ်ဆိုရင် တရားရုံးတရုံးမှာ ရမန်ယူရတယ်။ ဒါပေမယ့် ဘယ်တရား ရုံး သွားယူမယ်မှန်း မသိတော့ မိသားစုက မသိတော့ဘူးပေါ့။ တရားရုံးတရုံးမှာတော့ သူတို့ ကျနော်တို့ ၁၉၈၂ ခုနှစ်က ဝရဇိန် စီမံချက်နဲ့ ဖမ်းတော့ အဲ့ဒီလိုပဲ လှည့်ပတ်ပြီးတော့ ရမန်တွေ ယူနေတာပဲ။ ဘယ်သိမလဲ အိမ်က” ဟု ပြောသည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို ဖမ်းဆီးသည့် အမှုမှာ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ (Special Branch -SB) ၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တို့နှင့် သက်ဆိုင်မည် ဖြစ်သည်ဟု ဦးကြီးမြင့်က ပြောသည်။
တရားရုံးတင်ပါက သတင်းရဲတပ်ဖွဲ့က တင်မည်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့ကို အားပေးသည့် ပုဒ်မဖြင့် တရားစွဲဆို မည် ဟုလည်း သတင်းများ ကြားနေရသည်ဟု ဦးကြီးမြင့်က ဆိုသည်။
ဆက်လက်၍ ဦးကြီးမြင့်က “မိသားစုကတော့ တရားရုံးထုတ်ရင် တွေ့လို့ရပြီ။ ရမန်ကြီး ၂ပတ် ခေါ်တာပေါ့။ ရမန်ကြီး ၂ပတ်ဆိုတာ ၂၈ ရက်ကြာပါတယ်။ မိသားစုကို အဲ့ဒီကျ သက်ဆိုင်ရာက အသိပေးလိမ့်မယ်။ သက်ဆိုင်ရာက အသိမပေးလည်း အနီးကပ်ဆုံး တရားရုံးမှာ ထုတ်ရင် အားလုံးသိပြီလေ။ အဲ့ဒီကျရင်တော့ ဥပဒေပါ အခွင့်အရေးတွေ အကုန်ရမှာပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၇ လ ကျော်ပြီဖြစ်သည်။
အစိုးရ၊ တပ်မတော်က AA နှင့် အပစ်ရပ်စာချုပ်တခု ချုပ်ဆိုရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ တဆင့် ညှိနှိုင်း နေသော်လည်း တဖက်တွင် AAကို အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ကာ ရခိုင်ပြည်နယ်တွင်း ချေမှုန်းမည်ဟုလည်း ပြောဆိုထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဦးခိုင်သုခ၊ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်တို့ကို အကြမ်းဖက်ဥပဒေဖြင့် မြောက်ဦးမြို့နယ် စခန်းမှူးက တရားစွဲဆိုထားပြီး ရခိုင်ပြည်နယ်၊စစ်တွေခရိုင်တရားရုံးက ဝရမ်းပြေးအဖြစ် သတ်မှတ်ထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ