မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် နှစ်စဉ် ကျင်းပသည့် ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲတော်နှင့် မင်းနှစ်ပါး နတ်ပွဲတော် လေလံများ နောက်ကျရခြင်းမှာ လတ်တလော ဖြစ်ပေါ်နေသည့် H1N1 ရာသီ တုပ်ကွေးရောဂါကြောင့် ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီက သိရသည်။
ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်က “လေလံ နောက်ကျရတာကတော့ H1N1ဆိုတဲ့ အမျိုးသား ကျန်း မာရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်က နည်းနည်လေး ဆိုင်းငံထားတဲ့သဘောမျိုးကြောင့် နောက်ကျနေရတာပါ။ လေလံပေးပြီးမှ ဟိုတနှစ်ကလို ပွဲရပ်နားခိုင်းရတာမျိုး ဖြစ်မှာစိုးလို့ စောင့်ဆိုင်းခဲ့တာပါ။ ဒီနှစ်ကတော့ ပွဲကဖြစ်မှာ သေချာ ပါတယ်” ဟု ပြောသည်။
ထို့အတွက် တောင်ပြုံးပွဲတော် နေရာ လေလံများနှင့် ဆိုင်ခန်းများ ရောင်းချခြင်းကို ဇူလိုင်လ ၁၈ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တောင်ပြုံးပွဲတော်တွင် ဈေးဆိုင်ခန်း ၉၀၀ ကျော်နှင့် ဇာတ်ရုံ ၂ရုံ၊ လျှပ်စစ် သွယ်တန်းခြင်း၊ ရုပ်ရှင်ရုံ၊ မျက်လှည့်ရုံ၊ ကစား ကွင်း၊ ရေသန့်နှင့် သန့်စင်ခန်းများ ပါဝင်မည် ဖြစ်သည်။
လေလံကြမ်းခင်းဈေးမှာ ဇာတ်ရုံတရုံလျှင် ကျပ်သိန်း ၆၀၊ လျှပ်စစ်သွယ်တန်းခြင်း အတွက် ကျပ်သိန်း ၈၀၊ ရုပ်ရှင်ရုံနှင့် မျက်လှည့်ရုံများ အတွက် ကျပ်သိန်း ၅၀၊ ကလေးကစားကွင်း (ညောင်ပင်ဝိုင်း) အတွက် ကျပ်သိန်း ၇၀၊ ရေသန့်နှင့် သန့်စင်ခန်း များ အတွက် ကျပ်သိန်း ၆၀၊ ဈေးဆိုင်ခန်းများ အတွက် ၁ သိန်း ၂ သောင်းမှ ကျပ်၂ သိန်း အထိ သတ်မှတ် ထားကြောင်း သိရသည်။
နယ်လှည့်၍ အထည်ရောင်းချသူ ဦးတင်ထွန်းက “ဒီနှစ် လေလံက နောက်ကျတယ်။ အပြင်မှာလည်း H1N1ကြောင့် တနှစ် ကလိုပဲ ပွဲမဖြစ်ဘူး ဆိုပြီးတော့ ကြားနေရတယ်။ ဒီနှစ်တော့ ဘယ်လိုလာမယ် မသိသေးဘူး၊ ဈေးဆိုင်ခန်းကတော့ ဝယ်ရ မှာပေါ့။ အရင်နှစ်တွေကဆိုရင် ဒီအချိန် ဈေးဆိုင်ခန်း တွေအတွက် ကြိုတင်ပြင်ဆင်နေကြပြီ။ အချို့ဆိုရင် ဈေးတောင် ရောင်းနေကြပြီ။ ဒီနှစ်က အခုအချိန်ထိ လေလံမစသေးတော့ အားချင်း ဆိုင်ဆောက်၊ ဈေးရောင်း လုပ်ကြရမှာပေါ့” ဟု ပြောသည်။
တောင်ပြုံးပွဲတော်သို့ နှစ်စဉ် နိုင်ငံတစ်ဝန်းမှ လူပေါင်း သောင်းချီ လာရောက်လေ့ ရှိပြီး ဝါခေါင်လဆန်း ၈ ရက်မှ လပြည့်နေ့ အထိ ကျင်းပရာ ယခုနှစ်အတွက် သြဂုတ် ၈ ရက်မှ ၁၅ ရက်(ဝါခေါင်လဆန်း ၈ ရက်မှ လပြည့်နေ့) အထိ ပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အချို့နေရာများတွင် H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင် ၁၄ ရက်အထိ သေဆုံးမှု အနေဖြင့် တနိုင်ငံလုံး၌ ၄၈ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
၂၀၁၇ ခုနှစ်၌ တောင်ပြုံးပွဲတော် ကျင်းပရန် ရက်ပိုင်း အလိုတွင် ရာသီတုပ်ကွေး H1N1 ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားခဲ့မှု ကြောင့် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဆိုင်ရာ စီမံခန့်ခွဲနိုင်ရေး အထူး အစည်းအဝေး ဆုံးဖြတ်ချက်များ အရ မန္တလေးတိုင်း အစိုးရက ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း ပိတ်သိမ်းခဲ့ခြင်းကြောင့် ပွဲတော်တွင် ဈေးရောင်းချရန် ပြင် ဆင်နေသည့် ဈေးသည်များနှင့် ပွဲတော်လာသူများ အခက်အခဲများ ကြုံရပြီး ဈေးသည်များလည်း ဆုံးရှုံးများရှိခဲ့သည်။
အဆိုပါကဲ့သို့ H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုရှိသော်လည်း ယခုနှစ်တောင်ပြုံးပွဲတော်ကာလအတွင်း H1N1 ဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စီစဉ်မှုဖြင့် ကာကွယ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သန်းသန်းမြင့်က “လက်ရှိ အခြေအနေက H1N1 ဖြစ်နေပေမယ့်လည်း ပွဲတော်ကို လုပ်မြဲအတိုင်း လုပ်မယ်၊ အနယ်နယ်အရပ်ရပ်က လာကြ တာဆိုတော့ ကူးစက် ရောဂါ ပါမလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ နောက်ပြီး ပွဲကျင်းပရေး အတွက် H1N1 မကူးစက်စေရေး အတွက် ကျန်းမာရေး လုပ်ငန်းပိုင်း ဆိုင်ရာတွေကိုလည်း ကြိုတင် လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်၊ တာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်ပြီးပါပြီ” ဟု ပြောသည်။
ပွဲတော်ကာလအတွင်း H1N1 ဖြစ်ပွားမှု မရှိစေရေး အတွက် ပွဲတော် မကျင်းပမီ အချိန်မှ စတင်၍ တောင်ပြုံးရွာတွင်း၌ ကာ ကွယ် ဆေးဖျန်းခြင်းများ အပြင် အမှိုက်သိမ်းဆည်းမှုနှင့် ကျေးရွာသန့်ရှင်းရေးများကို ယခင်နှစ်များထက် ပို၍ ဂရုတစိုက် ဖြင့် တင်းကြပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ဘက်ကတော့ နှစ်စဉ် ဆောင်ရွက်နေတဲ့ အတိုင်းပါပဲ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေး အပိုင်းကို အထူး အလေးပေး ဆောင်ရွက်သွားပါမယ်။ တိုင်းကျန်းမာရေးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ် ဆရာဝန်ကြီးတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ပေးသွားမှာပါ၊ ကျန်းမာရေးပိုင်းကို ဦးစားပေး ဆောင်ရွက်နေရတာကြောင့် လေလံပေးတာတောင် နောက်ကျ နေရတာပါ” ဟု ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။
မန္တလေးမြို့ခံ ၁၂ ပွဲဈေးသည်တဦး ဖြစ်သည့် ဦးခင်မောင်ကျော်က “ပွဲတော်ကတော့ ရိုးရာပွဲတော် ဆိုတော့ လုပ်ရမှာပါပဲ။ ဒါပေမယ့် ကျန်းမာရေး အပိုင်းက ပိုအရေးကြီး ပါတယ်။ ဒီတော့ ပွဲတော်လုပ်မယ်ဆိုရင် ကျန်းမာရေးက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်စရာ ရှိတာတွေကို ကြိုတင်လုပ်ဆောင် ပေးသင့်တယ်။ အဓိကကတော့ ပွဲတော်အတွင်းမှာ ကူး စက်ရောဂါတွေ လုံးဝဖြစ်ပွားမှု မရှိအောင် အရင်နှစ်တွေထက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီး လုပ်သွားဖို့ လိုပါ တယ်” ဟု ပြောသည်။
အဆိုပါကဲ့သို့ တွေ့ရှိမှုများ အနေဖြင့် မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး နှင့် ကုတင်(၅၅၀) ကလေးဆေးရုံကြီးများ တွင် တက်ရောက် ကုသနေသည့် လူနာများ အတွင်းမှ H1N1 ရာသီတုပ်ကွေး ရောဂါ သံသယရှိသူလူနာ ၆ ဦး ရှိသည့် အနက် လူနာ၂ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
တောင်ပြုံးပွဲတော် ဈေးဆိုင်ခန်းချထားပေးမှု အနေဖြင့် ယခင်နှစ်များက ဈေးကြီးအပိုင်း၌ ဆိုင်ခန်း ၄၀၀ ကျော်၊ ဈေးလေး ဘက်အပိုင်း၌ ဆိုင်ခန်း၂၅၀ ကျော် စုစုပေါင်း ဆိုင်ခန်း ၆၅၀ကျော် ချပေးထားကြောင်း သိရသည်။
တောင်ပြုန်းပွဲတော်တွင် နှစ်စဉ် ပွဲတော်ကြီး၏ ပြယုဂ်တခုအဖြစ် ပါဝင်နေသည့် ဂျပ်စက္ကူဖြင့် ပြုလုပ်သော ကလေးဆောင်း ဗန္ဓုလဦးထုပ်နှင့် ကလေးကစားစရာ ရိုးရာလက်မှုပစ္စည်း ပြုလုပ်ရောင်းချသည့် ဆိုင်ခန်းများ၊ ခေတ်ပေါ်ကလေးကစားစရာ အရောင်းဆိုင်များ၊ တောင်ပြုံး ဆွဲကြိုးနှင့်အခြား အမှတ်တရ ပစ္စည်းများ၊ အညာဒေသ၏ အစားအစာများ ဖြစ်သည့် ထိုးမုန့်၊ စလူမုန့်၊ သကြားအနုဆုပ်၊ မလိုင်ကရေကရာ၊ အညာသား ကျောကုန်း အစရှိသည့် မုန့်အရောင်းဆိုင်များ၊ အထည်ဆိုင်များ လာရောက် ရောင်းချကြောင်း သိရသည်။
တောင်ပြုံးပွဲတော်သည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အစည်ကားဆုံး ပွဲတော် တခုဖြစ်ပြီး စတင်ကျင်းပစဉ်က တောင်ပြုံး ကျေးရွာအတွင်းရှိ ဆုတောင်းပြည့်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် တခုဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဘုရားပွဲတော် ထက် တောင်ပြုံးမင်း နှစ်ပါးပွဲတော် (ရိုးရာနတ်ပွဲ) အဖြစ် လူသိများသည့် ပွဲဖြစ်သည်။
ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ညီလာခံသဘင်ကျင်းပခြင်း၊ လဆန်း ၁၁ ရက်နေ့တွင် မင်းနှစ်ပါး ချိုးရေတော်သုံးပွဲကျင်းပခြင်း၊ လဆန်း ၁၄ ရက်တွင် ယုန်ထိုး ပွဲတော်ကျင်းပခြင်း၊ ဝါခေါင် လပြည့်နေ့တွင် ထိန်ပင် ခုတ်ပွဲတော် ကျင်းပခြင်းများကို ပြုလုပ်ပြီး နှစ်စဉ် ဝါခါင်လဆန်း (၈) ရက်မှ (၁၅) ရက်အထိ ကျင်းပကြောင်း သိရသည်။