မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း သကွာပါ စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“၁နှစ်နဲ့ ၁ နှစ်ခွဲ အရွယ် ကလေး၂ ဦးအပါအဝင် တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးဟာ မလေးရှား ကို ခိုးဝင်ဖို့လာစဉ် သကွာပါ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်” ဟု ထိုအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသည့် အလုပ်သမား ရေးနှင့် မှတ်တမ်းတာဝန်ခံ၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)ဦးမင်းဦးက ဧရာဝတီသို့ ပြောသည်။
FED အဖွဲ့သည် ယခုကိစ္စနှင့် ပတ်သက်၍ လူကုန်ကူးမှု မြောက် မမြောက် ကိစ္စရပ်များအပါအဝင် နိုင်ငံသား စိစစ်ခြင်းနှင့် အာဏာပိုင်နှင့် လူကုန်ကူးခံရသူများ အကြား စကားအရာ ဘာသာပြန် ပေးခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက်ပေး နေကြောင်းသိရသည်။
အဆိုပါ ၁၀ဦး၏ ထုတ်ဖော်ချက်အရ ရနောင်းတွင် ၎င်းတို့ ခရီးတထောက် တည်းခိုနေထိုင်ခဲ့သည့် အိမ်ပိုင်ရှင်ကိုလည်း ဖမ်း မိထားပြီး၊ ထိုမှတဆင့် မလေးရှားနှင့် ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးမည့် ထိုင်းနိုင်ငံသား လူကုန်ကူးပွဲစားကိုလည်း ဖမ်းမိ ရန် ဆောင်ရွက်နေကြောင်း ဆိုသည်။
ထို့အပြင် အမှု၏ အဓိကတရားခံဖြစ်သည့် ထို ၁၀ ဦးအား ခေါ်ယူခဲ့သည့် မလေးရှား တွင်နေထိုင် နေသော မြန်မာပွဲစား အား ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို ၁၀ဦးသည် မြန်မာပြည်ဘက်ခြမ်း ကော့သောင်းမှ ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းသို့ ကူးကာ၊ ထိုင်းနယ်စပ်မှ တဆင့် မလေးရှားသို့ သွားရောက်ရန် ဖြစ်ပြီး၊ ၎င်းတို့အထဲမှ တဦး က ပြည်ဝင်ခွင့် အထောက်အထားအပြည့်အစုံဖြင့် ဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ ကျန် ၉ဦးက နယ်မြေဖြတ် ကျော်ခွင့်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးမင်းဦးက ပြောသည်။
“နယ်မြေဖြတ်ကျော်တာကျတော့ ရနောင်းအထိပဲ သွားလို့ရတယ်။ ရနောင်းကနေမှ သတ်မှတ် ထားတဲ့ ကီလိုမီတာ အတွင်းပဲ သွားလို့ရတယ်၊ အဲဒီအတွက် သူတို့က ထိုင်းလဝကဥပဒေကို ချိုးဖောက် ထား တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တရားမဝင်ခိုးဝင်သူများကို ချုပ်ရက်အပါအဝင် ၄၈ရက်ဖြင့် ရုံးတွင် ခံဝန်ထိုးရကြောင်း၊ ဒဏ်ငွေ ဆောင်မည် ဆိုပါက တရားရုံးတွင် ဘတ် ၅ထောင်ပေးဆောင်ရုံဖြင့် အမှုကင်းလွတ်ခွင့်ရှိသည်ဟု သိရသည်။
၎င်းတို့ ၁၀ဦးသည် နယ်မြေဒေသမတူကြသည့် ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်နှင့် ကျိုက်မရောက လာသူများဖြစ်ပြီး ထိုသူများ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်နိုင်ရန် အတွက် ပွဲစားက တဦးလျှင် မလေးရှားရင်း ဂစ် ၂၅၀၀မှ ၃၅၀၀ တောင်းခဲ့ကြောင်း သိရသည်။
လူကုန်ကူးရခြင်းအကြောင်းအရင်းက မြန်မာနိုင်ငံတွင် စားသောက်နေထိုင်မှု ခက်ခဲခြင်း၊ ပွဲစားများ၏ စည်းရုံးသိမ်းသွင်းမှုကို အလွယ်တကူ ယုံကြည်ကြသည့်အတွက် လူကုန်ကူးခံရခြင်းဖြစ်ပြီး အစိုးရ အနေဖြင့် အသိပညာပေးမှုများကို ယခုထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ပေးရန်လိုပါသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက သုံးသပ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်နေ့ကလည်း စမွတ်ဆခွန်မြို့တွင် နေထိုင်သည့် ၃၇နှစ် အရွယ်ရှိ မြန်မာ အမျိုးသမီးတဦးကို လူကုန်ကူးမှု၊ တရားမဝင် ဝင်ရောက်လာသည့် လူများကို နေထိုင်ခွင့်ပေးမှုဖြင့် ထိုင်းရဲက ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
သူ၏ ထုတ်ဖော်ချက်အရ လူကုန်ကူးမှုများ တွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်နေပြီး အဆိုပါ အမျိုးသမီး၏ ဘဏ်အကောင့် ကို စစ်ဆေးရာ ဘတ်ငွေ ၄သန်းခန့်ကို ငွေပေးငွေယူ ပြုလုပ်ထား ကြောင်း တွေ့ရသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်အရ လူကုန်ကူးခံရသူ ၂၀၁၇ခုနစ်တွင် ၈၇ဦး၊ ၂၀၁၈ခုနစ်တွင် ၁၀၆ဦးနှင့် ၂၀၁၉ခုနစ် ဇွန်လကုန်အထိ တရာကျော်အား မြန်မာပြည်ဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ သည်ဟု သိရသည်။
You may also like these stories:
မလေးရှားသို့ ပို့နေသည့် လူကုန်ကူးဂိုဏ်း ထိုင်းရဲဖမ်း
လူကုန်ကူးခံရသည့် မြန်မာ ၆၂ ဦးကို ထိုင်းအစိုးရ လွှဲပြောင်း
အစ်မအရင်းက တရုတ်ပြည်ကို ရောင်းစားတာ ခံခဲ့ရတဲ့ အမျိုးသမီး
မြန်မာအပါအဝင် ရောင်းစားခံ အမျိုးသမီး ၁၁၀၀ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့