မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးနှင့် အသက် ၂၀ အရွယ် သမီးတို့ကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ရင်းကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်ကြီး တံခွန်မြို့မရဲစခန်းက သိရသည်။
သမီးအရင်း၂ ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် မျိုးမြင့်အောင် ဆိုသူကို ဇနီးဖြစ်သူကိုယ်တိုင်က သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ဇူလိုင် ၁၅ ရက်က အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက “အမှုကို မိခင်ကိုယ်တိုင်က လာရောက်တိုင်ကြားလို့ ကျုးလွန်တဲ့ တရားခံကိုတော့ ဖမ်းမိထားပါပြီ၊ လက်ရှိမှာ တရားခံကို တရားရုံးမှာ ချုပ်ရမန်ယူထားပြီး အမှုကို စစ်ဆေး နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျုးလွန်သူမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၂ နှစ်အရွယ် မျိုးမြင့်အောင် ဆိုသူဖြစ်ပြီး တအိမ်တည်း အတူနေ သားသမီးများအနက် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သလို အသက် ၂၀ အရွယ်ရှိ သမီးကြီးကိုလည်း အသက် ၁၀ နှစ်ခန့်အရွယ်မှ စတင်ကာ အိမ်ထောင်ကျပြီး သားသမီး တဦးထွန်းကားပြီးချိန် အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
မျိုးမြင့်အောင်သည် လွန်ခဲ့သည့် ၁၄ နှစ်က တရားလိုဖြစ်သည့် ဇနီးနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၅ ဦး ထွန်း ကားခဲ့ကြောင်း၊ ထို့အပြင် ယခင်အိမ်ထောင်နှင့်လည်း သမီး ၂ ဦး ရှိသည့်အနက်မှ သမီးကြီးမှာ ဖခင်နှင့်အတူ လိုက်ပါနေထိုင် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက်နေ့က ကျုးလွန်ခံရသူ အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးအား မိခင်မှ ခြေဟန် လက်ဟန်ဖြင့် “နင့်အဖေ နောက်မိန်းမယူသွားပြီ” ဟု ပြောသည့်အခါ သမီးဖြစ်သူက ဖခင်ဖြစ်သူက အိမ်ပေါ်တွင် သုံးကြိမ်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြခဲ့ရာမှ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နောက်ဆုံးပြုကျင့်ခဲ့သည့်အကြိမ်မှာ လွန်ခဲ့သော တပတ်ခန့်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်အား အသက် ၂၀ အရွယ် သမီးကြီး သိရှိပြီးနောက် သူမကိုလည်း အသက် ၁၀ နှစ်ဝန်းကျင်အရွယ်မှ စတင်ကာ ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အသက် ၂၀ အရွယ် သမီးကြီးမှာ ပထမအိမ်ထောင်နှင့် ရရှိခဲ့သူဖြစ်ပြီး အိမ်ထောင်ပြု၍ သားသမီး တဦးထွန်းကားပြီးချိန်အထိ ဖခင်မှ မကြာခဏ အဓမ္မပြုကျင့်ခဲ့ သည်ဟု ဆိုသည်။ ယခုအခါ အဆိုပါသမီးကြီး၏ ခင်ပွန်းဖြစ်သူမှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသည့်အတွက် ကျူးလွန်သူ မျိုးမြင့်အောင် ၄၂ နှစ် အား ပြည်ကြီး တံခွန်မြို့မရဲစခန်းတွင် (ပ)၇၇၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
You may also like these stories:
သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု
သက်ငယ်မုဒိမ်း တရားခံတဦး ထောင်တွင်း ကြိုးဆွဲချ သေဆုံး
၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး