ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကုလားတန်မြစ်နှင့် လေးမြို့ မြစ်ရေ မြင့်တက်လာမှုကြောင့် ကျောက်တော် ၊မြောက်ဦး ၊ မင်းပြားမြို့နယ်တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၉ ထောင်ကျော်ရေးဘေးသင့်နေကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ မြောက်ဦးခရိုင်အတွင်း မိုး အဆက်မပြတ် ရွာသွန်းပြီး မြစ်ရေများ မြင့်တက်ခဲ့သည့်အတွက် ဇူလိုင်လ ၁၁ ရက် မှနေ ၁၅ ရက်အထိ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထိုရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်မှ လူဦးရေ ၂၃၂၃ ဦး ၊ မြောက်ဦးမြို့နယ်မှ ၄၂၈၂ ဦး ၊ မင်းပြားမြို့နယ်မှ ၂၈၈၆ ဦး စုစုပေါင်း ၉၄၈၉ ဦး ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးရဲမင်းဦးက ပြောသည်။
“၁၁ ရက်နေ့မှနေ ၁၅ ရက်နေ့ထိ ရေကြီးမှုဖြစ်တော့ ကောက်ယူရရှိတဲ့ စာရင်းအရ ရေဘေးသင့် ပြည်သူ ၉ ထောင်ကျော် ရွေ့ပြောင်းခဲ့ရတယ်။ ပြောင်းရွေ့တာကတော့ ဒီလိုပဲ နီးစပ်ရာ ဆွေမျိုးအိမ်၊ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတွေ ကို ပဲ ပြောင်းရွေ့ရတာပေါ့။ ကျနော်တို့ကတော့ ကောက်ခံ ရရှိတဲ့ စာရင်းအပေါ် မူတည်ပြီး ဆန်၊ ရိက္ခာ၊ လိုအပ်တဲ့ ထောက်ပံ့ မှုတွေကို ဖြန့်ေ၀ ပေးနေပါပြီ”ဟု သူက ဧရာဝတီသို့ ပြောသည်။
ထို ရေကြီးမှု ဖြစ်စဉ်များကြောင့် ကျောက်တော်မြို့နယ်အတွင်း ပြိန်းချောင်း၊ ခွဆုံ၊ ပြောင်းဆိပ်၊ ပီကောက်ဝ ကျေးရွာ၊ သင်္ဂနက်ကျေးရွာ၊ စည်ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရ သလို၊ ထိုကျေးရွာ များ အနီးရှိ ကားလမ်းမ များမှာလည်း ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ မြောက်ဦးမြို့နယ်ရှိ လူဦးရေ ၃ ထောင်နီးပါးရှိသည့် တိမ်ညို စစ်ဘေးရှောင်စခန်း ၊ ပီပင်းရင်း စစ်ဘေးရှောင် စခန်းတို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရသည့် အတွက် အကူညီများ ပိုမို လိုအပ်လျှက် ရှိသည်။
တိမ်ညို စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်ကတော့ လက်ရှိ အချိန်အထိ မည်သည့် အဖွဲ့အစည်းကမှ ကူညီရန် ထောက်ပံရန် ရောက်ရှိမလာသေး ကြောင်း ပြောသည်။
“ရေကတော့ လောလောဆယ်ကျ သွားတယ် ဆိုပေမယ့် စစ်ရှောင်တွေရဲ့ တဲတွေ ရေနစ်သွားတဲ့ အတွက် ရိက္ခာတွေ ပါသွားတာ ရှိတယ်။ ဂိုဒေါင်ထဲမှာ ထားတဲ့ ရိက္ခာဆန်တချို့လည်း ရေနစ်သွားတယ် ဆိုတော့ ဒီတကြိမ် ရိက္ခာ ဆန်ဝေကြရင် မလောက် မငှဖြစ်တယ်။ လိုအပ်နေတာကတော့ အများကြီး ပါပဲ။ အစိုးရဘက်ကတော့ အခုအချိန်အထိ ဘာထောက်ပံ့မှုမှ လာပေး တာ မရှိသေးဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဧရာဝတီ သတင်းဌာနမှ ဇူလိုင်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့တွင် မြောက်ဦးမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းများ သို့ သွားရောက် သတင်းယူခဲ့ရာတွင် စစ်ရှောင်စခန်းများမှာ ရေကြီးမှု ဖြစ်ပွားနေသည့် အတွက် စစ်ဘေးရှောင် ပြည်သူများ မှာ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြရသည်ကို မြင်တွေ့ခဲ့ရသည်။
စစ်ဘေးရှောင် ပြည်သူများသည် အစိုးရ အကူအညီ မရရှိ ဟုပြောဆိုကြသလို ကိုယ်ထူကိုယ်ထ တဲလေးများ ဆောက်လုပ် ကာ နေထိုင်ကြရသည်။
အဆိုပါ ရေကြီးမှု ဖြစ်စဉ်ကြောင့် မင်းပြားမြို့နယ်ပေါ် ပြည်တော်သာ ရပ်ကွက်နှင့် ပြည်တော်လှ ရပ်ကွက်တို့တွင် ကမ်းပြို ကျသည့်အတွက် နေအိမ် ၂၉ လုံး မှာလည်း ပြိုပျက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် လေးမြို့မြစ် အရှေ့ဘက်ကမ်းမှ ကျေးရွာသားများနှင့် ပန်းမြောင်းကြီးချောင်းနှင့် ဖောင်သာ ချောင်း အနီး နေထိုင်ကြသည့် ဒေသခံ လူပေါင်း ၃ သောင်းကျော်မှာလည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်း များသို့ ရွေ့ပြောင်းခဲ့ရကြောင်းလည်း မင်းပြား မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ရေကတော့ ဒီနေ့ နည်းနည်း ကျတာတယ်။ အကုန်လုံး ကျသွားတာတော့ မဟုတ်သေးတဲ့ အတွက် ရေဘေးသင့် ပြည်သူ တွေကတော့ ဘုန်းကြီးကျောင်းမှာ ဒီအတိုင်း ရှိသေးတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ အစိုးရဘက်ကလည်း လာတာ မတွေ့သေးဘူး။ အရပ်ဘက်ကလည်း ရောက်မလာ သေးဘူး။ စစ်ဘေး ရောက်နေတဲ့ ကြားထဲမှာ ရေဘေးက ထပ် သင့်တယ်ဆိုတော့ ဒုက္ခတွေကတော့ အများကြီးပါပဲ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ စသည့် မြို့နယ် ၈ မြို့နယ်တွင် အစိုးရက အင်နက်တာနက် လိုင်းများကို ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ ဖြတ်တောက်ခဲ့သည်။
ထိုသို့ အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်သည့်အတွက် ဒေသအတွင်း လူမှု စီးပွားဘဝ များစွာ ထိခိုက် နစ်နာမှု များ ဖြစ်ပွားနေရသလို ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များကိုလည်း ယခင်ကလို အင်တာနက် လူမှုကွန့့်ရက်မှ တဆင့် မတင်ပြနိုင် တော့သည့်အတွက် ကူညီထောက်ပံမှုများ ရရှိရန် များစွာ အခက်အခဲ့များ ဖြစ်ပွားနေရကြောင်း လည်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းသာစိန်က ပြောသည်။
You may also like these stories:
စိုးရိမ်ရသော ဆည်တချို့ ရှိ၍ ကယ်ဆယ်ရေး ကြိုပြင်ထား ဟု လူကယ်ပြန် ဆို
ကချင် ရေဘေးသင့် ကျောင်းဂေဟာ သို့ နိုင်ငံတော် အတိုင်ပင်ခံ သွားရောက် ကူညီ
တံတားဦးမြို့နယ် ရေကြီးမှု ကျေးရွာအချို့တွင် လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းနေရ