မြန်မာ့ တပ်မတော်ကို နိုင်ငံရေးက ဖယ်ထုတ်ရာတွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က တဆင့်ချင်း ဆုတ်ခွာ နိုင်ရန် စဉ်းစားနေချိန် တိုင်ရင်းသားပါတီတချို့က နိုင်ငံရေးမှ လုံးဝ ဖယ်ထုတ်ရန် စိတ်အားထက်သန်မှု ရှိနေကြောင်း သိရသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရှိ နိုင်ငံရေးပါတီ အစုအဖွဲ့ အသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်တို့၏ ပြင်ဆင်၊ ဖြည့်စွက် အကြံပြုချက်များတွင် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ အများစုက တပ်မတော်၏ လွှတ် တော်တွင်း ပါဝင်မှုကို လုံးဝ ပယ်ဖျက်ရန် အကြံပြုထားသည်။
တပ်မတော်ကို နိုင်ငံရေးမှ လုံးဝ ဆုတ်ခွာရန် သဘောထားရှိသည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ ချုပ် (SNLD)၊ မွန်အမျိုးသား ပါတီနှင့် အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။
အာဏာရ NLD ပါတီကမူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အချိုးအစားကို လက်ရှိ ၂၅ ရာခိုင်နှုန်းမှ ၂၀၂၁ မှ ၂၀၂၆ ခု နှစ်အတွင်း တပ်ကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်း၊ ၂၀၂၆ မှ ၂၀၃၁ ခုနှစ်အတွင်း တပ်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၁ မှ ၂၀၃၆ ခုနှစ်အတွင်း တပ်ကိုယ်စားလှယ် ၅ ရာခိုင်နှုန်း အထိ လျော့ချရန် အာဏာရ ပါတီက အကြံပြုထားသည်။

NLD ပါတီ၏ ပြင်ဆင်ရန် အဆိုပြုချက် အောင်မြင်ပါက ၂၀၃၁ ခုနှစ် နောက်ပိုင်းတွင် လွှတ်တော်များ၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် က “တပ်က ၂၅ ရာခိုင်နှုန်း ယူပြီးတော့ လွှတ်တော်ထဲ လာထိုင်နေရတဲ့ အကြောင်းက ဗီတိုအာဏာ ရချင်လို့။ လွှတ်တော်ထဲက ဆောင်ရွက်ချက်တွေကို ထိန်းကျောင်းနိုင်ဖို့အတွက် လာထိုင်ထားတာ ဖြစ် တယ်။ တဆင့်ချင်းလျော့လို့ သူ့ဗီတိုအာဏာ မရှိတော့ဘူးဆိုရင် ဘာလို့ ဒီထဲမှာ လာထိုင်နေတော့မှာလဲ”ဟု မေးခွန်းထုတ်သည်။
တပ်မတော်သည် အဖွဲ့ အစည်းတခု ဖြစ်သဖြင့် အမြင့်ဆုံး ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တခုကိုသာ လိုက်နာရပြီး လွှတ်တော်တွင်း မည် သည့် ကိစ္စ ဆွေးနွေးသည် ဖြစ်စေ ယင်းပုဂ္ဂိုလ်၏ ဆုံးဖြတ်ချက်တခုနှင့်ပင် ပြီးဆုံးသွားနိုင်ကြောင်း၊ လွှတ်တော်ထဲတွင် တပ်ကိုယ် စားလှယ် ၁၀၀ ကျော်ရှိသော်လည်း တသံတည်း ထွက်နေသည်ကို ကြည့်ပြီး သိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ANP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “တပ်က နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်နေဦးမယ်ဆိုရင် ကျနော်တို့ နိုင်ငံက ဖက်ဒရယ်နိုင်ငံ၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့ တော်တော် လေး အလှမ်းဝေးသွားလိ့မ်မယ်။ အဲဒါကို ကျနော်တို့က စိုးရိမ်တယ်။ ပြည်သူတင်မြောက်တဲ့ အစိုးရကို လွတ်လွတ်လပ်လပ် လုပ်ပိုင် ခွင့်နဲ့ အခွင့်အာဏာ အပြည့် ရှိစေချင်တာပေါ့”ဟု ပြောသည်။
ဒီမိုကရေစီ နိုင်ငံတခုတွင် တပ်မတော်သည် ကာကွယ်ရေး ဝန်ကြီး၏ လက်အောက်တွင် ရှိရမည် ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးကို လည်း ပြည်သူက ရွေးချယ်နိုင်ရန် လိုကြောင်း၊ ကာကွယ်ရေး ဝန်ကြီးသည် သမ္မတ၏ အောက်တွင် ရှိရမည် ဖြစ်ပြီး ပြည်သူကလည်း တပ်မတော်ကို ထိုပုံစံမျိုး ဖြစ်စေချင်ကြောင်း ၎င်းက သုံးသပ်သည်။
ဦးဖေသန်းက “တပ်ရဲ့ ဖွဲ့ စည်းပုံက သူ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့သူ ရှိမယ် ဖြစ်သော်လည်းပဲ ကာကွယ်ရေး ဦးစီးချုပ်ဟာ ကာကွယ်ရေး ဝန်ကြီးရဲ့ အောက်မှာ ဒါမှမဟုတ် သမ္မတရဲ့ အောက်မှာ ရှိစေချင်တယ်”ဟု ပြောသည်။
ယခု ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုတွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ကာကွယ်ရေး ဝန်ကြီး လက်အောက်သို့ လည်းကောင်း၊ သမ္မတလက်အောက်သို့လည်းကောင်း ထည့်သွင်းမည် ဆိုသည့် အကြံပြုချက်များ ပါဝင်နေသည်ကို တွေ့ ရသည်။
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၈ ဖြစ်သည့် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည် ဆိုသည့် အချက်ကို အာဏာရ NLD ပါတီက ပယ်ဖျက်လိုကြောင်း သဘောထားပေးထားသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တို့ကိုလည်း ၎င်းတို့ ဝန်ကြီး ဖြစ်ချိန်တွင် အငြိမ်းစား ယူရမည်ဟု NLD ပါတီက ဆိုသည်။
တပ်မတော်ကမူ လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်ကြောင့် ပြည်သူလူထုတွင် မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိကြောင်း လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က မေလအတွင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
တပ်မတော်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာ ယိမ်းယိုင် မသွားစေရန်နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လိုသလို ပြင်ပြီး ယိုင်နဲ့ မသွားအောင် ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ် ကြောင်း ၎င်းတို့က ပြောဆိုထားသည်။
လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် အာဏာရ ပါတီ၏ ချည်းကပ်ပုံမှာ ပထမအဆင့်တွင် အားလုံး ပါဝင်လာနိုင်ရေး ဖြစ် ပြီး ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေး အကောင်အထည် ဖော်ရခြင်း ဖြစ်ကြောင်း၊ ယခု ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အချက် များကို ဥပဒေကြမ်းတခု ဖြစ်လာအောင် ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း NLD ကိုယ်စားလှယ်များက ပြောသည်။
အာဏာရပါတီမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဝင် ဦးနေမျိုးထွန်းက “ပေးထားတဲ့ဘောင်ထဲကနေ အားလုံး ပါဝင်လာနိုင်အောင် ပါဝင်လို့ရအောင် ပါဝင်ချင်လာအောင်၊ ခင်ဗျားကို ကစားဝိုင်း တခု ထဲကနေ ပါနေတာကို မပါနဲ့တော့ သွားဆိုပြီး မလုပ်ဘူး။ နောက်တန်းကနေကစား ဒါမှမဟုတ် အရန်လူအနေနဲ့ ကစားဆိုရင် ခင်ဗျား လည်း ဘာပဲပြောပြော ညှိရတာ အဆင်မပြေဘူးလား။ ဒီသဘောလေးတော့ ရှိပါတယ်”ဟု ပြောသည်။
သို့သော် ယခုလို အစီရင်ခံစာတရပ် တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ပြီးနောက် ဥပဒေကြမ်းတရပ် ရေးဆွဲခြင်း၊ ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဆုံးဖြတ်ချက်များ ရယူလာသည့်အခါ ယင်းအချိန်တွင် တပ်မတော်၏ ရပ်တည်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။
တပ်မတော်နှင့် အတိုက်အခံပါတီများ၏ စိုးရိမ်မှုများကို ထည့်သွင်း မစဉ်းစားဘဲ မိမိလုပ်ရပ်သာ မှန်ပြီး တခြားသူများ မှားသည် ဆိုသည့် ပုံစံမျိုးသည် နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ပြည်သူအတွက်လည်း အကျိုးမရှိနိုင်ကြောင်း အတိုက်အခံ ကြံ့ ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က “ပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်မယ့် လုပ်ငန်းစဉ်ကို စဉ်းစားသင့်တယ်”ဟု အကြံပြုသည်။
၎င်းက ဆက်၍ “အခုက ရုတ်တရက် ထပြီး နိုင်ငံရေး ကစားကွက်ဖော်တဲ့ ပုံစံမျိုးကျတော့ ဒီဘက်က စိုးရိမ်၊ စိုးရိမ်တဲ့အခါကျတော့ ကန့်ကွက်၊ ကန့်ကွက်တော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်။ ဖြစ်တဲ့အခါ ပြည်သူတွေက စိတ်ပူ၊ ၅၉ (စ) ပါလာတော့ လမ်းပေါ် ထွက်ကြ။ အဲဒီမှာ ထောက်ခံသူတွေကလည်း လမ်းပေါ်ထွက်တဲ့အခါကျတော့ နိုင်ငံရေး အခင်အကျင်းတွေက မလှတော့ဘူး”ဟု ပြောသည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံတရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်ခြင်းကို ယခင်ကလည်း ကန့်ကွက်ခဲ့ကြောင်း၊ ယခုလည်း အဆိုပြုချက် တင်သွင်းခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ခြင်း မရှိကြောင်း၊ ယခု လုပ်ငန်းစဉ်သည်လည်း ဖွဲ့စည်းပုံနှင့် မညီဟု သဘောထားကြောင်း တပ်မတော်၏ သဘောထားကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
ရှမ်းတိုင်းရင်းသားများ အဖွဲ့ ချုပ် (SNLD) သည် ဖွဲ့ စည်းပုံ ပြင်ဆင်ရေးတွင် ပြင်ဆင်လိုသည့်အချက် ၁၁၁၂ ချက်အထိ အများဆုံး တင်သွင်းထားသည့် ပါတီတခု ဖြစ်ပြီး ယခုလို ပြင်ဆင်လိုသည့်အချက် များပြားရခြင်းမှာ စနစ်တခုလုံးကို ပြင်ဆင်လိုသည့် အတွက် စကားရပ်များပါ လိုက်ပြောင်းရ၍ ဖြစ်ကြောင်း သိရသည်။
ဒုတိယ အများဆုံး ပြင်ဆင်သည့် ပါတီမှာ ANP ဖြစ်ပြီး အချက်ပေါင်း ၈၅၈ ချက်၊ မွန်အမျိုးသား ပါတီက ၆၄၁ ချက်၊ အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ် ပါတီက ၄၆၂ ချက်၊ တအာင်း (ပလောင်) အမျိုးသား ပါတီက ၁၇၈ ချက်၊ ပအိုဝ့် အမျိုးသား အဖွဲ့ ချုပ်က ၁၃၇ ချက်၊ NLD ပါတီက ၁၁၃ ချက် ဖြစ်ပြီး အခြားပါတီများကလည်း ပြင်ဆင်ချက်များ အသီးသီး တင်သွင်းထားကြသည်။
ထို့ကြောင့် လွှတ်တော်က ဆောင်ရွက်နေသည့် ပုံစံဖြင့် ၂၀၂၀ တွင် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အပြီးမသတ်နိုင်ကြောင်း၊ ရွေးကောက်ပွဲ လည်း ရှိလာမည် ဖြစ်၍ တပ်မတော်က ပြင်ဆင်ရေး သဘောမတူသည့် ယခု ဖွဲ့ စည်းပုံသည် ရလဒ်ကောင်းများဖြင့် အဆုံး သတ်နိုင် မည် မထင်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “ပါတီတွေရဲ့ စည်းရုံးရေးအတွက် လွှတ်တော်ကို အသုံးချလာနိုင်တဲ့ သဘောမျိုး မြင်တယ်။ NLD ကလည်း ငါတို့ ကတိကဝတ် အတိုင်း ပြင်တယ်ပေါ့ကွာ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက လက်မခံဘူးဆိုတဲ့ သဘော။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကလည်း အခန်း ၁၂ ကို မလိုက်နာဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း မဟုတ်ဘဲ အတင်း အဓမ္မ လုပ်တယ်ပေါ့နော်။ အဲလို နိုင်ငံရေး အမြတ်ထုတ်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်လာဖို့ များနေတယ်”ဟု ပြောသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှူရန်
လွှတ်တော်တွင် ဝင်ပါနေ၍ ပြည်သူ မနစ်နာကြောင်း တပ်မတော် ပြော
လွှတ်တော်တွင် ဒီမိုကရေစီ “အနိုင်ကျင့်ခံရပြန်ပြီ” ဟု တပ်မတော်ပြော
ပုဒ်မ၂၆၁ ပြင်ဆင်ရေး NLD အစိုးရ လက်ထက် တပ်မတော် သဘောထား ပြောင်း
အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရန် NLD အဆိုပြု