အဆင့်မြှင့်တင်ထားသော အပေါ့စား တော်ပီဒို (TAL) Shyena အမျိုးအစားများကို အိန္ဒိယအစိုးရက မြန်မာ့ရေတပ်သို့ ဇူလိုင်လ ၁၂ ရက်နေ့က ပို့ပေးခဲ့ကြောင်း အိန္ဒိယစစ်ရေးနှင့် ကာကွယ်ရေး သတင်း စာမျက်နှာ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါတော်ပီဒိုများကို အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်တွင် ရှိသော အများပိုင် လုပ်ငန်းတခုဖြစ်သည့် ဘာရတ်ဒိုင်းနမစ် လီမိတက် (BDL) က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းတော်ပီဒိုများကို အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန်ဖိုး တင်ပို့ ရောင်းချရန် ၂၀၁၇ ခုနှစ်က သဘောတူ စာချုပ်လက်မှတ်ထိုးခဲ့ကြောင်း ၎င်းဝက်ဘ်ဆိုက်က ဆိုသည်။
ယခု ပေးပို့လိုက်သော တော်ပီဒို အရေအတွက်နှင့် ယင်းတို့ကို မြန်မာ့ရေတပ်၏ မည်သည့် သင်္ဘောအုပ်စုတွင် တပ်ဆင် အသုံးပြုမည် ဆိုသည့်အကြောင်း အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
မြန်မာ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလက ရုရှားနိုင်ငံ အက်ဒမိုင်ရယ် Admiral Teyskie Veryf ရေငုပ်သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပြီး ရေငုပ်သင်္ဘောများ တည်ဆောက် နေပုံ ကို ကိုယ်တိုင်ကြည့်ရှု လေ့လာခဲ့သည့် အပြင် မြန်မာလေတပ်အတွက် တည်ဆောက်နေသည့် ဆူခွိုင်း အမျိုးအစား Su- 30 M ဘက်စုံသုံး အဆင့်မြင့် ဂျက်တိုက်လေယာဉ် ၆ စင်း အခြေအနေများ ကိုလည်း လေ့လာခဲ့သည်။
အဆိုပါ တိုက်လေယာဉ် ၆ စင်း ဝယ်ယူရန် နှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ်က အသားတင် တန်ဖိုး ဒေါ်လာ ၂၀၅ သန်းဖြင့် စာချုပ် ချုပ်ဆိုခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စစ်ဘက် ပြောခွင့် ရသူတဦးက ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် မိမိတို့ ရေပိုင်နက်အတွင်း ရေကြောင်း လုံခြုံရေးအတွက် အဆင့်မြင့် ရေငုပ်သင်္ဘောတစင်း ဝယ်ယူရန် စဉ်းစား နေကြောင်း၊ ရုရှားရေတပ် ဒုတိယ ဦးစီးချုပ်နှင့်လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းထောက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။
မြန်မာပြည်တွင်းသုံး ဖရီးဂိတ် စစ်သင်္ဘောနှစ်စင်း ဖြစ်သော ကျန်စစ်သားနှင့် ဆင်ဖြူရှင်ဟုခေါ်သည့် F-14 နှင့် 12 တို့ကို မေလက ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့် နေစဉ်အတွင်း အမျိုးအမည်မသိ တော်ပီဒို များနှင့်အတူ ရံဖန်ရံခါ သုံးစွဲခဲ့သည်ကို ဧရာဝတီက စုံစမ်းသိရှိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံသို့ မောင်းသူမဲ့လေယာဉ် (ဒရုန်း)၊ ရေငုပ်သင်္ဘော များကို ထောက်လှမ်းသည့် Sonar နှင့် အခြားစစ်ဖက်ဆိုင်ရာ ကိရိယာများ ကိုလည်း တင်ပို့ပေးခဲ့ဖူးသဖြင့် ယခုကဲ့ သို့ ထပ်မံ၍ တော်ပီဒို ထောက်ပံ့ပို့ဆောင် ပေးမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်မာမှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယ ရေတပ်ဝက်ဘ်ဆိုက် သတင်းက ဆိုသည်။
အိန္ဒိယအစိုးရသည် ပဲ့ထိန်းစနစ် ပါရှိသည့် ဒုံးကျည်များနှင့် တော်ပီဒိုများကို ၁၉၇၀ ပြည့်လွန်နှစ်များ ကတည်းက ထုတ်လုပ်နေခဲ့ခြင်း ဖြစ်သည်။ TAL Shyena အမျိုးအစားကို ၁၉၉၀ ပြည့်နှစ်တွင် အဆင့်မြင့် တော်ပီဒို စမ်းသပ်မှုအစီအစဉ် အောက်တွင် စတင် မိတ်ဆက်ခဲ့ပြီး အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း၏ ရေတပ်သိပ္ပံနှင့် နည်းပညာ ဓာတ်ခွဲခန်းတွင် ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
Diplomat သတင်းစာ၏ ဖော်ပြချက်အရ TAL Shyena အမျိုးအစားသည် အိန္ဒိယရေတပ်သုံး Whitehead Alenia Sistemi Subacquei (WASS)/ Leonardo A244/S အပေါ့စား တော်ပီဒိုကို အခြေခံ၍ အဆင့် မြှင့်တင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
TAL Shyena တော်ပီဒိုများကို အိန္ဒိယရေတပ်စခန်း ၂၅ ခုတွင် သုံးစွဲလျှက်ရှိကြောင်း Defense Updates ဘလော့ဂ်၏ သရုပ်ဖော်ပုံ အရ တွေ့ရသည်။
ယင်း တော်ပီဒို၏ စုစုပေါင်းအလေးချိန်မှာ ၂၂၀ ကီလိုဂရမ်ရှိပြီး အလျား ၂၇၅၀ မီလီမီတာနှင့် အချင်း ၃၂၄ မီလီမီတာရှိသည်။ ကျည်ထိပ်ဖူးတွင် ၅၀ ကီလိုဂရမ် ပေါက်ကွဲအားမြင့် (HE) Filler သုံးစွဲထားပြီး ရေအောက်ကြမ်းပြင် မီတာ ၅၄၀ အနက်တွင် ၇ ကီလိုမီတာ အကွာအဝေးသို့ ထိရောက်စွာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းထောက် မိုးမြင့်ရေးသားသော Indian Torpedoes Delivered to Myanmar Navy ကို ဘာသာပြန်ဆိုသည်။
You May Also Like These Stories:
သမိုင်းထဲက မေယု စစ်သင်္ဘောကြီး