ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် တပ်မတော် အရာရှိများကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှု အသစ် ချမှတ်လိုက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာပိုင်း ကို ထိခိုက်ရကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များအပေါ်တွင် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသူများ အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းတပ်မတော် ခေါင်းဆောင် ၂ ဦး၊ ထိပ်တန်း အရာရှိ ၂ ဦးသာမက ၎င်းတို့၏ မိသားစုများကိုပါ အမေရိကန် ပြည်ထောင်စုသို့ ခရီး သွားလာခွင့်များ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။
“နိုင်ငံအတွင်းမှာ ခရီးသွားလာခွင့်တို့ ပိတ်လိုက်တဲ့အတွက် ခေါင်းဆောင်တွေဟာ အမေရိကန်ကိုလည်း သွားလာတာ မရှိဘူး။ သွားစရာလည်း အကြောင်းမရှိဘူး။ ဒါကြောင့်မိုလို့ ဘာများထိရောက်မှု ရှိမလဲဆိုတဲ့ မေးတာတွေ ရှိတယ်။ သို့သော် တပ်မတော်ရဲ့ ဂုဏ် သိက္ခာပိုင်းကိုတော့ Dignity ပိုင်းကိုတော့ ထိခိုက်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့မှာ ရခိုင်ပြည်နယ်သို့ နယ်မြေစစ်ဆင်ရေး ဆောင်ရွက်ရာတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံရခြင်း ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည်လည်း ရခိုင်ပြည်နယ် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ဖူးသည့် ဗိုလ်ချုပ်များ ဖြစ်ကြောင်းလည်း သူကပြောသည်။
“နိုင်ငံတကာမှာပဲ ဖြစ်ဖြစ် အခုပြောနေတဲ့ အမေရိကန်မှာပဲ ဖြစ်ဖြစ်၊ စစ်ဘက်တရား စီရင်ရေး စနစ်တွေ ရှိတယ်။ တို့ လုပ်ဆောင် နေတာလည်း ဥပဒေအရနဲ့ တရားစီရင်ရေး စနစ်တွေအရ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒီလုပ်ဆောင်ချက်တွေအပေါ်မှာ လုပ် ဆောင်နေဆဲကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လေးစားသင့်တယ်”ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
ယခုလို မြန်မာ တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု မစတင်မီ ပြီးခဲ့သည့် ဇွန်လက ပြု လုပ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရန် အမေရိကန် အောက်လွှတ်တော်အမတ် ဘရက်ရှာမင်ကက ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်သည်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင်များကို လိုလားသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဖြစ်ရန် ထိုက်တန်ကြောင်း ၎င်းက လွှတ်တော် ကြားနာပွဲတခုတွင် ပြောဆို သည့်အခါ မြန်မာ အစိုးရက တရားဝင် ကန့်ကွက်ရန် စဉ်းစားခဲ့သေးသည်။
ထို့ပြင် အမေရိကန် အောက်လွှတ်တော်အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး မြန်မာတပ်မတော်ကို အရေးယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီး ဖြစ်သည်။
ယင်းဥပဒေကြမ်း အတည်ပြုနိုင်ပါက မြန်မာတပ်မတော်သို့ အမေရိကန် စစ်ဘက် အကူအညီများ တိုးချဲ့မှုကို ပြုပြင် ပြောင်းလဲသည် အထိ ရပ်ဆိုင်းထားရန်၊ မြန်မာ စစ်ဘက် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ဘဏ္ဍာရေး ကန့်သတ်ခြင်းတို့ ပြုလုပ် ရန်နှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံအား အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုသည် ယခင် တပ်မတော် အစိုးရလက်ထက်က ပို၍ ဆိုးဝါးခဲ့ကြောင်း၊ ယခုလည်း လူ့အခွင့်အရေး ပိုမိုလိုက်နာစေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဟု ဆိုခြင်းသည် အရမ်းဆိုးဝါးသည့် အနေအထားမျိုး မဟုတ်ကြောင်း သေနင်္ဂ အင်စတီကျူမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
“အနောက်နိုင်ငံတွေကို သွားလာခွင့်နဲ့ ပတ်သက်ပြီး ဗီဇာပိတ်လိုက်တာပေါ့နော်။ လူပုဂ္ဂိုလ်တဦးချင်းအရ ပိတ်တယ် ဆိုပြန်တော့ ဒီ လူပုဂ္ဂိုလ် တဦးချင်းစီမှာပဲ သက်ရောက်မှု ရှိလိမ့်မယ်။ တပ်မတော်ပိုင်းဆိုင်ရာကတော့ ဆိုးကျိုးသက်ရောက်မှုမျိုးတော့ ရှိမှာ မဟုတ် ဘူး။ ဒီလိုတွေပိတ်လည်း ကျနော်တို့မှာ ထွက်ပေါက်တွေ ရှိတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော် အစိုးရသည်လည်း ပိတ်ဆို့မှုခံခဲ့ရစဉ်က တရုတ်အကူအညီများ ရရှိခဲ့သလို ယနေ့ခေတ်တွင် တရုတ်အပြင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့နှင့်ပါ ဆက်ဆံရေးမှာ ပိုကောင်းလာသည့် အနေအထားတွင် ရှိနေကြောင်း ဦးသိန်းထွန်းဦးက ဆက်လက် ပြောပြ သည်။
တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနတိုင်းရင်းသားများကလည်း စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား မဟုတ်သူ အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ရာ တပ်မတော်က နယ်မြေလုံခြုံရေး၊ တိုင်းရင်းသားများ လုံခြုံရေး ဆောင်ရွက်သည့်အခါ ယခုလို စွပ်စွဲချက်များ ပေါ်ပေါက်လာရကြောင်း ပြောကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
“အဲလို ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့တယ်။ ကျနော်တို့ အဲဒီ အပေါ်မှာ လျစ်လျူရှု့ မထားဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးနဲ့ စစ်ဆေးခဲ့တယ်။ သက်သေ ၈၀၀ ကျော်ကို စစ်ဆေးခဲ့တယ်။ အဲဒီလို စစ်ဆေးမှုတွေ အပြင် မြေပြင် ကွင်းဆင်းစစ်ဆေးတာ ၂ ကြိမ် ရှိခဲ့ပြီ”ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ရှင်းပြသည်။
ယခုလို အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုသည် သိပ်မထူးဆန်းသော်လည်း မှန်းထားသည်ထက် ပိုပြင်းထန်ကြောင်း၊ ၂၀၁၇ ခုနှစ် အထိ မြန်မာ့ တပ်မတော်နှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး ရခိုင်အရေးအခင်း နောက်ပိုင်းတွင် ယခုလို အခြေအနေမျိုး ပေါ်ပေါက်လာသဖြင့် တပ်မတော် ခေါင်းဆောင်များ အနေကျူံသွားရပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။
“ငါတို့လည်း အမေရိကား မသွားပါဖူးကွာဆိုပြီး ပြောလို့ ရတာပေါ့။ သို့သော် အခုလို ကန့်သတ်ခံရတာကတော့ တနည်းအားဖြင့် အ ကျိုးယုတ်စေတာပေါ့။ အခုလို အချိန်မှာ တပ်ရဲ့ အကြီးအကဲကြီးရော၊ နံပါတ် ၂ ရော ပါတာဆိုတော့ သိက္ခာပိုင်းရော ဆုတ်ယုတ် သွားတာပေါ့။ လွယ်လွယ် ပြောမယ်ဆိုရင်တော့ ကမ္ဘာ့ လူဆိုးစာရင်းဝင်သွားတာပေါ့”ဟု ၎င်းက ပြောသည်။
တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ICC က ဆုံးဖြတ်ခဲ့ သည်။
You May Also Like These Stories:
မြန်မာ့ တပ်မတော် အပေါ် အမေရိကန် အရေးယူရန် ကြိုးပမ်းမှုမှာ နှစ်စဉ် လုပ်နေကြဟုဆို
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ