သတင်း

ငြိမ်းချမ်းရေး၌ အများကြားကောင်းအောင် သဘောတူသည့် အဆင့်ထက် ကျော်လွန်ဖို့ KNPP ပြော

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအများ ကြားကောင်းရန် သဘောတူသည့် အဆင့်ကို ကျော်လွန်၍ ခိုင်မာ သည့် အဖြေရှာမှုမျိုးသို့ ဦးတည်သင့်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဒု ဥက္ကဋ္ဌ ခူဦးရယ်က တိုက် တွန်း ပြောကြားသည်။

နေပြည်တော် ၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် KNPP တို့ ယနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးနိုင်ရန် အတွက် ဆွေးနွေးပွဲ ပြုလုပ်သည့် အဖွင့် မိန့်ခွန်းတွင် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခူဦးရယ်က “အများကြားကောင်းအောင်တော့ ယေဘူယျ အဖြစ် သဘောတူခဲ့တဲ့ အဆင့်ကို ကျော်လွန်ပြီးတော့ ကျနော် တို့ ခိုင်မာတိကျတဲ့ အကောင်အထည် လက်ဆုပ်လက်ကိုင်ပြပြီး ၊ တကယ်တမ်း ဆောင်ရွက်ရမည့် လုပ်ငန်း အဖြေရှာမှုမျိုး ကို ဦးတည်သွားသင့်တယ်လို့ ကျနော်ကတော့ မြင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း ယေဘူယျဆန်သည့် သဘောတူညီချက်များ ရရှိခဲ့သော်လည်း ယေဘူယျ ဆန်သည့် ဆုံးဖြတ်ချက်များ ဖြစ်သည့် အတွက် နောက်ပိုင်းတွင် သဘောမတူသည့် ဆုံးဖြတ်ချက်မျိုးကဲ့သို့ ဖြစ်သွားသည်ဟု ခံစားရ ကြောင်း ခူဦးရယ်က ဆိုသည်။

လက်ရှိ အစိုးရ လက်ထက်တွင် KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရာ တွေ့ဆုံမှုပေါင်း ၂၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ တွေ့ဆုံမှုတိုင်းတွင်လည်း ရလဒ်ကောင်းများ၊ တဖက်နှင့် တဖက် အပြန်အလှန် နားလည်မှုများ တိုးတက်ရရှိခဲ့ကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

 

NRPC ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “KNPP အနေနဲ့ အခု အစိုးရနဲ့ ယခုထက် ပိုမိုပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ရှေ့ တလှမ်းတိုးပြီးတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ဖို့ကိုလည်း ကျနော်တို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

ယနေ့ အစိုးရနှင့် KNPP တို့ အဓိကထား ဆွေးနွေးကြမည့် အကြောင်းအရာများမှာ NCA တွင် လက်မှတ် ထိုးရေး၊ ဒေသ တွင်း ဖွံ့ဖြိုးရေးနှင့် စီးပွားရေး ကိစ္စများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင် ရွက်ကြမည့် ကိစ္စရပ်များ အပြင် KNPP အနေဖြင့် NCA ၌ လက်မှတ်ရေးထိုးပြီးပါက ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ယခင်ထက် အစိုးရနှင့် ပိုမို နီးနီး ကပ်ကပ် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆက်ပြောသည်။

KNPP အနေဖြင့် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်လာသည်မှာ ၇ နှစ်တိုင် ကြာခဲ့ပြီ ဖြစ်သဖြင့် တဦးနှင့် တဦး လူပုဂ္ဂိုလ်အရ၊ လုပ်ငန်းသဘော အရ နားလည် သဘောပေါက်ပြီ ဟု ယူဆကြောင်း၊ ယနေ့ ဆွေးနွေးရာတွင်လည်း သဘောထားကြီးစွာ နှင့် ပြေပြေလည်လည် ဖြစ်စေရန် ဆွေးနွေးကြပြီး၊ သဘောထား တူညီကြမည် ဆိုပါက ယင်းပြဿနာကို ရှင်းရာတွင် အခက်အခဲ မရှိနိုင်ဟု ထင်မြင်ကြောင်း ခူဦးရယ်က ဆိုသည်။

၎င်းက “ဒီနေ့ ဆုံဆည်းတဲ့ ဆွေးနွေးပွဲမှာတော့ ကျနော့် အနေနဲ့ မူလရှိခဲ့တဲ့ ပြဿနာတွေကို ထပ်လောင်းပြီးတော့ ဆွေး နွေးမှာ မဟုတ်သော်လည်းဘဲ ကျနော်မကြာခဏ ပြောခဲ့တာ ရှိပါတယ်။ တချို့သော ကိစ္စရပ်တွေဟာ မလိုအပ်ဘဲ ရှိရင်း ပြဿနာတွေကို မရှုပ် ရှုပ်အောင်၊ မကြီး ကြီးအောင် ဖြစ်ပွားစေတဲ့ ပြဿနာတွေကို ဖြစ်ပွားစေတဲ့ အကြောင်း အရင်းတွေ ကျနော်တို့ ရှောင်ရှားဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပနေသည့် အချိန်တွင် မြေပြင်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို သီးသန့်ထားမည် ဖြစ် ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် ယင်းကိစ္စများကို ပြဿနာတခု အဖြစ် ထည့်သွင်း ဆွေးနွေးမည် မဟုတ်ကြောင်းလည်း ခူဦးရယ် က ဆိုသည်။

ငြိမ်းချမ်းရေးကို ဆောင်ရွက်ရာတွင် ရပ်တန့်နေမည် မဟုတ်ဘဲ လျှောက်လာသည့် ခရီးကို နောက်ပြန် မလှည့်ဘဲ ဆက် လျှောက်သွားမည် ဖြစ်ကြောင်း ထို့ကြောင့် ယနေ့ အစိုးရနှင့်တွေ့ဆုံမှုသည် အဆိုပါ လမ်းကို ဆက်လက် လျှောက်လှမ်းရန် အတွက် ရောက်ရှိခြင်း ဖြစ်ကြောင်း ခူဦးရယ် က ဆိုသည်။

KNPP ၏ ပြောရေးဆိုခွင့် ရှိသူ နဲနယ်ဖလိုးက “လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက NCA ကို လက်မှတ် ရေးထိုးလို့ ရမယ့် အခင်းအကျင်းမျိုး မဟုတ်သေးဘဲ အဲဒီလို ခံစားနေရတာဟာလည်း KNPP အဖွဲ့ တခုတည်း မဟုတ်ဘူး” ဟု အစည်းအဝေး အပြီး မီဒီယာများကို ပြောသည်။

ယနေ့ NRPC ၌ အစိုးရ၊ တပ်မတော်၊ KNPP တို့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့် အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယုံကြည်မှု တည်ဆောက်နိုင်သည့် အဆင့်တွင်သာ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလက ကျင်းပသည့် အစည်းအဝေးတွင် ပြည်နယ်အစိုးရ အဖွဲ့နှင့် KNPP တို့ လစဉ်ပုံမှန်အစည်းအဝေး လုပ်ကြရန် အတွက် သဘောတူခဲ့ကြသော်လည်း ၆ ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

KNPP သည် တပ်မတော် အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော် လည်း ၃ လ အကြာတွင် တိုက်ပွဲ ပြန် ဖြစ်ပြီး ပျက်သွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLDအစိုးရ လက်ထက်တွင် ညှိနှိုင်းနေဆဲ အခြေအနေမှာပင် ရှိနေသည်။

KNPP သည် ၂၀၁၂ ခုနှစ်ကတည်းက အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးထားသည့် အဖွဲ့ ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား NCA စာချုပ်ရရှိရေး ညှိနှိုင်းစဉ်ကလည်း ပါဝင်ခဲ့သည်။

You May Also Like These Stories:

၂၁ ရာစု ပင်လုံညီလာခံ ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရည်မှန်းထားဟု ဆို

ငြိမ်းချမ်းရေး ကော်မရှင် ပြင်ဆင် ဖွဲ့စည်းရန် တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading