သတင်း

KNPP အနေဖြင့် လာမည့် ၃လအတွင်း NCA ထိုးဖို့ အစိုးရ အဆိုပြု

Want create site? Find Free WordPress Themes and plugins.

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် လာမည့် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလ အတွင်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အား လက်မှတ်ရေး ထိုးရန် အစိုးရက အဆိုပြုလိုက်သည်။

အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) မှ ကိုယ်စားလှယ်များနှင့် KNPP မှ ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နေပြည်တော်တွင် NCA အား လက်မှတ်ရေး ထိုးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင် ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်အတွင်း ဖြစ်ပွား နေသော ကိစ္စရပ်များ ဖြေရှင်းနိုင်ရေး ဆွေးနွေးကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်(PC)အကြံပေး ဦးလှမောင်ရွှေက“ ကျနော်တို့ ဒီနေ့ ဆွေးနွေးပွဲမှာ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ NCA ထိုးဖို့ KNPP ကို အဆိုပြုခဲ့ပါတယ်။ သူတို့ကလည်း ဒါကို ကြိုးစားပါ့ မယ်လို့ ပြောပါတယ်။ အခု ကျနော်တို့ အဆိုပြုမှုကို သူတို့ လက်ခံပြီးတော့ အထက်ကို ပြန်တင်ပြမယ်၊ ပြီးရင် ဆက် ညှိနှိုင်းကြမယ်”ဟု ဧရာဝတီသို့ ပြောသည်။

KNPP ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ နဲနယ်ဖလိုးကလည်း အစိုးရက NCA ထိုးနိုင်ရေး အချိန် ကာလ သတ်မှတ်ချက် တခုကို အဆိုပြုလာကြောင်း၊ ထို အဆိုပြုချက်ကို မိမိတို့ လက်ခံရရှိပြီး ဗဟိုကော်မတီ အစည်းအဝေး ပြန်ခေါ်ကာ ဆွေးနွေးတိုင်ပင် သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အစိုးရဘက်ကတော့ ပရိုပိုဇယ် တခုတော့ တင်လာတာပေါ့နော်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လည်း ဆွေးနွေးဖြစ်တယ်၊ ပရိုပိုဇယ်ကို လက်ခံရရှိတယ်။ ယူသွားမယ်၊ အထက်ကို ပြန်တင်ပြမယ် ဆက်ဆွေးနွေးမယ်၊ အစိုးရဘက်က ဆွဲတဲ့ အချိန်ကာလကတော့ အဲဒီ(စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာ လ)မှာ လက်မှတ် ထိုးနိုင်ရေး ထည့်ထားတယ်၊ အဲဒါကို ပြန်ဆွေးနွေးရမယ် အခုက ဆွေးနွေးရေး ကော်မတီပဲ ဖြစ်တော့ ဒါကို ပြန် ယူသွားမယ်၊ ဗဟိုကော်မတီမှာ ချပြ ဆွေးနွေးသွားမယ်”ဟု ပြောသည်။

KNPP မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကယားပြည်နယ် အနှံ့ လူထုနှင့်တွေ့ဆုံ၍ ချပြလိုကြောင်း ပြန်လည် တင်ပြ ဆွေးနွေးခဲ့ရာ အစိုးရဘက်က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံမျိုးဆိုလျှင် အဆင်မပြေနိုင် ကြောင်း ပြန်လည် သဘောထား ပေးခဲ့သည်ဟုလည်း နဲနယ်ဖလိုးက ဆိုသည်။

သို့သော်လည်း လာမည့် ၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြည်နယ်အစိုးရနှင့် KNPP ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြကြောင်း KNPP ဘက်က ဆိုသည်။

KNPP မှ နဲနယ်ဖလိုးက “KNPP ဘက်ကတော့ အချိန်ကာလထက် ဆွေးနွေးမှု ရလဒ်ကို ပိုပြီးတော့ ဦးစားပေးတယ်၊ အခု ဆွေးနွေးမှုမှာ ကျနော်တို့ လိုချင်သလောက် မရသေးဘူး၊ တိုးတက်မှုတွေ ကလည်း အားရစရာ မရှိသေးဘူး၊ ပြည်နယ်ထဲမှာလည်း ပဋိပက္ခတွေ ဆက်ပြီးတော့ ဖြစ်နေတယ်၊ NCA အကောင် အထည်ဖော်မှု အပိုင်းမှာလည်း အားနည်းမှုတွေ ရှိနေတယ်။ အဖက်ဖက်က ဒီလို ရှိနေတော့ ကျနော်တို့ဘက်က တွေ့ဆုံ ဆွေးနွေးမှုကို ဆက်လုပ် သွားချင်သေးတယ်၊ စိန်ခေါ်မှု တွေရှိနေတဲ့ ဟာတွေ ကို ဝိုင်းပြီးတော့ ဖြေလျှော့နိုင်ဖို့ပေါ့နော်၊ ရလဒ်ကောင်းမှ ထိုးတာပေါ့ အကောင်အထည်ဖော်မှု အပိုင်းမှာလည်း အားကောင်းမှာပေါ့” ဟု ပြောသည်။

KNPP အနေဖြင့် NCA ထိုးနိုင်ရေး အခက်အခဲ ဖြစ်ပွားနေသော အချက်များမှာ ကယားပြည်နယ်အစိုးရနှင့် ကယားလူထုကြား ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး သဘောထား ကွဲလွဲမှု ဖြေရှင်း မရသေးခြင်း အပါအဝင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦး တပ်မတော်နှင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားသောကိစ္စ ဖြေရှင်း မရသေးခြင်းနှင့် NCA ထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြေလည် ဖြစ်နေခြင်း များကြောင့်ဟု သိရသည်။

KNPP သည် ၁၉၉၅ ခုနှစ် မတ်လက တပ်မတော် အစိုးရဖြင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း ၃ လ အကြာမှာ ပြန်လည်၍ ပျက်ပြားသွားခဲ့ကြသည်။ ထို့နောက် ၂၀၁၂ ခုနှစ်မှာ တဖန် ပြန်လည် ဆွေးနွေးခဲ့ကြပြီး ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြကာ ယခု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးနိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။

ဆက်စပ်ဖတ်ရှု့ရန်ငြိမ်းချမ်းရေး၌ အများကြားကောင်းအောင် သဘောတူသည့် အဆင့်ထက် ကျော်လွန်ဖို့ KNPP ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading