၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပုဒ်မ ၅၉ (စ) ကဲ့သို့ မပြင်သင့်သည့် ပုဒ်မများ မပြင်ဆင်ရေး အတွက် ဇူလိုင်လ ၁၇ ရက်၌ မန္တလေးမြို့တွင် လူအင်အား ထောင်ချီ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ယနေ့ မနက်ပိုင်းက သံဃာတော်များ၊ နိုင်ငံရေး ပါတီများနှင့် အမျိုးသားရေး အဖွဲ့အစည်း အသီးသီးက လူအင်အား ၁၀၀၀ ကျော်ဖြင့် ၆၆ လမ်းနှင့် ၃၆ လမ်းမှ ၆၂ လမ်း ၃၇ လမ်း မနော်ရမ္မံ လူထုဟစ်တိုင် အနီးသို့ ငြိမ်းစုစီ ဥပဒေနှင့် အညီ ချီတက် လမ်းလျှောက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဥပဒေနှင့် အညီ ပြင်ဆင်ရေး ဆန္ဒ ထုတ်ဖော်ခဲ့ ကြခြင်းဖြစ် သည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ဝံသာနုအားမာန် အဖွဲ့ (အထက်မြန်မာပြည်) မှ ကို ကျော်မျိုးရွှေက “ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တာကို လက်မခံတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ပြင်ဆင်ပေးဖို့ ဆန္ဒထုတ်ဖော်ရတာပါ။ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်ထဲမှာ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တွေ အတိုင်း ပြင်ဆင်ဖို့ အတွက်ပါ” ဟု ပြောသည်။
ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ရာတွင် အခန်း ၁ မှ အခန်း ၁၅ အထိ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြု စုစည်းချက် ၃၇၆၅ ချက် ရှိကြောင်း သိရသည်။
ကိုကျော်မျိုးရွှေက “လွှတ်တော်မှာ ၄၅ ဦး ကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မယ့် မူကြမ်းတင်သွင်းမယ် ဆိုတဲ့ အသံတွေ ကြားတယ်။ ဘာတွေ တင်သွင်းမယ် ဆိုတာတော့ ကျနော်တို့ အတိအကျ မသိရသေးဘူးပေါ့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီးတော့ ပြင်ဆင်တဲ့နည်း၊ ဘယ်နည်းနဲ့ ပြင်ဆင်တာမျိုးကိုမှ ကျနော်တို့ လက်မခံဘူး ဆိုတဲ့ အကြောင်း အခုလို ဆန္ဒဖော်ထုတ်ရတာပါ” ဟု ရှင်းပြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၅၀၀ နှင့် ပြုလုပ်မည်ဟု ငြိမ်းစုစီ ဥပဒေနှင့် အညီ တင်ပြခဲ့သော်လည်း ဆန္ဒထုတ် ဖော်ရာ၌ အင်အား ၁၀၀၀ ကျော် ပါဝင်ခဲ့ရာ ၎င်းက “ ငြိမ်းစုစီ ဥပဒေ အတိုင်း တင်တာက အင်အား ၅၀၀ ပါ။ သတ်မှတ် အင်အားထက် ကျော်လွန်သွားတာက ကျနော်တို့နဲ့ ရင်ဘတ် တူသူတွေက လာရောက် ဝန်းရံကြတာ ဖြစ်ပါတယ်” ဟု ပြော သည်။
ဆန္ဒထုတ်ဖော်ရာတွင် အခြေခံ ဥပဒေအား အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များ အတိုင်း ပြင်ဆင်ရေး၊ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ ကို မူလအတိုင်း ထားရှိရေး၊ ပုဒ်မ ၄၃၆ အတိုင်း ဆောင်ရွက်ရေး၊ ပုဒ်မ ၃၆၁ ကို ကာကွယ် ဆောင်ရွက်ရေး၊ အခြေခံဥပဒေ အခန်း ၁ ပါ ပြဋ္ဌာန်းချက်များကို ဆက်လက် ထားရှိရေး စသည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။
မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြောရေး ဆိုခွင့်ရှိသူ ကိုဇော်အောင်ထက်က “ဒို့တာ ဝန် အရေးသုံးပါးကို မထိခိုက်တဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့ကို ကျနော်တို့ အနေနဲ့ ထောက်ခံပါတယ်။ ကျနော်တို့ ပါတီ အနေနဲ့ ကလည်း ၅၉ (စ) နဲ့ အခြားပုဒ်မ အချို့ကလွဲရင် ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မူဝါဒ အားဖြင့် သဘောတူထား ပြီးသား ဖြစ်ပါတယ်။ အခုဆန္ဒပြပွဲမှာလည်း ၅၉ မပြင်ဆင်ဖို့ ပါနေတော့ ထောက်ခံတဲ့ အနေနဲ့ ပြည်သူ တယောက် အနေနဲ့ လာရောက်ခဲ့ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ပုဒ်မ ၅၉ (စ)ကဲ့သို့ မပြင်သင့်သည့် ပုဒ်မများအား ပြင်ဆင်ခဲ့ပါက လူထု အင်အားများစွာဖြင့် ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများကို ဆက်လက် ပြုလုပ်သွားမည် ဟု သိရသည်။
ကိုကျော်မျိုးရွှေက “လွှတ်တော်ကနေ ကျနော်တို့ တောင်းဆိုနေတဲ့ ဆန္ဒတွေထက် ကျော်လွန်ပြီး လုပ်လာခဲ့ရင်တော့ ဒီမို ကရေစီမှာ အာဏာသည် ပြည်သူ့ထံက သက်ဆင်းတယ်လို့ ပြောတဲ့အတွက် ပြည်သူ့ထံ အာဏာ ပြန်ရောက်အောင် လုပ် ရမှာပေါ့။ ဒါကြောင့် ကျနော်ပြောချင်တာက လက်ရှိ နိုင်ငံတော် အစိုးရအဖွဲ့ရော၊ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ရော တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးကို ကြည့်ရှုပြီးတော့ စေတနာပါပါနဲ့ အလုပ်လုပ်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် က အဖွဲ့ဝင် ၄၅ ဦးနှင့် ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် အစည်းအဝေးများအား စတင် ကျင်းပခဲ့ပြီး ဇူလိုင်လ ၁၃ ရက် တွင် ပြီးစီးခဲ့သည်။
ယခုအခါ အခြားမြို့များတွင် အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားသည့် ၄၅ ဦး ကော်မတီ၏ အစီရင်ခံစာကို ထောက်ခံသည့် ဆန္ဒပြပွဲ ပြုလုပ်မှုများလည်း ရှိသည်။
You may also like these stories:
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော
ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဂယက် နှင့် သဘောထား အမြင်များ
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညီညွတ်စွာ ပူးပေါင်း ပါဝင်ရန် ထောက်ခံပွဲက တိုက်တွန်း
နိုင်ငံရေး အကျပ်အတည်း မဖြစ်အောင် ဖွဲ့ စည်းပုံ ပြင်ဖို့ တပ်မတော် တိုက်တွန်း