၂၀၀၈ ဖွဲ့စည်းပုံကို အချက်ပေါင်းများစွာ ပြင်ဆင်ရန် ကြိုးပမ်းမှုသည် အခြေခံဥပဒေ အတွက် အန္တရာယ် ရှိကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ပြော သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားကို မီဒီယာများက မေးမြန်းရာ အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက လွှတ်တော်သို့ ဇူလိုင်လ ၁၅ ရက်တွင် အချက်ပေါင်း ၃၇၀၀ ကျော် ပါရှိသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြု ချက်များကို အစီရင်ခံစာနှင့် အတူ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် မောင်မောင်က “အားလုံးမြင်တဲ့ အတိုင်းပဲ အကုန်လုံး ၃၇၆၅ ချက်ပေါ့။ နည်းတဲ့အချက်တွေ မဟုတ်ဘူး။ ဒါတွေ ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လောက် အန္တရာယ်ရှိလာလဲ မြင်ရမှာပဲ” ဟု ပြောသည်။
မည်သို့မည်ပုံ အန္တရာယ်ရှိသနည်း ဆိုသည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင် NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က ကော်မတီတွင် ပါဝင်သည့် ပါတီ အဖွဲ့အစည်း ၁၅ ခု၏ ပြင်ဆင်လိုသည့် အချက်များကို ပေါင်းလိုက်ခြင်းကြောင့် အရေအတွက် အားဖြင့် ၃၇၀၀ ကျော် ဖြစ်သွားသော်လည်း ပုဒ်မများမှာ မူရင်း ပုဒ်မများ အတိုင်းဖြစ်ပြီး ထပ်တိုး သွားခြင်း မရှိဟု ဆိုသည်။
ဦးရည်မွန်က “တဖွဲ့ချင်း အလိုက် ကိုယ်ပိုင် အမြင် သဘောထားနဲ့ ပြင်ဆင်မှုတွေ တင်ကြလို့သာ အရေ အတွက် ၃ ထောင် ကျော် ဖြစ်သွားတာပါ။ ပုဒ်မအရ ပြောမယ် ဆိုရင်တော့ နဂို ၂၀၀၈ မှာ ပါတဲ့ ပုဒ်မ အတိုင်းပါပဲ။ ဘာမှ သိပ်ပြီး ထူးထူးခြား ခြား ပြောင်းလဲသွားတာ မရှိပါဘူး” ဟု ပြောသည်။
အလားတူ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင် NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းကလည်း ယခု အစီရင်ခံစာပါ အချက် သုံးထောင်ကျော်မှ ဘုံသဘောတူညီချက် ရရှိရန် ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်ပြီး ချက်ချင်း မဲခွဲ အတည်ပြုမည့် အဆင့် မဟုတ်သေးကြောင်း ပြောဆိုသည်။
ဦးနေမျိုးထွန်းက “ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ဖို့တောင် ဒီနေ့ ရန်ကုန်မှာ အုန်းအုန်းကျွတ်ကျွတ် ထောက်ခံနေကြတာပဲ။ ဘာ မှ အန္တရာယ် မရှိပါဘူး။ ဒီ ဥစ္စာ (အချက်ပေါင်း ၃၀၀၀ ကျော်)ကို အကုန် ဆောင်ရွက်မှာမှ မဟုတ်ဘဲ။ တင်ထားတဲ့ အချက် တွေက ပါတီ အလိုက်ကို ဖြန့်ပေါင်းလိုက်လို့ အချက်တွေက အဲဒီလို ဖြစ်တာပါ။ ဥပမာ ၇ ပါတီက ပြင်ချင်တော့ ၇ ချက် ဖြစ် သွားတာ။ အဲဒီထဲကမှ ဘုံတချက်ပဲ ရမှာလေ” ဟု ပြောသည်။
လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် အာဏာရပါတီ၏ ချည်းကပ်ပုံမှာ ပထမအဆင့်တွင် အားလုံး ပါဝင်လာနိုင် ရေး ဖြစ်ပြီး ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေး အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း၊ ယခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်များကို ဥပဒေကြမ်း တခု ဖြစ်လာအောင် ဆက်လက် အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း NLD ကိုယ်စားလှယ်များက ပြောဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုသည် ဥပဒေနှင့် မညီသည့် အတွက် ယင်း ပူးပေါင်းကော်မတီ၏ အစည်းအဝေးတွင်လည်း တပ်မတော် အနေဖြင့် သီးခြား သဘောထား မှတ်ချက်ပေးခဲ့ခြင်း မရှိဟု ဗိုလ်မှူးချုပ် မောင်မောင် က ဆိုသည်။
ထို့ပြင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်ဘက်က ဆွေးနွေးမည် မဆွေးနွေးမည်ကို လတ်တလော ဆုံးဖြတ်ရခြင်း မရှိသေးဟုလည်း ၎င်းက ဆက်လက် ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ မဆောင်ရွက်ခြင်းကြောင့် ရှေ့ဆက် ဆောင်ရွက်ရာတွင် ပြဿနာ ရှိနိုင် ကြောင်း၊ ယခုကဲ့သို့ အချက်ပေါင်း သုံးထောင်ကျော် ရှိနေခြင်းကြောင့် အဆင်မပြေနိုင်ကြောင်းလည်း ဝေဖန်ပြောဆိုသည်။
ဦးသောင်းအေးက “တဖွဲ့နဲ့ တဖွဲ့ အဆင်မပြေတာတွေ၊ သူ့ အယူအဆ ကိုယ့်အယူအဆ ဒါတွေ ငြင်းကြ ခုံကြမယ်။ လွှတ်တော်ထဲမှာလည်း အငြင်းအခုံတွေ ဖြစ်လာနိုင်တယ်။ အပြင်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အများကြီး ဖြစ်နိုင်တယ်” ဟု သတင်းထောက်များကို ပြောသည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင်လို သည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေးသားပြုစု၍ ပြည် ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရှိ နိုင်ငံရေး ပါတီ အစုအဖွဲ့ အသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့၏ ပြင်ဆင်၊ ဖြည့်စွက် အကြံပြုချက်များတွင် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီ အများစုက တပ် မတော်၏ လွှတ်တော်တွင်း ပါဝင်မှုကို လုံးဝ ပယ်ဖျက်ရန် အကြံပြုထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တ ဆင့်ချင်း ဆုတ်ခွာနိုင်ရန် အကြံပြုထားသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်၌ NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါ ဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှု့ရန်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စနစ်တကျပြင်ရန် တပ်ချုပ်ပြော
NLD ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှု မအောင်မြင်နိုင်ဟု သမ္မတရုံး ဝန်ကြီးဟောင်း ပြော