ဇွန်လက တယ်လ်အဗစ်တွင် ကျင်းပသည့် လက်နက်ပြပွဲတခုသို့ မြန်မာစစ်အရာရှိများကို ဖိတ်ကြားခဲ့ခြင်းအတွက် နိုင်ငံတကာတွင် သိက္ခာကျဆင်းရသောကြောင့် အနာဂတ်တွင် ကျင်းပမည့် အစ္စရေးလက်နက်ပြပွဲများသို့ မြန်မာ့တပ်မတော်ကို ဖိတ်ကြားတော့မည် မဟုတ်ကြောင်း အစ္စရေး သတင်းစာတစောင်၏ အဆိုအရ သိရသည်။
အစ္စရေးကာကွယ်ရေးနှင့် အမိမြေလုံခြုံရေးပြပွဲ (ISDEF) သို့ မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီးနှစ်ဦးတို့ တက်ရောက်သည့်ပုံကို အစ္စရေးသတင်းစာတစောင်ဖြစ်သည့် ဟာရက်ဇ် Haaretz က ဇွန်လအတွင်း ဆောင်းပါးတပုဒ်တွင် ဖေါ်ပြခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့တပ်မတော်တို့ ဆက်ဆံရေးကို မေးခွန်းများ ထုတ်လာသောကြောင့် အစ္စရေးအစိုးရက အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်သို့ လက်နက်ရောင်းချခြင်း မရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ယခင်ကပင်ငြင်းဆိုခဲ့ဖူးသော်လည်း အဆိုပါ သတင်းစာ ဆောင်းပါးကြောင့် စစ်ရေးလေ့လာသူများအကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အိမ်ရှင်နိုင်ငံများက ဖိတ်ခေါ်လာပါက တပ်မတော်အရာရှိများသည် ထိုသို့သော ပွဲများသို့ တက်ရောက်မည်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ဇွန်လ ၇ ရက်နေ့တွင် ပြောခဲ့ဖူးသည်။
သို့သော် လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်ပိတ်ပင်မှုပြုလုပ်ထားသည့် ကာလပတ်လုံး မြန်မာစစ်အရာရှိများကို ယခုလမှ စတင်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမည်မဟုတ်ကြောင်း ဟာရက်ဇ် သတင်းစာက ဇူလိုင်လ ၁၇ ရက်နေ့က ဖော်ပြခဲ့သည်။
ISDEF ပြပွဲကို ကမ္ဘာတဝှမ်းမှ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်သော်လည်း မြန်မာ့တပ်မတော်က တက်ရောက်သောကြောင့် အစ္စရေးနိုင်ငံသည် ကျယ်ပြန့်စွာ ဝေဖန်ခံရကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အနာဂတ်တွင် သိက္ခာကျဆင်းရမည့်အရေးကို ရှောင်ရှားရန် မြန်မာနှင့် အခြားလူ့အခွင့်အရေးချိုးဖေါက်သည့်နိုင်ငံများမှ အရာရှိများကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးတော့မည်မဟုတ်ကြောင်း အစ္စရေးအရာရှိများ၏ ပြောဆိုချက်များကို အခြေခံကာ ဟာရက်ဇ် သတင်းစာက ရေးသားထားသည်။
“အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်း မရှိကြောင်းနှင့် ထိုမူဝါဒသည် မပြောင်းလဲကြောင်း” အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ အီမန်ညူရယ် နာရွှန်ကပြောသည်ဟု ဟာရက်ဇ် သတင်းစာက ဆိုသည်။
ယခု သတင်းသည် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုကြသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်သောကြောင့်ဟုဆိုကာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ်အောင်အောင်အပြင် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန်နိုင်ငံက အင်္ဂါနေ့တွင် ခရီးသွားလာခွင့် ပိတ်ပင်လိုက်ခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို လူမျိုးသုတ်သင်မှုပြုလုပ်စဉ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် တရားစီရင်မှုမဲ့ သတ်ဖြတ်မှု ကျူးလွန်သည့် စစ်သားများကို ပြန်လွှတ်ပေးလိုက်ခြင်းသည် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ တာဝန်ယူမှု လုံးဝကင်းမဲ့ခြင်း ဆက်လက်ရှိနေကြောင်း ပြသသည့် ဆိုးရွားလှသော ဥပမာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာ့တပ်မတော်၏ ၂၀၁၇ ခုနှစ်များ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများသည် လူမျိုးတုန်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ကုလသမဂ္ဂက သတ်မှတ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်က တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ထိုစစ်ဆင်ရေးများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လအနည်းငယ်အတွင်း မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်ဘက် ထိပ်တန်းခေါင်းဆောင်များကို ထိုစစ်ဆင်ရေးများအတွက် တာဝန်ယူမှုရှိစေရန် နိုင်ငံတကာရာဇဝတ်တရားရုံး ICC တွင် စစ်ဆေးရေးကို တောင်းဆိုကြသည်။
မကြာသေးမီရက်များအတွင် ICC မှ တရားစွဲရှေ့နေများသည် ပဏာမ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ရဟု တပ်မတော် ပြော
အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင်
တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်