၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင်(7 July) အရေးအခင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်သို့ လမ်းလျှောက် ချီတက် ခဲ့ကြသည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၈ ဦးအား ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရမှုတွင် ၂ ဦးက အာမခံ မယူခဲ့ သည့် အတွက် အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသူ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၈ ဦး အနက် ဦးဆောင်သူ ၂ ဦး ဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ရာ အာမခံ လျှောက်ထားခြင်း မရှိသဖြင့် အင်းစိန်ထောင် သို့ အချုပ်ဖြင့် ပို့လိုက်ကြောင်း ၎င်းတို့ ရုံးချိန်း သို့ သွားရောက် ဝန်းရံခဲ့သည့် ကိုနန်းလင်းက ပြောသည်။
“သူတို့ကို မနေ့ကမှ အိမ်ကို တရားရုံးမှာ လာရင်ဆိုင်ဖို့ အကြောင်းကြားတာ။ တရားရုံးရောက်တော့ တရားသူကြီးက မေး တယ်။ သူတို့မှာ အပြစ်ရှိလားဆိုတော့ မရှိဘူးဖြေတယ်။ အဲဒီတော့ တရားရုံး ထုံးစံအတိုင်း ဆက် စစ်မယ်ပေါ့။ အာမခံတင် မလား ထပ်မေးတော့ မယူဘူး၊ ဒါက နိုင်ငံသား အခွင့်အရေးအတိုင်း သူတို့လုပ်ခဲ့တာလို့ ဖြေတယ်။ အဲဒီ တော့ အာမခံ မတင်တဲ့အတွက် သူတို့ကို အင်းစိန်ထောင်ကို အချုပ်နဲ့ ပို့လိုက်တယ်”ဟု ကိုနန်းလင်းက ရှင်းပြသည်။
ကျန်ရှိသည့် ၆ ဦးကို ကမာရွတ်မြို့နယ် တရားရုံးတွင် ယနေ့ စတင် တရားစွဲတင်ခဲ့ရာ ၄ ဦးမှာ အာမခံ လျှောက်ထား ခဲ့ပြီး ကိုယ်ပိုင်ခံဝန် အာမခံ ရရှိခဲ့ကြောင်း၊ ၂ ဦးမှာ ယနေ့ရုံးချိန်းသို့ လာရောက်ခြင်းမရှိကြောင်း တရားစွဲဆိုခံရသည့် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ ၆ ဦးမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ မအိသီရိကျော် နှင့် အပြာရဲ့အနီ သံချပ်အဖွဲ့မှ ကဗျာဆရာ ကိုခန့်မင်းထက်တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင်(7 July) အရေးအခင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်သို့ လမ်း လျှောက် ချီတက်ခဲ့ကြသဖြင့် ကမာရွတ်ရဲစခန်းမှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားပြီး ယခင်က တရားရုံးချိန်းကို ဇူလိုင် ၂၃ ဟု သတ်မှတ်ထားသော်လည်း ဇူလိုင် ၁၈ ရက် နေ့တွင် တရားရုံးသို့ ချက်ချင်း စွဲချက်တင်ခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ ဇူလိုင် ၁၇ ရက်နေ့က ၎င်းတို့အပါအဝင် တက္ကသိုလ်ကျောင်းသားများကို တရားစွဲဆိုထားသည့် အမှု များ ရုပ်သိမ်းပေးရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် ဥပဒေပုဒ်မများကို ဖယ်ရှားပေးရေးအတွက် ရန်ကုန် တက္ကသိုလ် ရှေ့တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄၀ ခန့်မှ ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် တရားရုံးချိန်းရက် ပြောင်းလဲကာ ချက်ချင်းရုံးတင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု တရားစွဲခံထားရသည့် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မအိသီရိကျော်က ပြောသည်။
မအိသီရိကျော်က“မနေ့က(ဇူလိုင် ၁၇) က ကျမတို့ ဆန္ဒထုတ်ဖော်ပွဲအပြီး အိမ်တောင်ပြန်မရောက်သေးဘူး။ အိမ်မှာ ကျမ တို့ကို ကမာရွတ ်ရဲစခန်းကနေ ပုဒ်မ ၁၉ အမှု မနက်ဖြန်မှာ ချက်ချင်း တရားရုံးကို လာရင်ဆိုင်ပါလို့ ဖုန်းဆက် ထားပြီး နေပြီ။ အိမ်က ကျမတို့ကို ဖုန်းနဲ့ ပြန်ဆက်ပြောတယ်။ ဆိုလိုချင်တာက သူတို့က ကျမတို့ကို ဇူလိုင် ၂၃ မှ တရား ရုံးမှာ ရင်ဆိုင်ပါလို့ ပြောဆိုထားပြီး အခုချက်ချင်းလုပ်တယ်ဆိုတာတော့ ကျမတို့က ထပ်ဆန္ဒပြလိုက်တဲ့အပေါ် မူတည် သွားမယ် ထင်တယ်”ဟုလည်း ပြောဆိုသည်။
ထို့ပြင် မိမိတို့ကို တရားစွဲဆိုခြင်းသည် မည်သည့်အဖွဲ့အစည်းက ညွှန်ကြားသည့်အတွက် ယခုလို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲရသည်ကို တရားလိုဖြစ်သည့် ကမာရွတ်မြို့နယ် စခန်းမှူးပင် သေချာရေရာစွာ မရှင်းပြနိုင်ဟု တရားစွဲခံထားရ သည့် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က ပြောသည်။
ယနေ့ရုံးချိန်းတွင် တရားစွဲခံရသူ ၆ ဦးအနက် ၂ ဦး မလာရောက်သော်လည်း တရားခွင်အတွင်း ထိုသူများနှင့် ပတ်သက် ပြီး မည်သည့် မှတ်ချက်တစုံတရာမှ မြို့နယ်တရားသူကြီးက မပြုခဲ့ကြောင်း၊ တရားခွင်ပြင်ပတွင် ရှိနေသည့် ကမာရွတ် မြို့နယ် ရဲစခန်းမှူးကို မေးမြန်းရာတွင် စတင် တရားစွဲပြီးနောက် ၁၅ ရက်အတွင်း တရားရုံးသို့ လာရောက် ရင်ဆိုင်ခြင်း မရှိပါက တရားခံပြေးအဖြစ် သတ်မှတ်ရကြောင်း ပြောပြသည်ဟု သူက ဆက်ပြောသည်။
ကိုမင်းသွေးသစ်က“တရားစွဲတာမှာ စခန်းမှူးပြောတာက အထက်က စွဲပါလို့ ညွှန်ကြားတဲ့အတွက် စွဲတာပဲ ပြောတယ်။ ဘယ်အထက်ကလဲ၊ တိုင်းအစိုးရအဖွဲ့ကလား၊ ပြည်ထဲရေးကလားဆိုတာ သူတောင် မသိဘူး ပြောနေတယ်။ နောက်ပြီး ဒီနေ့ ကျနော်တို့ ၆ ယောက် တရားစွဲခံရတာမှာ ၄ ယောက်ပဲလာတယ်။ ကိုယ်ပိုင်ခံဝန် အာမခံကလည်း ၄ ယောက်ပဲ လုပ် တယ်။ ကျန်တဲ့ မလာသူ ၂ ယောက်အကြောင်း ဘာမှမပြောဘူး ဖြစ်နေတယ်”ဟုလည်း ရှင်းပြသည်။
လာမည့်ရုံးချိန်းကို ဇူလိုင် ၃၀ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
ငြိမ်းစုစီ ပုဒ်မ ၁၉ သည် သက်ဆိုင်ရာသို့ အသိပေး တင် ပြခြင်းမရှိဘဲ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။
ထိုပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ဖြစ်ပေါ်ခဲ့လျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ကျောင်းသား အဖွဲ့ဝင်များသည် ရန်ကုန်မြို့ ကမာ ရွတ် မြို့နယ် ဆင်ရေတွင်းမှ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် ကျောက်တိုင် အထိ ချီတက်၍ လွမ်းသူ့ ပန်းခွေချခြင်း ပြုလုပ်ခဲ့ကြသည်။
ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်နေ့သည် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရ က ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ဆန့်ကျင် ကန့်ကွက်သည့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ပစ်ခတ် နှိမ်နင်းမှုပြုလုပ်သောကြောင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့်နေ့ ဖြစ်သည်။
ရန်ကုန် တက္ကသိုလ် ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို မိုင်းခွဲ၍ ဖြိုဖျက်ခဲ့သည့် အထိမ်းအမှတ် လည်း ပါဝင်သည်။
You may also like these stories:
ဆဲဗင်း ဂျူလိုင် ချီတက်ခဲ့သူ ၈ ဦးကို ငြိမ်းစုစီ ပုဒ်မဖြင့် အမှုဖွင့်