ဧရာဝတီမြစ် အထက်ပိုင်းမှ ရေများဆင်းလာသဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မြင်းမူမြို့များတွင် လာမည့် နှစ်ရက် အတွင်း စိုးရိမ်ရေမှတ် အထိ မြစ်ရေ မြင့်တက်လာနိုင်ခြေ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သိရသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“မန္တလေးနဲ့ စစ်ကိုင်းကတော့ နောက်နှစ်ရက် အတွင်း ရေတက်လာမယ့် သဘောရှိတယ်။ မြင်းမူက သုံးရက်အတွင်း စိုးရိမ်ရေမှတ် အတွင်းရောက်မယ် ထုတ်ပြန်ထားပေမယ့် သူလည်း နှစ်ရက် လောက် အတွင်း ရောက်သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရေကြီးရေလျှံမည့် အခြေအနေကို ကြိုတင် ကာကွယ်ထားပြီး စိုးရိမ်ရေမှတ် ရောက်ခါနီးလျှင်လည်း တနာရီလျှင် တကြိမ် နှုန်း ပြည်သူလူထုကို အသိပေးရန် ပြင်ဆင်ထားကြောင်း မြင်းမူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင် က ပြောသည်။
“မြို့ပေါ်ကတော့ ဧရာဝတီမြစ်ကမ်း တလျှောက်မှာ ကွန်ကရစ်တာရိုးနဲ့ ပိတ်ထားပြီးသား ဘာမှအန္တရာယ် မရှိဘူး။ ဧရာဝတီ မြစ်ဘေးမှာ ရှိတဲ့ ကျေးရွာတွေကတော့ ရေများလာလို့ ကမ်းပြိုတာတွေဘာတွေ ဖြစ်လာရင် ရေပိတ်သင့်တဲ့ နေရာတွေမှာ သဲအိတ်တွေ ပိတ်ချဖို့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတယ်”ဟု ၎င်းက ဆိုသည်။
လက်တလောတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာ၊ ခန္တီး၊ ထီးချိုင့်တို့ရှိ အိမ် ထောင်စု ၁၅၄၃ စု၊ လူဦးရေ ၇၄၇၅ ဦးကို ရေဘေးရှောင်နေရာ နေရာ ၁၂ ခုသို့ ပြောင်းရွှေ့ပေးထားပြီး ဖြစ်ကြောင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရသည်။
ထို့ပြင် မန္တလေးတိုင်း ဒေသကြီးတွင်မူ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့တို့မှ အိမ်ထောင်စု ၂၇၉ စု လူဦးရေ ၁၃၃၈ ခုကို ရေဘေးရှောင် နေရာ ၇ ခုသို့ ပြောင်းရွှေ့ပေးထားကြောင်းလည်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက“ကချင်နဲ့ ရခိုင်နှစ်ခုကတော့ ရေကျ နေပြီ ဖြစ်တဲ့အတွက် ပြန်ရွှေ့နေကြပြီ။ လတ်တလောကတော့ စစ်ကိုင်းနဲ့ မန္တလေးမှာတော့ ဖြစ်နေတယ်။ မန္တလေးက တော့ နောက်ဆုံးဖြစ်တာပေါ့။ စစ်ကိုင်းမှာဆိုရင် ၁၂ ရက်နေ့လောက်က စဖြစ်တာ။ မန္တလေးကတော့ ၁၅ ရက်နေ့က စဖြစ်တာ”ဟု ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် ဧရာဝတီမြစ် အထက်ပိုင်း တလျှောက် ရေများ စတင် ကျဆင်းနေပြီ ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“ဗန်းမော်၊ ရွှေကူက တရက်အတွင်းမှာ စိုးရိမ်ရေမှတ်အောက်ကို ကျသွား နိုင်ပြီးတော့ ကသာကတော့ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ကျသွားမယ့် အနေအထားရှိပါတယ်”ဟု ဆိုသည်။
ဇူလိုင်လ ၁၈ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်များ အရ ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ၂၃ စင်တီမီတာ၊ ရွှေကူမြို့တွင် ၂၆ စင်တီမီတာ၊ ကသာမြို့တွင် ၄၁ စင်တီမီတာအထိ အသီးသီးရှိနေသော်လည်း ယမန်နေ့ကထက် ၁ ပေ ဝန်းကျင်ခန့် ကျဆင်းနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက် အတွင်း ပေဝက် ခန့် ဆက်လက် တက်လာနိုင်ကာ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလ က ကြေညာထား သည်။
ချင်းတွင်းမြစ်ရေမှာလည်း ဟုမ္မလင်းမြို့တွင် စတင်ကျဆင်းနေပြီဖြစ်ပြီး ဖောင်းပြင်မြို့နယ်တွင်လည်း လာမည့်မနက်မှ စတင်ကာ ပြန်လည် ကျဆင်းသွားမည်ဖြစ်သဖြင့် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ဇူလိုင်လအတွင်း၌ ကချင်၊ ပဲခူး၊ မွန်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ မန္တလေး စသည့် ပြည်နယ်နှင့် တိုင်း ၇ ခုတွင် ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။