ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်းမြို့နယ် တို့တွင် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သတင်း ရရှိသည်။
ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာအနီး တောင်တန်းများတွင် ဇူလိုင်လ ၁၇ ရက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်းလည်း AA သတင်းပြန်ကြားရေတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက“ကံပြင်ရွာ တောင်တန်းအနီးမှာ မနေ့က တိုက်ပွဲဖြစ်တာ ရှိတယ်။ တပ်က အင်အား ၁၅၀ လောက် ကျနော် တို့ ရှိတဲ့ နေရာကို ထိုးဖောက် ဝင်ရောက်လာတဲ့အတွက် ကျနော်တို့ ကွန်မန်ဒိုတွေက ကြားဖြတ် တိုက်ခိုက် တယ်။ တိုက်ပွဲ က တော့ တော်တော်ပြင်း ထန်တယ်။ နေ့လယ် ၂ နာရီလောက်ကတည်းက ဖြစ်တာ ညနေ ၉ နာရီ လောက် အထိ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုဘူးသီးတောင် မြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ထိခိုက်ကျဆုံးမှု များပြားပြီး AA တပ်ဖွဲ့ဝင် ၂ ဦး လည်း ကျဆုံးခဲ့မှု ရှိခဲ့ကာ ယနေ့တွင်လည်း ကံပြင်ကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ကြောင်း ဦးခိုင်သုခ က ဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်းက ဒေသခံများကလည်း ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော်က လက်နက် ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ကာ ရဟတ်ယဉ်ဖြင့် လာရောက် တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ရကြောင်း ပြော သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း ယမန်နေ့က ကံပြင်ကျေးရွာ အနီး နှင့် ချင်းပြည်နယ် နယ်စပ်တို့တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“ဘူးသီးတောင် ကံပြင်ကျေးရွာအနီးမှာ မနေ့က တိုက်ပွဲဖြစ်တယ်။ ၃ နာရီလောက်ကြာ တယ်။ အဲဒီနေရာက AA အဖွဲ့တွေ သွားလာလှုပ်ရှားတဲ့နေရာဗျ။ AA အဖွဲ့ဆီက အလောင်း၊ လက်နက်တွေ ရတာ ရှိ တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ကလည်း နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သလို ယနေ့တွင်လည်း ဥယျာဉ်သာ ကျေးရွာ နှင့် ရှစ်ရှားတောင် ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရစ်ရှားတောင်ကျေးရွာ အတွင်း နေအိမ် ၂ လုံး မီးရှို့ခံရ ကြောင်း ဒေသခံများက ပြောပြသည်။
ဘူသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက“ဒီနေ့ ဥယျာဉ်သာရွာနဲ့ ရှစ်ရှား တောင်ရွာကြားမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ အဲဒီမှာ ရှစ်ရှား တောင်ရွာထဲက ကျနော့်ညီ မောင်အေးခင် အိမ်နဲ့ မောင်သာညွန့် တို့ရဲ့ နေအိမ် ၂ လုံး မီးရှို့ခံခဲ့ရတာရှိတယ်။ ရွာသားတွေ ပြောတာတော့ စစ်သားတွေ ရွာထဲကို ဝင်သွား တယ်။ မကြာဘူး အိမ် မီးလောင်တယ်ဆိုတော့ စစ်သားတွေ ရှို့တာလို့ပဲ ပြောကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ရှစ်ရှားတောင်ကျေးရွာသားများမှာ တပ်မတော် စစ်ကြောင်း ညလာရောက်သည့် အတွက် ကျေးရွာသားများ ထွက် ပြေးကြရာ ရွာအတွင်း အသက် ၉၀ အရွယ် အဘွားအို ၁ ဦးနှင့် စိတ်မနှံ့သည့် ရွာသား ၂ ဦး ကျန်ရစ်ခဲ့ကြောင်းလည်း ဦးအောင်သောင်းရွှေက ဆက်လက် ပြောကြားသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်အနေနှင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နေသည့် အဖွဲ့ အစည်း တခုဖြစ်သည့်အတွက် ဒေသခံ ပြည်သူလူထု အကျိုးယုတ်စေမည့် အလုပ်ကို လုပ်ဆောင်ခြင်း မရှိကြောင်း ပြောဆိုသည်။
၎င်းက“ကျနော်တို့က ရခိုင်ဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်တယ်။ အဲဒါကြောင့်မို့ ဒေသခံ ပြည်သူလူထု အကျိုး ယုတ်စေမယ့် အလုပ်တွေကိုတော့ မလုပ်ဘူးခင်ဗျ။ နေအိမ်တွေကို မီးရှို့တယ် ဆိုတာက စွပ်စွဲချက် တခုသာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းမှ ဒေသခံကျေးရွာသားများအနေဖြင့် AA အဖွဲ့ကို အားပေး ထောက်ခံနေသမျှ တိုက်ပွဲများ ဆက်လက် ရှည်နေဦးမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော် ကလည်း အမ်းမြို့နယ် မဲသံကြိုးကျေးရွာအနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲတွင် တပ်မတော်ဘက်က တပ်ဖွဲ့ဝင် ၂၀ မျက်မြင် ကျဆုံးမှု ရှိကြောင်း ဦးခိုင်သုခက ဆိုသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ အမ်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားသည် ဆိုသည့် သတင်းကို မကြားသိရ သေးကြောင်း ဧရာဝတီသို့ ပြောသည်။
အမ်းမြို့နယ် အတွင်းက မဲသံကြိုးကျေးရွာမှာ မြေပုံမြို့နယ်နှင့် နီးစပ်သည့်အတွက် မြေပုံမြို့နယ် အတွင်းက ဒေသခံ ကျေးရွာသားများမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားရသည်ဟု ဆိုကြသည်။
မြေပုံမြို့နယ် အတွင်းက ကန်းထောင်း ကြီးကျေးရွာသားများမှာ စိုးရိမ်သည့်အတွက် ယနေ့ ဈေးဆိုင်ခန်းများကို ပိတ် ထားကြကြောင်း ကန်းထောင်းကြီး ကျေးရွာသားများက ပြောသည်။
အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က မဲသံကြိုး ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဘဲ တပ်မတော် က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်
ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းမည်း ကျေးရွာကြားနှင့် ခမီကြိမ်ချောင်းကြားတွင်လည်း အင်အား ၁၀၀ ကျော် ရှိတဲ့ တပ်မတော် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သလို မြောက်ဦးမြို့နယ်အတွင်း အုတ်ဖိုကန် ကျေးရွာ အနီးတွင် လည်း တပ်မတော် စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်မတာ်သား ၃၀ ကျော်ကျဆုံးမှု ရှိ ကြောင်း ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက“မနေ့က ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ တပ်မတော် စစ်ကြောင်းကို ကျနော်တို့ တပ်ဖွဲ့ကြား ဖြတ် တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ တပ်မတော်ဘက်က ၃၀ ထက်မနည်း ကျဆုံးတာရှိတယ်။ ဒဏ်ရာ ရတာတွေ လည်းများတယ်။ လောလောဆယ် အရေအတွက် အတိအကျတော့ ပြောလို့ မရသေးဘူး”ဟု ဆိုသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ယမန်နေ့က ပုဏ္ဏားကျွန်း မြို့နယ် နှင့် မြောက်ဦးမြို့နယ် တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိဟု တုံ့ပြန်သည်။
ထို့ပြင် ယမန်နေ့က ချင်းပြည်နယ် ပလက်ဝ မြို့နယ် ပီတောင် တွင်လည်း တပ်မတော်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုက ပြောကြားသည်။
You may also like these stories:
ကျောက်တော် မိုင်းကွဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ
လက်နက်ပေါက်ကွဲသံများကြောင့် ပုဏ္ဏားကျွန်းဒေသခံများ ထွက်ပြေးနေရ
AA ခေါင်းဆောင်များကို ဖမ်း၊ မဖမ်း အစိုးရကိုသာ မေးရန် တပ်မတော် ပြော