သတင်း

အရပ်သားများ သေဆုံးမှု ခုံရုံး ရလဒ်ကို မူတည်၍ တရားစွဲသင့် မသင့် ဆုံးဖြတ်မည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပဋိပက္ခတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များ၏ စစ်ကြော ရေး၌ ဖမ်းဆီး စစ်ဆေးစဉ် သေဆုံးသွားသည့် အရပ်သားများနှင့် ပတ်သက်၍ တပ်မတော် စုံစမ်း စစ်ဆေးရေးခုံရုံး၏ စုံစမ်းမှု ရလာဒ် ပေါ် မူတည်ပြီး တရားစွဲသင့် မသင့်ကို ဆုံးဖြတ်သွားမည်ဟု သတင်းရရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အဓိကကတော့ စုံစမ်း စစ်ဆေးရေး ခုံရုံးရဲ့ ရည်ရွယ်ချက်က သက်သေခံတွေ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ စုလာတယ်။ ကျနော်တို့ တရားစွဲသင့် မစွဲသင့် ၊ အပြစ်ပေးသင့် မပေးသင့် တရားဥပဒေကြောင်း အချင်းအရာ အရ ကျနော်တို့က တည်ဆောက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်မတော်၏ စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ ဇူလိုင် ၁၂ ရက်ကတည်းက ရခိုင်ပြည်နယ်တွင်း စတင် စုံစမ်းစစ်ဆေးနေခြင်း ဖြစ်ပြီး ခုံရုံး၏ စုံစမ်းမှု လုပ်ငန်းစဉ်မှာ အနည်းဆုံး အချိန် ရက်သတ္တပတ် ၂ ပတ်ခန့်ကြာမြင့် နိုင်ကြောင်း သူကဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ကတော့ စုံစမ်းစစ်ဆေးရေးရဲ့ ခုံရုံး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ခုံရုံးကို တပ်မတော် နည်းဥပဒေအရ ဆောင်ရွက်တဲ့ အခါမှာ ပထမဦးဆုံးတော့ သက်သေ အထောက်အထား ခိုင်လုံစွာ ယူရတယ်။ တဖက်သတ်ပဲ ယူလို့ မရဘူး”ဟု ဆက်လက်ပြောသည်။

စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွင် ဖြစ်စဉ်တခုချင်းစီတွင် ပါဝင်သည့် တပ်မတော် အရာရှိများ၊ စစ်သည်များ၊ နယ်မြေ တွင် ရှိသည့် ဒေသခံများ၊ ဖြစ်စဉ်တွင် ဆက်စပ်ပါဝင် နေသူများကို ခေါ်ယူ မေးမြန်းခြင်း၊ သက်သေများ ရယူခြင်း၊ ထွက်ချက်များ ရယူခြင်းများ ပြုလုပ်မည် ဖြစ်သည်ဟုလည်း ရှင်းပြသည်။

စုံစမ်းစစ်ဆေးရေး ခုံရုံးမှ ယူဆောင်လာသည့် သက်သေများ၊ ထွက်ချက်များအပေါ် မူတည်၍ ဖြစ်စဉ် တခုချင်းစီတွင် ပါဝင်သည့် တပ်မတော်အရာရှိများ၊ စစ်သည်များကို အရေးယူသင့် မသင့်၊အပြစ် ပေးရန် သင့်မသင့်ကို ဆုံးဖြတ်မည်ဟု သိရသည်။

တပ်မတော်၏ စုံစမ်းစစ်ဆေးရေးခံုံရုံးမှ စုံစမ်းမည့် ဖြစ်စဉ်များမှာ မတ်လ ၁၂ ရက်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာမှ နာမကျန်းဖြစ်နေသည့် အမျိုးသား တဦးကို မြောက်ဦး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ တပ်မတော် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သဖြင့် ဆေးရုံံသို့ မရောက်ပဲ လူနာ သေဆုံးသွားသည့် ဖြစ်စဉ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် AA တပ်ဖွဲ့ဝင်များဟု မသင်္ကာသဖြင့် အမျိုးသား ၂၇ ဦးကို ဖမ်းဆီးထားစဉ် ၃ ဦး သေဆုံးသွားသည့် ဖြစ်စဉ်တို့ ဖြစ်သည်။

ထို့အပြင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ ရှိသည်ဟု မသင်္ကာမှု ဖြင့် အမျိုးသား ၂၀၀ နီးပါးကို ကျောင်းဝန်းအတွင်း ဖမ်းဆီးထားစဉ် တပ်မတော်မှ ပစ်ခတ်ခဲ့၍ ၈ ဦး သေဆုံးသည့် ဖြစ်စဉ် အပါအဝင် ဇွန်လ ၂၁ ရက်က မြောက်ဦးမြို့နယ် ဝေသာလီ ဘုရားအနီး ပေါက်ကွဲမှု၌ မသင်္ကာသူ အမျိုးသား ၁၀ ဦးကို ဖမ်းစဉ် ၂ ဦးမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားသည့် ဖြစ်စဉ်တို့လည်း ပါဝင်သည်။

အလားတူ မေ ၂၅ ရက်က ကျောက်တော်မြို့နယ်၊ မင်းသားတောင်တွင် မျှစ်ရှာသွားသည့် ဒေသခံ ဦးမောင်ကျော်လှိုင် ကို တပ်မတော်က ဖမ်းဆီးသွားပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ဆေးရုံသို့ လာပို့သွားပြီးနောက် သေဆုံး သွားသည့် ဖြစ်စဉ်လည်း ပါဝင်သည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ရခိုင်စစ်ပွဲကာလမှာ ကျနော် တို့ မြောက်ဦး မြို့နယ်က သေဆုံးတာနဲ့ ဖမ်းဆီးခံရတာ အများဆုံးဖြစ်တယ်၊ ကျနော်တို့ကတော့ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့က ဘက်မလိုက်ဘဲနဲ့ သေဆုံး၊ထိခိုက်ဒဏ်ရာရတဲ့ သူတွေ အပေါ်မှာ စေတနာ ထားပြီး မှန်မှန်ကန်ကန်လေး ဆောင်ရွက် ပေးပါလို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

သို့သော် စုံစမ်းစစ်ဆေးရေး လာမည့်အဖွဲ့မှာ တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့်သာ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပါက ၎င်း အပါအဝင် ရခိုင်လူထုက ယုံကြည်မှု ရှိမည် မဟုတ်ပါဟုလည်း သူက ဆိုသည်။

“ပွင့်လင်းမြင်သာမှု မရှိရင်တော့ ပြည်သူတွေက ယုံကြည်မှု ရှိမှာ မဟုတ်ဘူး။ စုံစမ်းစစ်ဆေးရေးပဲ ဖြစ်ဖြစ် လူ့အခွင့် အရေးကပဲ ဖြစ်ဖြစ် လာစစ်ဆေးတာကို တွေ့ရှိချက်တွေကို မှန်မှန်ကန်ကန် တင်ပြ မယ်။ အရေးယူပြတယ်၊ မှန်မှန် ကန်ကန်လေး ချပြမယ်ဆိုရင်တော့ ကျနော်တို့ ဒီဘက်က ကျေနပ် အားရမှာပါ” ဟုလည်း ဦးထွန်းသာစိန်က ပြောသည်။

သို့သော် သူ့အနေဖြင့် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်တွင်း တပ်မတော်မှ စုံစမ်း စစ်ဆေးမည့် အကြောင်းကိုလည်း မသိရှိ သေးသလို တပ်မတော်ဘက်မှလည်း စုံစမ်းစစ်ဆေး မည့် ကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်လာခြင်း မရှိပါဟု ပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဒေါ်သိန်းမရီက ၎င်းတို့ ကျေးရွာသို့ မည်သူမျှ လာရောက်မေးမြန်း ခြင်းများ ယနေ့ထိ မရှိသေးပါဟု ပြောသည်။

လက္ကာကျေးရွာတွင်း မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသူ ၂၇ ဦးတွင် ဒေါ်သိန်းမရီ၏ ခင်ပွန်းသည်လည်း ဖမ်းခံရသူ တဦးအပါ အဝင်ဖြစ်သည်။

ဒေါ်သိန်းမရီက “ကျမတို့ဆီကို သူတို့တပ်က အကြောင်းပြန်ချက် တစုံတရာ လာတာလည်း မရှိပါဘူး။ သူတို့ကြောင့် သေတာ မဟုတ်ဘူး ငြင်းတာပဲရှိပါတယ်။ ကျမတို့ရွာက ဖမ်းသွားတာ အကုန် ကျန်းမာ ရေး ကောင်းတယ်။ ဘယ်သူမှ ရောဂါ မဖြစ်ဘူး။ စစ်ကြောရေးလုပ်နေတဲ့ ၂ ရက်၊ ၃ရက်အတွင်းမှာ သေသွားတာမို့ သူတို့ကို ယုံကြည်မှု မရှိပါဘူး” ဟု ပြောသည်။

လက်ရှိ ဒေါ်သိန်းမရီ၏ အမျိုးသား အပါအဝင် လက္ကာရွာသား ၂၄ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ ၁၉၄၉ ခုနှစ် လက်နက် အရေးပေါ် ယာယီဥပဒေတို့ဖြင့် တရားစွဲဆို ထားသည်။

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့ အကြား ပဋိပက္ခ ဖြစ်ပွားသည့် ၇ လကျော် ကာလအတွင်း ထိခိုက်သေဆုံး သည့် အရပ်သား ၇၀ ကျော်ရှိပြီး ထိုထဲတွင် တပ်မတော်မှ မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးစဉ် စစ်ကြောရေး၌ သေဆုံး သူများ၊ စစ်ဆေးခံရပြီး ဒဏ်ရာများဖြင့် ဆေးရုံံသို့ ရောက်မှ သေဆုံးသူများမှာ စုစုပေါင်း ၁၆ ဦးရှိသည်။

၂၀၁၇ ခုနှစ်က တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင်း ARSA အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်မှုများ ဖြစ်ပွားစဉ် မောင်တောမြို့နယ်၊ အင်းဒင် ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရစဉ်ကလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်ပြီး ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများ၊ အရပ်သားများကို တရားရုံးတင် တရားစွဲသဖြင့် ထောင်ဒဏ်များ ကျခံခဲ့ရသည်။

သို့သော် ထောင်ဒဏ် ၁၀နှစ် ကျခံခဲ့ရသည့် တပ်မတော် အရာရှိ ၄ ဦးနှင့် စစ်သည် ၃ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်အထိ ပြစ်ဒဏ် ပေါ့လျော့ခဲ့ပြီး၊ တနှစ်အကြာတွင် လွှတ်ပေးခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ မန်စီမြို့နယ်တွင်း ကချင်စစ်ဘေးရှောင်ဒုက္ခသည် ၃ ဦးကို တပ်မတော်သားများက သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့ပြီး၊ ဒေသခံ ရွာသား များက အလောင်းများကို ပြန်လည်ဖော်က ဆေးစစ်ချက်များဖြင့် တိုင်ကြားသည့်အတွက် တပ်မတော် စစ်ဖက်တရားရုံးတွင် စစ်ဆေးပြီး တပ်ရင်းမှူး၊ အရာရှိများနှင့် စစ်သည်များ ၆ဦးကို အလုပ်နှင့် ထောင် ဒဏ် ၆နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး

ဖမ်းဆီးခံ မြောက်ဦးဒေသခံ ၁ ဦးသေဆုံး

ဖမ်းဆီးခံ ရွာသား ၁ ဦး ဒဏ်ရာများဖြင့် ဆေးကုနေစဉ် သေဆုံး 

ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ

ဖမ်းဆီးခံ မြောက်ဦး ဒေသခံများ စစ်ဆေးနေစဉ် ၃ ဦး သေဆုံး

သေဆုံးသွားသည့် ရွာသား ၆ ဦးအား သြင်္ဂိုဟ်ရာတွင် သရဏံဂုံ တင်ခွင့်မရ 

အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရသည့် လက္ကာရွာသားများ ဒုတိယအကြိမ် ရမန်ယူ

ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

မြောက်ဦး၌ လူနာ ၁ ဦး ဆေးရုံ ပို့စဉ် အဖမ်းခံရပြီး သေဆုံး 

မြောက်ဦး အောက်သားကန်ရွာကို တပ်က ပစ်၍ ၂ ဦးသေဆုံးဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading