ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း ရာသီတုပ်ကွေး Seasonal Influenza – A (H1N1) ရောဂါဖြစ်ပွားသူ ၂၉ ဦးရှိခဲ့ပြီး အဆိုပါလူနာများအနက် လူနာ ၅ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံမှ သတင်းရရှိသည်။
“ကျမတို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ရာသီတုပ်ကွေး သံသယလူနာ ၄၉ ဦး စစ်ဆေးရာမှာ ၂၉ ဦးမှာ ရောဂါပိုးရှိကြောင်း တွေ့ရပါတယ်။ အဲဒီ အထဲကမှ လူနာ ၅ ဦးကတော့ အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်၊ အသက်ဆုံးရှုံးတဲ့ လူတွေက မူလကတည်းက ရောဂါအခံ ရှိထားတဲ့ လူနာတွေလည်း ဖြစ်ပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးနှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခိုင်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ဒေါက်တာစောမြခိုင်က “ရာသီတုပ်ကွေး လူနာတွေကို ကျမတို့ ကျန်းမာရေးဌာန အနေနဲ့ စနစ်တကျ ကုသပေးမှုတွေ ဆောင်ရွက် နေသလို ကာကွယ်ရေး လုပ်ငန်းနဲ့ ပညာပေးရေး လုပ်ငန်းစဉ် တွေလည်း ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း ဆေးရုံတက်ရောက်ပြီး ကုသမှုခံနေတဲ့လူနာက ၆ ဦးပဲ ရှိပါတယ်။ ကျန်တဲ့လူနာတွေက ကျန်းမာရေး ကောင်းလို့ ဆေးရုံကနေ ပြန်ဆင်းသွားကြပြီ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကျိုက်လတ်မြို့မှ တဆင့် ရန်ကုန်မြို့ရှိ ကလေးဆေးရုံတွင် တက်ရောက် ကုသ နေသည့် ကလေးငယ်တဦးတွင် A (H1N1) ရောဂါပိုးရှိကြောင်း ဇွန်လ ၂၆ ရက်နေ့က ပထမဆုံး စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်နောက်ပိုင်းတွင် ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ လပွတ္တာခရိုင်များ အတွင်း၌ ဇူလိုင်လ ၁၈ ရက်နေ့ အထိ A (H1N1) ရောဂါပိုး ကူးစက်ခံရသူ လူနာများ ထပ်မံတွေ့ရှိခဲ့ရပြီး လူနာ ၅ ဦး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ရာသီတုပ်ကွေး ရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ဖျာပုံမြို့နယ်မှ အသက် ၁ နှစ်အရွယ် ကလေး ၁ ဦး၊ အင်္ဂပူမြို့နယ်မှ အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၄၃ နှစ်အရွယ် လူကြီး ၁ ဦး၊ မအူပင်မြို့နယ်မှ အသက် ၆၀ အရွယ်ရှိ လူကြီး ၁ ဦး စုစုပေါင်း လူနာ ၅ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။
ရာသီတုပ်ကွေး Seasonal Influenza ၏ သာမာန် ရောဂါလက္ခဏာများမှာ ဖျားခြင်း (အပူချိန် ၁၀၀ ဖာရင်ဟိုက် အထက်)၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း စသည်တို့ဖြစ်ပြီး ရောဂါပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန် ဆိုးခြင်း၊ မော ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားကြောင်း သိရသည်။
ရာသီတုပ်ကွေး ရောဂါပိုးမှာ အသက်ရှူလမ်းကြောင်းမှ တဆင့် လူအချင်းချင်း ကူးစက်တတ်ပြီး ရောဂါကူးစက် ခံရချိန်တွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ နာတာရှည်ရောဂါရှိသူများ၊ ခုခံအားကျဆင်းမှု ရှိသူများတွင် ရောဂါပိုမို ပြင်းထန်တတ်ပြီး နောက်ဆက်တွဲ အဖြစ် ပြင်းထန် အဆုတ်ရောင် နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားကြောင်း ကျန်းမာရေး ဌာနထံမှ သိရသည်။
“ဒီရောဂါက အရမ်း ကြောက်စရာ မလိုပါဘူး။ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာကျင့်သုံးပြီး ကာကွယ် နိုင်ပါတယ်။ ဒီရောဂါက နှာချေ၊ ချောင်းဆိုးရာကနေ ရောဂါပိုး အမှုန်အမွှားတွေ ကိုယ့်လက်မှာ ကပ်ပြီး နှာခေါင်း၊ ပါးစပ်ကို ထိတွေ့မိတဲ့အခါ ရောဂါပိုးက ကူးစက်နိုင်တယ်။ ဒါကြောင့် မကြာခဏ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ အဓိက ကျပါတယ်။ နောက်ပြီး မည်သူမဆို နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူး၊ အဝတ်စ၊ လက်ကိုင်ပုဝါ သုံးဖို့၊ ပါးစပ် နှာခေါင်းစည်းကို စနစ်တကျသုံးစွဲ စွန့်ပစ်မယ်ဆိုရင် ရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခိုင်က ပြောသည်။
ရာသီတုပ်ကွေး ဖြစ်ပွားသည်ဟု သံသယရှိပါက အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကောင်း စွာ အိပ်စက် အနားယူခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ လေကောင်းလေသန့် ရရှိအောင် နေထိုင် ခြင်း၊ လူနေ ထူထပ်သော နေရာများသို့ သွားလာမှု ရှောင်ရှားခြင်းများ ပြုမူနေထိုင်ရန် လိုအပ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ရာသီတုပ်ကွေး – Seasonal Influenza ဖြစ်ပွားကြောင်းသံသယရှိသူ ၆၈၁ ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ရာ လူပေါင်း ၂၈၀ တွင် ရောဂါပိုး တွေ့ရှိခဲ့ပြီး အဆိုပါ လူနာများ အနက် လူပေါင်း ၅၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရာသီတုပ်ကွေးကြောင့် လူသေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လူပေါင်း ၄၃ ဦး သေဆုံးခဲ့ သလို ဒုတိယလူသေမှု အများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရာသီတုပ်ကွေး ကပ်ရောဂါ အဆင့် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးမှူးပြော
ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၉ ဦးအထိရှိလာ