လာမည့်နှစ် အတွင်း ရန်ကုန်မြို့ရှိ ဈေး၂၁ ဈေးကို ပိုမိုစနစ်ကျစေရန် ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူပူး ပေါင်းဆောင်ရွက်ခြင်း (Public Private Partnership – PPP) ပုံစံဖြင့် အဆင့်မြှင်တင်မှုများကို ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။
“ဈေးတွေကို ခန့်ခွဲတဲ့ နေရာမှာ ပိုပြီးတော့ စနစ်ကျဖို့ အတွက် အော်ပရေတာ စနစ်နဲ့ သွားဖို့ ရှိပါတယ်။ ဒါကြောင့် ကျနော် တို့က လာမည့်နှစ်က စပြီးတော့ ဈေးပေါင်း ၂၁ ဈေးကို PPP စနစ်နဲ့ ဆောင်ရွက်ပါ့မယ်။ ဈေး ၁၀ ဈေးကိုတော့ market အော်ပရေတာ စနစ်နဲ့ စီမံခန့်ခွဲပိုင်းကို ပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ဈေးများ၏ ပုံစံများမှာ အဆင့်မမီသလို ရောင်းကုန် ပစ္စည်းများအနေနှင့်လည်း ရောထွေးနေသောကြောင့် နိုင်ငံတကာ ဈေးများ၏ သတ်မှတ်ချက်များအတိုင်း ဈေးဝယ်ယူသူများအနေဖြင့် တနေရာထဲတွင် One Stop Service ပုံစံ ဝယ်ယူ ရရှိနိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမည်ဟု သူက ရှင်းပြသည်။
ဦးသန်းက“အဆင့်မြှင့်တဲ့နေရာမှာ နိုင်ငံတော်ဘတ်ဂျက်လည်း မပါရအောင် PPP စနစ်နဲ့ ပြင်မှာပါ”ဟု ဆိုသည်။
Market အော်ပရေတာဆိုသည်မှာ ယခင်ကဲ့သို့ ဈေးများကို YCDC ဈေးများဌာနက ဈေးများကို ကြီးကြပ်ကွပ်ကဲမှု မလုပ်ဘဲ ပုဂ္ဂလိက ကုမ္ပဏီတခုခုသို့ လုပ်ကိုင်ခွင့်ပေးပြီး ယင်းကုမ္ပဏီမှ အကျိုးမြတ်တခုဖြင့် ဈေးများကို စနစ်တကျ စီမံခန့်ခွဲ ဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောသည်။
ဆက်လက်၍ ဦးသန်းက”ရန်ကုန်မြို့မှာ တည်ဆောက်ထားတဲ့ ဈေးတွေက များသောအားဖြင့် နှစ်ထပ်ဈေးတွေဖြစ်တယ်။ ဈေးတွေရဲ့ ပုံစံအရ လှေကားရဲ့ အထားအသိုက အဆင်မပြေဘူးဖြစ်နေတယ်။ အဲတော့ ဈေးဝယ်သူက အပေါ်ထပ်တက် ပြီးတော့ ဈေးမဝယ်ဘူးဖြစ်နေတယ်။ အဲတော့ အပေါ်ထပ်မှာ ရောင်းတဲ့ ဈေးသည်တွေက အလိုအလျှောက် လမ်းဘေး ဈေးသည်တွေ ဖြစ်သွားတယ်”ဟု ဆိုသည်။
YCDC အနေနှင့် ဈေးများကို အဆင့်မြင့်တင်ရခြင်းမှာ ဈေးပုံစံများ အဆင့်မြင့်လာခြင်း၊ ဈေးသည်ကို ကန့်သတ်ခြင်းအားဖြင့် Customer အနေနှင့် မိမိတို့ လိုချင်သောပစ္စည်းကို လိုချင်သည့်နေရာတွင် လွယ်ကူစွာ ဝယ်ယူနိုင်ခြင်းနှင့် လမ်းဘေး ဈေးသည်များ ပပျောက်သွားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
သင်္ကန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က”ဈေးတွေ ကတော့ စည်ပင်ကနေပဲ တာဝန်ယူပြီးတော့ လုပ်နေတာ။ လုပ်နေတာလည်း သိပ်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်နိုင်တာ တွေ့ရတယ်။ တချို့ ဈေးတွေဆိုလည်း လမ်းဘေးမှာပဲတွေ့ရတယ်။ ဘာမှ မထိန်းကျောင်း နိုင်တဲ့ ပုံစံမျိုး။ ကျနော်တို့ကတော့ ပုဂ္ဂလိက ပေးတာ ကို မူအားဖြင့် သဘောတူတယ်။ ဒါပေမယ့် စာချုပ်စာတမ်းမှာတော့ ရှင်းလင်းပြီး ချုပ်ဆိုဖို့ လိုမှာပေါ့”ဟု ဧရာဝတီသို့ ပြော သည်။
ဆက်လက်၍ ၎င်းက “လုပ်ကိုင်တဲ့ ကုမ္ပဏီဖက်က အကျိုးအမြတ်တွေ အများကြီးရပြီးတော့ ကိုယ့်ဖက်က အကျိုးအမြတ် နည်းမယ်ဆိုလည်း အဆင်မပြေဘူး။ သူမသာ ကိုယ်မနာ ပုံစံမျိုးကို ထိထိမိမိ စာချုပ်ချုပ်နိုင်ဖို့ လိုတယ်”ဟု ပြောသည်။
အဆိုပါ ဈေး ၂၁ ဈေး ပြင်ဆင်မည့် ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြထားခြင်း မရှိသေးကြောင်း၊ တင်ပြ လာလျှင်လည်း ဖြစ်သင့် ဖြစ်ထိုက်သော အချက်အလက်များကို ဆွေးနွေးသွားဖြစ်ကြောင်းလည်း သူက ဆိုသည်။
လမ်းဘေး ဈေးသည် ဆိုသည်မှာ နိုင်ငံတိုင်းတွင်လည်း ရှိကြောင်း၊ သို့ဖြစ်၍ ၎င်းကို စနစ်တကျနှင့် ဈေးရောင်း၊ ဈေး ဝယ်လုပ်ကိုင်နိုင်ရန်အတွက် ဥပဒေနှင့် အညီထိန်းကျောင်း၍ စနစ်တခုကို စနစ်တကျ ဖန်တီးပေးသင့်ကြောင်း ဦးနေဘုန်းလတ်က ထောက်ပြသည်။
အင်းစိန်မြို့နယ် ဖော့ကန်ဈေးရှိ ကုန်စုံဆိုင်ပိုင် ဦးမင်းမင်းက”ကျနော်တို့က ဈေးရုံထဲမှာ ဆိုင်ခန်းနဲ့ရောင်းတယ်၊ တချို့ သူတွေက ဈေးအပြင် လမ်းဘေးမှာ ရောင်းတော့ ဝယ်တဲ့သူက ကျနော်တို့ဆီမလာတော့ဘူး။ အဲဒီလမ်းဘေးက ခင်းရောင်း တဲ့ဆိုင်ပဲ ဝယ်တယ်။ ဈေးရုံထဲကျတော့ လူမရှိတော့ မရောင်းရဘူး။ အဲတော့ ဈေးရုံထဲ ရောင်းရမယ်ဆိုလည်း အားလုံး တပြေးညီ ဝင်ရောင်းပေးရင် အဆင်ပြေတာပေါ့”ဟု ပြောသည်။
You may also like these stories:
မွန်ပြည်နယ်ရှိ စည်ပင်ဈေးများ တင်ဒါ မခေါ်ဘဲ ဆောက်လုပ်သွားမည် ဟုဆို
လေးခိုးသည့် ဈေးသည်များ ပြစ်ဒဏ် ချမှတ်ရေး လွှတ်တော်၌ ဆွေးနွေး
မန္တလေးမြောက်ပြင်ရှိ ဆရာစံဈေးအား အဆင့်မြှင့်မည်