ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဒေသ ငှက်ပျောချောင်း ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၃၀ အရွယ် ဒေါ် ခိုင်စိုးရီဖြစ်ပြီး ကျေးရွာအနီးရှိ စိုက်ခင်းသို့ အဖော် များနှင့်အတူ သံပုရာ သီးခူးရန် သွားရောက်စဉ် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်ကြောင်း ကန်စောက် နယ်မြေခံ ရဲကင်းစခန်းမှ တပ်ကြပ် ကျော်ဌေးက ပြောသည်။
တပ်ကြပ် ကျော်ဌေးက “ မနေ့က နေ့လည်လောက်မှာ ဖြစ်တာပါ။ သူ့နဲ့အတူ အဖော် အမျိုးသမီးတွေ လည်း ပါတယ် လို့ ပြောတယ်။ သွားတာကတော့ ဈေးမှာ ရောင်းဖို့ သံပုရာသီး သွားခူးကြတာ။ အားလုံး အမျိုးသမီး ၃ ယောက် သွားကြ တာ။ သူက အလယ်က ။ ရှေ့ကသွားတဲ့ အမျိုးသမီးကတော့ မနင်းမိဘူး ။ သူသွားတဲ့ အခါ နင်းမိတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို မြေမြုပ်မိုင်းကြောင့် ဒေါ် ခိုင်စိုးရီ၏ ဘယ်ဘက်ခြေထောက်နှင့် ဘယ်လက် ၊ ညာလက်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့်အတွက် လက်ရှိ အချိန်တွင် ကျောက်တော် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသ နေရကြောင်းလည်း သိရသည်။
မြန်မာ့တပ်မတော်နှင့် AA တို့ ပြီးခဲ့သော မတ်လအတွင်းက အဆိုပါ ငှက်ပျောချောင်းကျေးရွာ အနီး တောင်တန်းများတွင် နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်သွာခဲ့ကြောင်း ဒေသခံများ ကပြောသည်။
ယခုနှစ် မေလ ၂၁ ရက်နေ့ကလည်း ငှက်ပျောချောင်း ရွာသား ၂ ဦး ဖြစ်သည့် ကိုနိုင်ဇော်ဦးနှင့် ကိုမောင်ပုတို့ မှာ အိမ်ဆောက်ရန် တိုင်လုံးများ သွား၍ သယ်ယူရာတွင် မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့သည်။
ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကတော့ မြေမြုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်များမှာ တဖြည်းဖြည်း များပြားလာသည့် အတွက် မိုင်း အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးရန် လိုအပ်နေသလို တဖက်တွင်လည်း ဒေသခံ ကျေးရွာသားများ၏ ဘဝ လုံခြုံမှု ရှိအောင် နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားပေးရန် လိုအပ်ကြောင်း ပြောသည်။
ဇွန်လ ၁၁ ရက်နေ့ လည်း ယင်း ငှက်ပျောချောင်း ကျေးရွာအနီးရှိ တည်ရှိသည့် ဖက်ဝန်းချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ အသက် ၃၉ နှစ်အရွယ် ဦးရဲထွန်းမှာ ဇနီးနှင့်အတူ ဟင်းခူးရန် သွားရောက်စဉ် မိုင်းနင်းမိသည့် အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
အလားတူ မေလ ၂၄ ရက်ရက်နေ့ကလည်း ချောင်းတူ ကျေးရွာသားတဦးဖြစ်သူ အသက် ၁၈ နှစ် အရွယ် မောင်ကျော်နိုင်စိုး မှာ ရွာအနောက်ဘက်တောင်တန်းသို့ ဝါးခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သော မေလ ၈ ရက်နေ့က ကျော်တော်မြို့နယ် ခမောင်းကျေးရွာတွင် နေထိုင်သည့် ကို ပန်းအောင် ချေ ( ၃၄ ) နှစ်မှာ ရွာ၏ အနောက်ဘက် တန်းတောင်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်း မိ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေသို့ တက်ရောက် ကုသခဲ့ရသည်။
You May Also Like These Stories:
ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်