အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ခန့်အပ် တာဝန်ပေးထားသည့် အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများသည် အောက်ခြေ လွတ်သွားကြပြီး ပြည်သူကို မေ့ကာ ပါတီကို ဂရုမစိုက်တော့ကြောင်း ယင်းပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ယနေ့ ပြုလုပ်သည့် NLD ပါတီ ဗဟို၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အသီးသီးရှိ ပါတီဝင်ထုနှင့် တွေ့ဆုံပွဲ၌ အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင်က “အစိုးရ အဖွဲ့ဝင်တွေ ဝန်ကြီးတွေက အောက်ခြေလွတ်သွားတယ်။ ဒီရာထူးရတာ ပြည်သူကြောင့်ရတာ ငါတို့ကြောင့်ရတာ မဟုတ်ဘူးဆိုတာလည်း မေ့သွားတယ်။ ပါတီဝင်တွေကို ဂရုမစိုက်တောဘူး”ဟု ပြောသည်။
ထို့အတူ လွှတ်တော်နှင့် အစိုးရ ကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသလို ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များကြားတွင် လည်း ပွတ်တိုက်မှုများကြောင့် တချို့မှာ ပါတီကို ကျောခိုင်းသွားကြောင်း၊ ယခုလို သိသိသာသာ ကွဲပြားလာမှုကို တွေ့ဆုံ ညှိနှိုင်း သည့် နည်းလမ်းဖြင့် အဖြေမရှာနိုင်ကြကြောင်း သိရသည်။
ဒေါက်တာ ဇော်မြင့်မောင် က “ပါတီရဲ့ စကားကို နားမထောင်တော့ဘူး။ လွှတ်တေ်ာ ကိုယ်စားလှယ်တွေက ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်း ရောက်ရောက် လုပ် နေကြတယ်။ ပြည်သူအပေါ်မှာ မောက်မာလာတယ်။ စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ပွတ်တိုက်မှုတွေ ရှိလာတယ်”ဟု ဆက်ပြောသည်။
ပါတီတခုတည်းအောက်မှ အစိုးရ၊ လွှတ်တော်တို့သည် အများပြည်သူအတွက် အလုပ်လုပ်ကြရာတွင် အမြင်အမျိုးမျိုး ရှိနေရာ ညှိ နှိုင်းရန် တော်တော် ခဲယဉ်းနေကြောင်း၊ ပါတီကလည်း တဖက်က ချုပ်ကိုင်ဖို့ ကြိုးစားရာတွင် လွှတ်တော် ကိုယ်စားလှယ်များ သည် မဲဆန္ဒရှင် ပြည်သူများကို ကိုယ်စားပြုရပြီး ဝန်ကြီးများမှာလည်း ၎င်းတို့၏ အလုပ်များ လုပ်ဆောင်ကြရာ ပါတီနှင့် ကွာဟမှုများ ဖြစ်လာကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“တပါတီတည်းပေမယ့် အစိုးရက တဖွဲ့ ၊ ပါလီမာန်ထဲမှာက တဖွဲ့ ဖြစ်သွားပြီးတော့ ဒါက ဖြစ်တတ်တဲ့ သဘာဝ တခုပါ။ ဒါက ပါတီ ကို ကျောခိုင်းတာ မဟုတ်ဘူး။ ဝန်ကြီးကတွေကိုလည်း ပါတီတဆင့် ချုပ်ကိုင်တဲ့အခါကျတော့ ဒီမှာကျတော့ ဝန်ကြီးတွေကို ကိုယ် စားလှယ်တွေရဲ့ မကျေနပ်မှုတွေကလည်း ကြီးထွားနေတယ်”ဟု NLD ပါတီဝင်တဦးလည်း ဖြစ်သူ ၎င်းက ပြောသည်။
၎င်းက ဆက်၍ “အများပြည်သူရဲ့အကျိုးတွေကို ဖော်ဆောင်ပေးဖို့ ပြောဆိုတဲ့အခါမှာ ဝန်ကြီးက တာဝန်ယူပြီးတော့ မလုပ်ဘူး။ ကိုယ်စားလှယ်ကို ကြောက်စရာ မလိုဘူး။ လွှတ်တော်ကို ကြောက်စရာ မလိုဘူးလို့ မြင်လာတဲ့အခါ သူလည်း သူ့အမြင်နဲ့သူ လုပ်တဲ့အခါမှာ တယောက်နဲ့ တယောက် နားလည်မှုတွေ လွဲကုန်ကျတာပေါ့”ဟု ရှင်းပြသည်။
အစိုးရ၊ လွှတ်တော်နှင့် အာဏာရပါတီတို့ကြား ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ရန် လိုအပ်ကြောင်း၊ အာဏာရ ပါတီ အနေဖြင့် အ စိုးရနှင့် လွှတ်တော် အပေါ်တွင် တိုက်ရိုက် မထိန်းကျောင်းနိုင်ပါက Informal ထိန်းကျောင်းနိုင်ရန် လိုကြောင်း၊ ထို့ပြင် အစိုးရ၏ စီမံ ကိန်းများကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
ဒေါက်တာ ရန်မျိုးသိမ်းက “ဝန်ကြီးတွေ လွှတ်တော် ကိုယ်စားလှယ်တွေ အောက်ခြေ လွတ်တယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းအတွက် သင်ခန်းစာ ယူပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေကို အခုကတည်းက လုပ်သင့်တယ်လို့ မြင်တယ်”ဟု သုံးသပ်သည်။
ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဝင်များကြား တွေ့ ဆုံမှုများ မကြာခန လုပ်ပေးနိုင်ပါက တဦးနှင့် တဦး
နားလည်အောင် ကြေညက်အောင် လုပ်ပြီး အချင်းချင်း အပြန်ပြန် အလှန်လှန် တွေ့ဆုံ ဆွေးနွေးမှုဖြင့် ညီညွတ်မှုကို တည် ဆောက်ရမည် ဖြစ်ကြောင်း၊ ယင်းညီညွှတ်မှုသည် ပါတီ ရှေ့ဆက်ခရီးအတွက် အရေးကြီးကြောင်း အာဏာရပါတီ တာဝန် ရှိသူများက ပြောသည်။
NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က “ပါတီကရော အစိုးရ ဝန်ကြီးတွေရဲ့ အခက်အခဲတွေ သိသလား။ ရှိရင်တော့ အစိုးရ အဖွဲ့ဝင်တွေမှာ အခက်အခဲတွေ ကျနော်တိ့ု လုပ် နေတာဟာ သူများနယ်မြေမှာ လုပ်နေတာ။ ကျနော်တို့ နောက်ကျော မလုံဘူး၊ လုပ်နေရတာနော်” ဟု ပြောသည်။
၎င်းက ဆက်၍ “တချက်တော့ပြောချင်တယ်။ တချက်ဆိုတာက အရေးကြီးလို့ လွှတ်တေ်ာရော အစိုးရရောက ပါတီအောက်မှာ ရှိတယ်။ ကျနော်တို့ ဒီနေရာမှာ တာဝန်ထမ်းနေတာ ပါတီက တာဝန်ပေးလ့ို ထမ်းနေရတာ”ဟု ပြောသည်။
လက်ရှိတွင် NLD ပါတီ စည်းကမ်း ထိန်းသိမ်းရေးဖြင့် အရေးယူခံထားရသည့် လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၂၀ ရွေးကော က်ပွဲတွင် ပါတီ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တော့မည် မဟုတ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြီးခဲ့သည့် ဇွန်လက ထုတ်ဖော် ပြောဆိုထားသည်။
ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မောက်မာသူများ၊ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူခံထားရသူများကို ပါတီ ကိုယ်စားလှယ် အဖြစ် ရွေးချယ်တော့မည် မဟုတ်ဘဲ တင်းတင်းကျပ်ကျပ် စိစစ်မည် ဖြစ်ရာ လက်ရှိတွင် ကိုယ်စားလှယ် ၄၅ ဦးခန့် ရှိနေပြီ ဖြစ် ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အာဏာရပါတီမှ ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စု အဆင့် ဝန်ကြီး ဒုဝန်ကြီး အနည်းဆုံး ၃ ဦးခန့်သည် အဂတိ လိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီး ယင်းကိစ္စများကို အတည်ပြုကြည့်ရာ သမ္မတရုံး ပြောခွင့်ရသူက နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြန်လည် ဖြေကြားပေးခဲ့သည်။
You May Also Like These Stories:
NLD အနေနဲ့ တိုင်းရင်းသား ပြည်သူတွေဆီကနေ မဲရဖို့ အခွင့်အလမ်းနည်းပါတယ်
လွှတ်တော် အမတ်တဦး၏ ချွေးမ ရွှေထည်များခိုးမှုဖြင့် ဖမ်းဆီးခံရ
NLD ပါတီဝင် အချင်းချင်း တိုင်ကြားမှုများလာဟု ဒေါက်တာ ဇော်မြင့်မောင် ပြော