ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် မိန်းကလေးငယ်လေး တဦးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် မိန်းကလေး ၇ ဦးထဲမှ အဖွဲ့ ဦးဆောင်သူအား တန့်ယန်းရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ သတင်းပေးမှုကြောင့် တန့်ယန်းရဲစခန်းနှင့် မန်ပန်ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ဦးဆောင်သူ နန်းအေးလုံကို နမ့်မူးလွယ်ကာ ကျေးရွာအနီးတွင် ဇူလိုင် ၁၉ ရက်နေ့ညက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
တန့်ယန်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် အောင်ကျော်စိုး က “သူတို့ ၇ ဦးလုံးကို ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၅/ ၃၅၄/၁၁၄ တို့နဲ့ တရားစွဲအရေးယူထားတယ်။ သူ့ကိုစစ် ဆေးနေဆဲဖြစ်ပြီး ကျန် ၆ ဦးကို အာမခံ ပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၂၉၄ သည် ဆဲရေးတိုင်းထွာမှုဖြစ်ပြီး ထောင်ဒဏ် တလ ကျခံရနိုင်ပြီး ပုဒ်မ၃၂၅ သည် အပြင်းအထန် နာကျင်စေမှု ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ထိ ကျခံရနိုင်သည်။ ထို့အပြင် ပုဒ်မ ၃၅၄ သည် ကာယိန္ဒြေပျက်စီးစေမှု ဖြစ်ပြီး ၂ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး ပုဒ်မ ၁၁၄ သည် ပြစ်မှုကျူးလွန်ရာ၌ အားပေးကူညီခြင်းဖြစ်သည်။
အသက် ၁၄ နှစ်အရွယ် ကျောင်းသူ နန်းဆိုင်မွမ်းအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် မိန်းကလေး ၇ ဦးအဖွဲ့အနက် ၄ ဦးကို ချက်ချင်း ဖမ်းဆီး မိခဲ့ပြီး ကျန် ၂ ဦးကို ရက်အနည်းငယ်ခြား၍ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူကို နောက်ဆုံး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းမိထားသည့် ၇ ဦးအနက် ၄ ဦးက ၁၆ နှစ်အောက် ကလေးသူငယ်ဖြစ်နေပြီး ကျန် ၂ ဦးက ၁၈ နှစ်အောက် ဖြစ်ခြင်းနှင့် ဖြစ်ပွားသည့် အမှုကလည်း အာမခံပေးနိုင်သည့် အမှုဖြစ်နေသည့်အတွက် မိဘထံ အပ်နှံထားကာ အာမခံပေးထားသည်ဟု သိရသည်။
အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် မိန်းကလေး ၇ ဦးသည် ဇူလိုင်လ ၇ ရက်နေ့က တန့်ယန်း-မိုင်းကောင်သွားလမ်း ထင်းရှူးကုန်း၌ နန်းဆိုင်မွမ်း အပါအဝင် မိန်းကလေး ၅ ဦးအား နေရာပြောင်း၍ ဝိုင်းဝန်းရိုက်နှက်နေမှုကို လူမှုကွန်ရက်တွင် Live လွှင့်ခဲ့သည်။
အဆိုပါ ရုပ်သံထဲတွင် မိန်းကလေးငယ် တဦးအား ၅ ဦးအထက် ပါဝင်သော အမျိုးသမီးငယ် တစုက လူမြင်ကွင်းတွင် ဆဲဆိုကြိမ်းမောင်းခြင်း၊ ဖိနပ်များဖြင့် ပါးရိုက်ခြင်း၊ ဆံပင်များဆောင့်ဆွဲခြင်း၊ ထိုးကြိတ်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ အမျိုးသမီးငယ်၏ အပေါ်ပိုင်း အဝတ်အစားများကို ဝိုင်းချုပ်ပြီး ချွတ်ခဲ့ကြသကဲ့သို့ ဘောင်းဘီကိုလည်း ချွတ်ရန် အားထုတ် နေကြသည်ကို တွေ့ရသည်။
ထိုရုပ်သံကို ကြည့်မိသည့် အဒေါ်ဖြစ်သူက နန်းဆိုင်မွမ်းအား သွားရောက်မေးမြန်းသည့်အခါ ၎င်းက မဟုတ် ပါဟု မူလကငြင်းဆိုခဲ့သည်။ ထို့နောက် အဒေါ်ဖြစ်သူက နန်းဆိုင်မွမ်း၏ မိခင်အား ရုပ်သံဖိုင်ပြသပြီး မေးမြန်းသည့် အခါမှ ထိုအမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း -လားရှိုး) မှ ဒေါ်သန်းသန်းအေး က “ ဒီအုပ်စုဖွဲ့ပြီး တော့မှ ရိုက်တဲ့ကောင်မလေးတွေက အဲဒီနေ့ တနေ့ထဲမှာပဲ ကောင်မလေး ၅ ယောက်ကို တနေရာစီချိန်းပြီးမှ သူတို့ ၇ ယောက်က ရိုက်တာ။ သူတို့ထဲက ၄ ယောက်က နင်တို့ လူကြီးတွေကို မတိုင်နဲ့။ တိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့ ဘယ်သူမှ မတိုင်ရဲဘူး” ဟု ရှင်းပြသည်။
အရိုက်ခံရသည့် ဒဏ်ရာများကြောင့် နန်းဆိုင်မွမ်းသည် ခေါင်းအမြဲမူးပြီး အန်လာသည့်အတွက် မန္တလေး ဆေးရုံကြီးသို့ ပိုဆောင်ဆေးကုသမှု ခံယူနေရသည်။
နန်းဆိုင်မွမ်း၏ မိခင်က တရားမျှတမှုရရှိရန် ဒေါ်သန်းသန်းအေးထံ လာရောက် အကူအညီတောင်းသဖြင့် ရှမ်းလူငယ်အဖွဲ့နှင့်ပူးပေါင်းပြီး လိုက်ပါဆောင်ရွက်ပေးခဲ့သည်။
ရဲအုပ် အောင်ကျော်စိုးက “ဒါက သူတို့ကျောင်းမှာ ကလေးလေးတွေ ရန်ဖြစ်တာလောက်ပါ။ ရန်ငြိုးရန်စလည်း ကြီးကြီး မားမား မရှိပါဘူး”ဟု ပြောသည်။
ယခုအခါ နန်းဆိုင်မွမ်းသည် အိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ကျန်းမာရေးအခြေအနေအရ ဆေးဆက်သောက်နေရဦးမည်ဟု သိရသည်။