အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (PoVAW) မူကြမ်းကို လွှတ်တော်သို့ မကြာမီ တင်သွင်းတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၂၁ ရက်နေ့က ကျင်းပသည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က မီဒီယာများ၏ မေးမြန်းမှုကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာစန်းစန်းအေး က “ဒီ ဥပဒေကိုတော့ ယခုကျင်းပနေတဲ့ လွှတ်တော် ကာလအတွင်း ရောက်အောင် ကြိုးပမ်းပါမယ်”ဟု ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရဘက်မှ တာဝန်ရှိသူများ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ကြပြီး လက်ရှိ ကြုံတွေ့နေရသော အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုနှင့် အခက်အခဲ များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ယင်းဥပဒေကို ရေးဆွဲရာတွင် အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် ကာကွယ်ပေးမည့် ဥပဒေ ဖြစ်သော်လည်း အချို့ထင်မြင်ဝေဖန်သလို အမျိုးသားများကို ဒုက္ခပေးမည့် မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုက်နာ ကျင့်သုံးရမည့် အချက်အလက်များသာ ပါဝင်ကြောင်း ဒေါက်တာ စန်းစန်းအေးက ဆိုသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းတွင် အခန်း ၁၃ ခန်းပါဝင်ပြီး ဥပဒေကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ဥပဒေကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက် အမျိုးသမီး အဖွဲ့ အစည်း များမှ ပူပေါင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပြီး ဥပဒေအသစ် ဖြစ်ခြင်းကြောင့် ဥပဒေရေးဆွဲသူများနှင့် ရှေ့နေချုပ်ရုံး အကြား အပြန်အလှန်ဆွေးနွေး ငြင်းခုန်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသမီးအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရသည်။
အာဆီယံနိုင်ငံများအနက် အမျိုးသမီးများကို အကာအကွယ်ပေးရေးအတွက် အာရုံစိုက်သော အထူးဥပဒေများ မရှိသည့် တခုတည်းသော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ခေတ်မမီတော့သော ကိုလိုနီခေတ် ရာဇဝတ်မှု ဥပဒေကိုသာ အသုံးပြုနေသည်။ ထိုဥပဒေသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် ပြစ်မှု၊ ပြစ်ဒဏ်များကို ယေဘုယျ မျှသာ ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီးများကို သီးခြား အကာအကွယ်ပေးသော ဥပဒေဖြစ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (PoVAW) ကို စတင်ရေးဆွဲခဲ့သည်။
အတည်ပြု ပြဌာန်းပြီးပါက ထိုဥပဒေသည် အမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုနှင့် လုပ်ငန်းခွင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် အမျိုးသမီးများအပေါ် ထိပါးမှုများသာမက၊ အကြမ်းဖက် ခံရသူများအတွက် ထိရောက်သော ဥပဒေနှင့် ဆေးကုသမှု အထောက်အကူများ ရနိုင်မည်ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက မျှော်လင့်နေကြသည်။
လက်ရှိတွင် သီးသန့် ဥပဒေ မရှိသေးခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် နေ့စဉ် ပြောဆို နေကြသည့် စကားလုံး အသုံးအနှုန်းများ၊ သင်ကြားခဲ့ရသည့် ပညာရေးအရ နှင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ယဉ်ကျေးမှု အရပါ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ ခံနေရခြင်းဖြစ်ကြောင်း တရားစီရင်ရေးနှင့်ကော်မတီ အဖွဲ့ဝင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး သုံးသပ်သည်။
ဒေါ်အေးမြမြမျိုး က “ဥပဒေအရ ကာကွယ်ပေးမှု အပိုင်းတွေက အများကြီး လိုအပ်ပါတယ်။ အခုဖြစ်တဲ့ ပြဿနာတွေဆိုရင် ဥပဒေ မရှိလို့ရော၊ ဥပဒေ မသိလို့ရောကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ဒီလို ဥပဒေ ပေါ်လာမယ် ဆိုရင်တော့ အများကြီး ပြောင်းလဲ လာမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အမျိုးသမီးအဖွဲ့အစည်းများ အနေဖြင့် လွှတ်တော်ထဲတွင် ဥပဒေမူကြမ်း ဆွေးနွေးသည့်အခါ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း နည်းပါးခြင်းကြောင့် ဆွေးနွေးမှုအပိုင်းတွင် အမျိုးသမီးများ၏ တင်ပြဆွေးနွေးမှု အားနည်းသွားမည့် အခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို စိတ်ပူကြောင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ PoVAW ရေးဆွဲရာတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အမျိုးသမီးများ အပေါ် မတရားဖိနှိပ်မှုများအား နှိမ် နှင်းရန်နှင့် မိန်းကလေးများ၏ လူ့အခွင့်အရေးများအား ထိန်းသိမ်းကာကွယ် မြှင့်တင်ရေးအတွက် အစိုးရ၏ ကတိကဝတ်များ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများအား သဘောတူညီမှု အခြေခံ ဖွင့်ဆိုခြင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် တပ်မတော်က ကင်းလွတ်ခွင့် ရှိနေသည့်အချက်၊ အိမ်တွင်း အကြမ်းဖက်မှု ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုမှု အစရှိသည်များ ပါဝင်သည်ကို “PoVAW အဆိုပြု ဥပဒေ အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ အဓိက ကျသည့် အကြောင်းအရာဆိုင်ရာ အကြံပြုချက်များ” ဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ထုတ်ဝေခဲ့သည့် စာတမ်းများတွင် ရေးသား ဖော်ပြထားသည်။
အမျိုးသမီးအဖွဲ့များ ကွန်ရက်မြန်မာမှ ဒေါ်မဉ္ဇူ ကလည်း “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကိုက တရားဝင်ပြောထားတယ်။ အမျိုးသားများ နှင့်သာ သင့်တော်သော အလုပ်အကိုင်ကို အမျိုးသားများသာ လုပ်ဖို့ဆိုတာက သွယ်ဝိုက်ပြီး အမျိုးသမီးတွေကို ခွဲခြားလိုက်တာ ဖြစ်ပါ တယ်” ဟု သုံးသပ်သည်။
ယင်းဥပဒေမှာ အမျိုးသမီးများကိုသာ အကာအကွယ်ပေးသည့် ဥပဒေမျိုး မဟုတ်ဘဲ အမျိုးသမီးနှင့် အတူ ရှိနေသည့် မိသားစုများ အတွက်ပါ အကာကွယ်ပေးမည့် ဥပဒေတခုဖြစ်သလို အမျိုးသားများအနေဖြင့်လည်း ဥပဒေကြောင်းအရဖြစ်ဖြစ်၊ လူမှုရေးအကြောင်း ကြောင့်ဖြစ်ဖြစ် မသိဘဲ ပြုမူမိသော အကြမ်းဖက်သည့် ကိစ္စများကို ဆောင်ရန်၊ ရှောင်ရန် သိရှိနိုင်မည် ဖြစ်သည်ဟုလည်း သိရသည်။
ယမန်နေ့က ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရဘက်မှ တာဝန်ရှိသူများ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ကြပြီး လက်ရှိ ကြုံတွေ့နေရသော အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
စီဒေါ (CEDAW) ကော်မတီဟု အတိုကောက်ခေါ်လေ့ရှိသော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် ကို အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သော စာချုပ်အဖြစ် ကမ္ဘာက အလေးထားလျက် ရှိသည်။ ယင်းစာချုပ်တွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားထားမှုနှင့် တန်းတူညီမျှရှိရမည့်အချက်များကို အဓိပ္ပာယ်ဖွင့်ဆိုထားရုံမျှမက ထိုသို့ ခွဲခြားထားမှုများ ပပျောက်အောင် မည်သို့ အကောင်အထည် ဖော်ကြရမည်ဆိုသည်ကို ဖွင့်ဆိုထားသည်။
ယင်းစာချုပ်ကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် အသက်ဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ အပါအဝင် စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံရှိသည်။ မြန်မာနိုင်ငံသည် ထိုစာချုပ်ကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်-
မြန်မာအမျိုးသမီးတို့၏ လိုအပ်နေဆဲ ရပိုင်ခွင့်များ
အမျိုးသမီး အကာအကွယ်ပေးရေး ဥပဒေ ချက်ခြင်းပြဌာန်းရန် တိုက်တွန်း