ကန်ကရာချန် အမျိုးသားဥယျာဉ်ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ရန် ဆိုင်းငံ့ထားလိုက် ပြီးနောက် ကရင်တိုင်းရင်းသားများနှင့် အာဏာပိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းပေးမည်ဟု အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးက ကတိပြု ပြောကြားလိုက်ကြောင်း The Nation သတင်းက ဆိုသည်။
“ကန်ကရာချန် သစ်တောကြိုးဝိုင်းကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်တဲ့ သတိပြုစရာအနေနဲ့ ဒေသခံ အသိုင်း အဝိုင်းက စိုးရိမ်မှုတွေ ရှိနေတာကို ကမ္ဘာ့အမွေအနှစ် ကော်မတီက ထောက်ပြပါတယ်။ ဥပဒေနဲ့ဆွေးနွေးညှိနှိုင်းတာ သုံးပြီးတော့ ဒီစိုးရိမ်မှုကို ကျနော်တို့ ဖြေလျော့သွားမှာပါ” ဟု ဥယျာဉ်အုပ်ချုပ်ရေးမှူး မာနာပန်ပွန်းက ပြောသည်။
ယူနက်စကိုထောက်ပြခဲ့သည့် အချက်မှာ ယင်းဥယျာဉ်သည် မြန်မာနိုင်ငံနယ်စပ်နှင့် ထိစပ်ခွဲဝေလျက် တည်ရှိခြင်းနှင့် ဧရိယာကျဉ်းမြှောင်းလာနေခြင်းတို့ဖြစ်သည်။
အဆိုပါ ဥယျာဉ်၏ နယ်နမိတ်သည် ရက်ချ်ဘူရီ၊ ပရာချက် ကရီခန်း၊ ဖက်ချ်ဘူရီတို့အကြား ကျယ်ပြန့်စွာ ထိစပ်နေသကဲ့သို့ မြန်မာဘက်ခြမ်းရှိ တနင်္သာရီ ကြိုးဝိုင်းနှင့်လည်း ဆက်စပ်နေသည်။
ထိုင်းနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက စတင်၍ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရန် ကြိုးစားခဲ့သော်လည်း ယင်းသစ်တောမှာ မြန်မာပိုင်နက်ဖြစ်သည့် တနင်္သာရီ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ်နေပြီး၊ ထိုင်း နိုင်ငံမှ ပေးပို့ လာသည့် ကိုအောဒိနိတ် ဆုံမှတ်ကို မြန်မာနိုင်ငံ မြေစာရင်းဌာနက ပြန်လည် စိစစ်ရာ မြန်မာပိုင်နက် နယ်မြေအတွင်း ၃၄ ရာခိုင်နှုန်း (၁၇၇၂.၆၅ စတုရန်းမိုင်)ခန့် ထည့်သွင်းထားသည်ကို တွေ့ရ၍ မြန်မာမှ ၂၀၁၆ ခုနှစ်တွင် ကန့်ကွက် ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လက ထိုင်းအာဏာပိုင်များအနေဖြင့် ဒေသခံအခွင့်အရေးချိုးဖောက်၍ ပဋိပက္ခဖန်တီး နေ ကြောင်း၊ ထို့အတွက် ယင်းဥယျာဉ်ကို အမွေအနှစ်အဆင့်အတန်းသတ်မှတ်ခြင်းအား ဆိုင်းငံ့ထားပါရန် ကုလသမဂ္ဂ ထံသို့ ဒေသခံကရင်တိုင်းရင်းသားများက အသနားခံစာလွှာ ပေးပို့ခဲ့ကြသည်။
ယင်းအသနားခံစာလွှာတွင် ဘန်ချိုင်းပီရန်ဒင်နှင့် ဘန်ဘန်းကလွိုင်ဘွန်ကျေးရွာများ၌ နေထိုင်သော ကရင် တိုင်းရင်းသားများက အမျိုးသားဥယျာဉ်မသတ်မှတ်မီကတည်းက၎င်းတို့အခြေချနေထိုင်ရာမှ မောင်းထုတ်ခံခဲ့ရကြောင်း ထောက်ပြထားသည်။
အဆိုပါကိစ္စကို ပြေလည်အောင် ကြည့်ရှုပေးမည်ဟု ဥယျာဉ်အုပ်ချုပ်ရေးမှူးမာနာက ကတိပြုသော်လည်း အမျိုးသား ဥယျာဉ်အတွင်း နေထိုင်ခြင်းအတွက် ဥပဒေဖြင့် အတည်ပြုရန် ဆိုလာခဲ့သည်။
“ဒီ ဒေသခံတွေရဲ့ ရွာဟောင်းတွေက ရေဝေရေလဲဇုန်ထဲ ကျရောက်နေတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး မူလနေရာမှ ဖယ်ရှားခံရပြီးနောက် ဒေသခံများအကြား ၎င်းတို့ကျေနပ်မည့် အကျိုးအမြတ်မျိုးကိုသာ နားလည်မှုအနေဖြင့် တိုးမြှင့် ပေးအပ်သွားမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။
“ဥပမာပြောရရင် သူတို့မှီတင်းနေထိုင်ဖို့ သတ်မှတ်ထားတဲ့မြေယာဟာ ရိုင် ၂၀၀ ကနေ ၄၀၀ ကြား တိုးလာပါတယ်” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် ၅ နှစ်က ကရင်အသိုင်းအဝိုင်းအခွင့်အရေးကာကွယ်လှုပ်ရှားသူ ပိုးလချိုင် “Billy” Rakchongcharoen သည် ကန်ကရာချန် အမျိုးသားဥယျာဉ်တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ပျောက်ဆုံးသွားခဲ့ရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တောကို ယူနက်စကို အသိအမှတ်ပြုရေး မအောင်မြင်