ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” အထူးဒေသသို့ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးအား လူကုန်ကူးခဲ့သည့် တရားခံများကို လူကုန်တားရဲတပ်ဖွဲ့နှင့် “ဝ” ဒေသရှိ တာဝန်ရှိသူများက ပထမဆုံးအကြိမ် ပူးပေါင်း ဖော်ထုတ် ဖမ်းဆီးနိုင်လိုက်သည်။
ပြီးခဲ့သည့် ဇွန်လက ပဲခူးတိုင်း တောင်ငူမြို့နယ်နေ အသက် ၂၀ နှစ်ခန့်ရှိ မအေး(အမည်လွှဲ)သည် သူငယ်ချင်းဖြစ်သူ ရွှေပြည်သာမြို့နယ်မှ မနှင်းနန္ဒာအောင်က တရုတ်နိုင်ငံရှိ ကာရာအိုကေဆိုင်(KTV) တဆိုင်တွင် ဝင်ငွေကောင်းသည့် အလုပ် ရမည်ဟု စည်းရုံးပြောဆိုသဖြင့် အလုပ်လုပ်ရန် သဘောတူခဲ့ကြောင်း၊ ထို့နောက် မနှင်းနန္ဒ၏ မိခင် ဒေါ်သင်းသင်းမာနှင့် အတူ အလုပ်လုပ်ရန် လိုက်ပါသွားရာမှ “ဝ” အထူးဒေသရှိ KTV တွင် ပြည့်တန်ဆာအဖြစ် တရုတ်ငွေယွမ် ၃ဝဝဝ (မြန်မာငွေကျပ် ၆ သိန်း ကျော်) ဖြင့် ရောင်းစားခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ (လူကုန်တား)မှ ဒုရဲအုပ်အေးစိုးက “ပထမတော့ ကျနော် တို့က ရောင်းစားခံရသူကို ကယ်ဖို့ အရင်လုပ်ခဲ့တယ်။ သူ ပြန်ရောက်မှ သူ့ကို သေချာစစ်မေးပြီး အမှုဖွင့်တယ်။ သူ့ကို ရောင်းစားပါတယ် ဆိုတဲ့ မနှင်းနန္ဒာအောင် ကလည်း အဲဒီ KTV မှာ လုပ်နေတယ်ဆိုတာ သိရလို့ ဆိုင်ပိုင်ရှင်ရော၊ သူ့ကိုပါ ဖမ်းပေးဖို့ “ဝ” ဘက်ကို ထပ်ပြီး အကူအညီတောင်းတယ်” ဟု ပြောပြသည်။
“ဝ” အထူးဒေသသို့ ရောက်ရှိပြီး ၃ ရက်ခန့် အကြာ မအေးသည် လူမှုကွန်ရက် မှတဆင့် ဖခင်ထံသို့ ဆက်သွယ်ပြီး မိမိ ရောင်းစားခြင်း ခံရသည့် အကြောင်းကို ပြောပြခဲ့ကြောင်း၊ မအေး၏ မိသားစုဝင်များက ထို KTV နှင့် ဆက်သွယ်၍ ၎င်း၏ သမီးကို ပြန်လည်ခေါ်ယူလိုကြောင်း ဖုန်းဖြင့် မေးမြန်းရာ ဆိုင်ပိုင်ရှင် ဒေါ်သီတာဆိုသူက ငွေ ၂ သိန်းခွဲ တောင်းခဲ့ကြောင်း၊ အဆိုပါ KTV ဆိုင်ပိုင်ရှင်သည် မအေးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ငူမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံက အချက်အလက်များ အရ သိရသည်။
ထို့နောက် မအေး၏ ဖခင်ဖြစ်သူက တောင်ငူမြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ (လူကုန်တား) သို့ ဆက်သွယ် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအမှုကို ကိုင်တွယ်နေသည့် တောင်ငူမြို့နယ် လူကုန်တားရဲတပ်ဖွဲ့မှ ဒုရဲအုပ် အေးစိုးက ပြောသည်။
ထို့နောက် လူကုန်တား ရဲတပ်ဖွဲ့ အချင်းချင်း ချိတ်ဆက်ပြီး လားရှိုးမြို့နယ် လူကုန်တားရုံးမှ တဆင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တာဝန်ခံများနှင့် ချိတ်ဆက်ကာ ရောင်းစားခံရသည့် မအေးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ တရားခံများ ဖြစ်သည့် မနှင်းနန္ဒာအောင်နှင့် ပြည့်တန်ဆာ အဖြစ် သွတ်သွင်း ခိုင်းစေသည့် KTV ဆိုင်ပိုင်ရှင် ဒေါ်သီတာတို့ကို ဖမ်းဆီးနိုင်ရေး အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တာဝန်ခံများမှ ထပ်မံကူညီခဲ့ခြင်း ဖြစ်သည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပြင်ပ ဆက်ဆံရေးရုံး(လားရှိုး)၏ ဆက်သွယ်ပေးမှုကြောင့် “ဝ” အထူးဒေသ၊ ပန်ဆန်းမြို့ရှိ ရဲတပ်ဖွဲ့မှ လူကုန်ကူးမှု ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီး၍ အမှတ် ၁၆ လူကုန်တားရဲတပ်ဖွဲ့ (လားရှိုး) သို့ ဇူလိုင် ၂၀ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပြင်ပဆက်ဆံရေးရုံး(လားရှိုး) တာဝန်ခံ ဦးညီရမ်းက “ကျနော်တို့က ဖမ်းပို့ရမယ့် တာဝန်ပါပဲ။ ကျန်တာက မြန်မာရဲအပိုင်းပဲ။ အချက်အလက် အသေးစိတ်ကို သက်ဆိုင်ရာ ရဲကိုမေးရင် ပိုပြီး တိကျမယ်” ဟု ဆိုသည်။
“ဝ” နယ်သို့ အကူအညီ တောင်းရာတွင် သက်ဆိုင်ရာ နယ်မြေ အုပ်ချုပ်ရေးများက လိုလိုလားလား ကူညီပေးခဲ့ကြောင်း၊ တရားခံများကို ဖမ်းဆီးရမိရေး အတွက်လည်း ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးပြီး မိမိတို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း လားရှိုး မြို့နယ် လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူးမင်းနိုင်က ပြောသည်။
ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့သည် လူကုန်ကူးမှု စာရင်းများတွင် နှစ်စဉ် အမြင့်ပိုင်းတွင် ရောက်ရှိနေပြီး လားရှိုးမြို့ တခုထဲတွင်ပင် ယခုနှစ်အတွင်း လူကုန်ကူးမှု ၈ မှုအထိ ရှိနေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။
ရဲမှူးမင်းနိုင်က “လူကုန်ကူး ခံရသူ၊ တရားခံတွေကို သူတို့(ပဲခူး၊ တောင်ငူ) ဘက်ကိုပဲ ပြန်လွှဲပေးလိုက်တယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာတော့ လူကုန်ကူးမှုက မူဆယ်ဘက်က အမြင့်ဆုံးပဲ။ ကျနော်တို့ လားရှိုးမြို့နယ်က ဒီနှစ်အတွင်း လူကုန်ကူး မှုတွေ ကတော့ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခဲ့တဲ့အမှုတွေပဲ။ “ဝ” နယ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်လိုက် ရတာတော့ ဒါပထမဦးဆုံးလို့ ပြောရမယ်” ဟု ဆိုသည်။
လက်ရှိတွင် လူကုန်ကူးမှု ပြုလုပ်ခဲ့သည့် မနှင်းနန္ဒာအောင်နှင့် ၎င်း၏မိခင် ဒေါ်သင်းသင်းမာ၊ KTV ဆိုင်ပိုင်ရှင် ဒေါ်သီတာတို့ကို တောင်ငူမြို့နယ်၊ အမှတ် ၂ နယ်မြေရဲစခန်းတွင် (ပ)၄၄၈/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/ ၃၂ တို့ဖြင့် ဇွန်လ ၂၈ ရက်နေ့တွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
You may also like these stories:
တရားရုံးချိန်းတွေကို စောင့်ကြည့်ပြီးတော့ တရားမျှတမှုဖြစ်ဖို့ ကူညီတယ်
မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ
မလေးရှားသို့ လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင် ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ