လက်နက်မှုနှင့် မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးခံထားရသော ACE ဟိုတယ်နှင့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို ဒက္ခိဏခရိုင်တရားရုံးက ယနေ့ စတင်စစ်ဆေးခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့က စစ်ဆေးသော ရုံးချိန်းတွင် အမှုမှ အဓိက ကာယကံရှင်ဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရုံးချိန်းသို့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် အမှုတွဲတွင်ပါဝင်သူ ၎င်း၏ ဝန်ထမ်းများ လာရောက် သည်ကို တွေ့ရပြီး မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ ဖြိုးကိုကိုတင့်ဆန်းကို နှစ်ဘက် ရှေ့နေများက စစ်ဆေးခဲ့သည်။
တရားခွင်တွင် မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးဖမ်းဆီးမိရာ နေရာများမှ တခုဖြစ်သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရှိ နေအိမ်တွင် ၎င်းနှင့် မိသားစု နေထိုင်ခြင်းမရှိဟု ဖြိုးကိုကိုတင့်ဆန်းက ၎င်း၏ ရှေ့နေဖြစ်သူ မေးမြန်းမှုကို ထွက်ဆိုခဲ့သည်။
ရွှေတောင်ကြား ရပ်ကွက်ရှိ အခင်းဖြစ်နေအိမ်ကို လွန်ခဲ့သော ၂ နှစ်ခန့်က ဇနီးဖြစ်သူ၏ အမည်ဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ငွေအကျေပေးချေရခြင်းမရှိသေး၍ သွားရောက် နေထိုင်ခြင်းမပြုဘဲ အိမ်စောင့်၊ ခြံစောင့်များဖြင့် ထားရှိကြောင်း၊ ယင်းအိမ်သို့ ဇနီးဖြစ်သူနှင့်အတူ နှစ်ကြိမ်မျှသာ သွားရောက်ဖူးပြီး အိမ်ပတ်ဝန်းကျင်နှင့် အိမ်အတွင်းအနေအထားများကို ကြည့်ရှုခြင်းကိုသာ ပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
အခင်းဖြစ်နေအိမ်မှ မူးယစ်းဆေးဝါးများထည့်ထားသော အနက်ရောင်အိတ်မှာ ၎င်း၏ အိတ်မဟုတ်သကဲ့သို့ ယင်းအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် ၎င်းမှာ နေပြည်တော်တွင် ရှိနေကြောင်း ထွက်ဆိုသည်။
ထို့အပြင် ၎င်းနှင့် မိသားစုမှာ သာကေတမြို့နယ် ၁၃ ရပ်ကွက်ရှိ နေအိမ်တွင်သာ နေထိုင်ကြောင်း တရားရုံးသို့ အိမ်ထောင်စုစာရင်းကို သက်သေအဖြစ် တင်ပြခဲ့သည်။
ဥပဒေအရာရှိဖြစ်သူကလည်း ဖြိုးကိုကိုတင့်ဆန်းနှင့် မိသားစုမှာ ရန်ကုန်တွင် နေထိုင်သည် သို့မဟုတ် နေပြည်တော်တွင် နေထိုင်သည်ကို အသေးစိတ်မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ ရုံးချိန်းတွင် ဖြိုးကိုကိုတင့်ဆန်းက အမှုတွဲမှ ပူးတွဲတရားခံများဖြစ်သော ၎င်း၏ ဝန်ထမ်းများနှင့် ပတ်သက် ဆက်ဆံမှု အခြေအနေများကိုလည်း ထွက်ဆိုခဲ့သည်။
၎င်းသည် သန်လျင်နည်းပညာကောလိပ်မှ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် အောင်မြင်ခဲ့သည်မှ နေပြည်တော် လွှတ်တော်အဆောက် အဦဆောက်လုပ်ခဲ့ခြင်း၊ ယင်းအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့၊ အာဆီယံ အင်ဂျင်နီယာအဖွဲ့က ဂုဏ်ပြုလက်မှတ်နှင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရခြင်းများကိုလည်း တရားရုံးကို သက်သေတင်ပြခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း၏ မူးယစ်ဆေးဝါးအမှုများနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၃ ရက်တွင် ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်းလည်း ခရိုင်တရားသူကြီးက ပြောသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့နောက် ကွင်းဆက်အဖြစ် နေပြည်တော်ရှိ ACE ရုံးနှင့် နေအိမ်တို့၌ ဆက်လက်ရှာဖွေရာ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများ၊ ရန်ကုန်မြို့ရှိ ၎င်းပိုင်ဆိုင်သော နေအိမ်များတွင် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့၍ ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ ၁၄ ခု တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။
ယင်းအမှုများနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ရုံးချိန်း သတ်မှတ်ရက်တွင် သက်သေ များ၊ နှစ်ဘက် ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင် အတွင်း စစ်ဆေးမှု ပြုလုပ်ရသောကြောင့် သက်သေများ ပျက်ကွက် ပါကလည်း ရုံးချိန်း ပျက်ကွက်မှုများ ရှိကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်
ဖြိုးကိုကိုတင့်ဆန်း အမှု ကြာမြင့်နေရသည်မှာ နေပြည်တော် တရားရုံးများတွင် Case Management Program (CMP) စီမံ ခန့်ခွဲသည့်စီ မံချက်များ မရှိသည့် အတွက်ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ ယခုအမှုတွင် တရားခံဖြစ်သူကို စတင်စစ်ဆေးချိန်မှစ၍ CMP စနစ်အကျုံးဝင်လာပြီဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်း မှ သိရသည်။
You may also like these stories:
ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၁၀ ဦး စစ်ဆေးရန် ကျန်
ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော
ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ် သက်သေ အားလုံး စစ်ဆေးပြီး
ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ် သက်သေ စစ်ဆေးရန် ၂ ဦး ကျန်
ဖြိုးကိုကိုတင့်ဆန်း အမှု စွဲချက် အမိန့် ပြင်ဆင် လျှောက်ထားချက် ပယ်ချခံရ