အမျိုးသားနှင့် အမျိုးသမီး၏ အသက်သည် ၁၈ နှစ်ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ခွင့် ရှိရမည် ဆိုသည့် အချက်ပါရှိသော ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ဥပဒေကြမ်းသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သဖြင့် အသက်ဝင်လာတော့မည် ဖြစ်သည်။
ဇူလိုင်လ ၂၂ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းနှင့် ပတ်သက်၍ တပိုဒ်ချင်းဆီအလိုက် အတည်ပြုရန် အဆိုတင် သွင်း ခြင်းနှင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ်ဖြစ်သည်။
ထိုသို့ လွှတ်တော်က သဘောတူလိုက်သည့် ယင်းဥပဒေကြမ်းကို နိုင်ငံတော် သမ္မတထံ ပြန်လည် ပေးပို့သွားမည် ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေး ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်း က “ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးရင် သမ္မတကြီး ဆီကို ပေးပို့မယ်။ ၁၄ ရက် အတွင်းမှာ သမ္မတက လက်မှတ်ထိုးရင် ထိုးမယ်။ အစီရင်ခံစာတင်ပြီး လွှတ်တာ်က အတည်ပြုလိုက်တာ ဖြစ် တဲ့ အတွက် သမ္မတက လက်မှတ်ထိုးကို ထိုးရမှာ။ အကယ်၍ မထိုးရင်လည်း ၁၄ ရက်အတွင်း အလိုအလျောက်ဖြစ်တယ်” ဟုဧရာဝတီ သို့ ပြောသည်။
ထိုသို့ သမ္မတလက်မှတ်ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီ ဆိုပါက ပြည်ထောင်စု ရှေ့နေချုပ်ရုံးကလည်း အတည်ပြုလိုက်သည့် ဥပဒေများ ကို ယင်းဝက်ဆိုဒ်တွင် တရားဝင်ကြေညာပေး ကြောင်းသိရသည်။
ယင်းဥပဒေ အသက်ဝင်လာပြီဆိုပါက မိဘများကိုယ်တိုင်က မိမိ၏သား/သမီးအရင်းကို ရိုက်နှက်သည့် ကိစ္စများ ၊ ကလေးစိတ်ဒဏ်ရာ ရ ရှိစေမည့် အပြုအမှု အပြောအဆိုများကို ပြုလုပ်၍ မရကြောင်း၊ ကလေးတယောက် မွေးစားမည်ဆိုပါကလည်း သား/သမီး အရင်းကဲ့သို့ မွေးစားရမည် အစရှိသဖြင့် ကလေးများအား ကာကွယ်ပေးထားသည့် အချက်အလက်များစွာ ပါဝင်ကြောင်း ဦးနေမျိုးထွန်းက ရှင်းပြ သည်။
ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က “အများအားဖြင့် ဥပဒေဆိုတာက သမ္မတက လက်မှတ်ရေးထိုးပြီဆိုတာနဲ့ ဤ ဥပဒေသည် ချက်ချင်း အာဏာတည်စေရမည်။ (သို့မဟုတ်) ဒီနေ့မှ စ၍ အာဏာတည်စေရမည်။ အဲဒီလို သက်ရောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင် ဥပဒေကြမ်းအပေါ် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည် ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖတ်ကြားတင်ပြခဲ့ပြီး ယနေ့ လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေတွင် အမျိုးသားနှင့် အမျိုးသမီး၏ အသက်သည် ၁၈ နှစ်ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ခွင့် ရှိရမည့် အချက်ပါဝင်သည့်အတွက် ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးစဉ်တည်းက ကိုယ်စားလှယ်ချင်း သဘောထား အမြင်များ ကွဲလွဲမှု များ ရှိ နေခြင်းကြောင့် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အမျိုးသားလွှတ်တော် သို့ ပြန်လည်ပေးပို့ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် အကြေ အလည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း (၈) ကလေးသူ ငယ် ကို မွေးစားခြင်းပါ ပြဋ္ဌာန်းချက် တချို့အပေါ် ဝေဖန်မှုများ မြင့်တက်နေသည့် အပြင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကန့်ကွက် ကြောင်း ဆန္ဒဖော်ထုတ်မှုများကို မြန်မာ အနှံ့ အပြားတွင် ပြုလုပ်လျက်ရှိသည်။
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ကလေး မွေးစားခွင့်ပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို လွှမ်းမိုး ပယ်ဖျက်လိုက်သည်၊ ဖောက်ဖျက် ကျူးလွန်နေသည်ဟု ဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီမှ ဦးဆောင်၍ ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သည်။
၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင် ငံခြားသား တဦးသည် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် မွေးစားသည့်ကလေးသည် နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးဖွားကြောင်း မှတ်ပုံတင်သည့် ကလေးသူငယ် တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရရှိစေရမည်ဟု အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၂၂ တွင်ဖော်ပြထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးကလည်းပြောထားသည်။
You may also like these stories:
ထိမ်းမြားခွင့် အသက် ကလေးသူငယ် ဥပဒေကြမ်းတွင် ထည့်သွင်းရန် တောင်းဆိုနေကြ
၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ၁၀၀၀ လျှင် ၄၈ ဦးကျော်အထိ ရှိနေ