ယခုလာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ် ၃၃၈၅.၈၂ ဘီလီယံ တောင်းခံထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ် ၁၁၈၄.၁၁ ဘီလီယံ၊ ပညာရေး ဝန်ကြီးဌာနက ၂၇၁၁.၅၆ ဘီလီယံ တောင်းခံထားသည်ဟု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် ဖော်ပြထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံခဲ့ရာ ကာကွယ်ရေး အသုံးစရိတ် တောင်းခံမှုမှာ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာလျက် ရှိသည်။
သို့သော် ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်သည် ပမာဏအားဖြင့် တက်လာသော်လည်း ရာခိုင်နှုန်း အားဖြင့် တိုးတက်မှု မရှိဘဲ ၁၁ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိနေပြီး ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် ၂ ခု ပေါင်းသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ်ထက် ပို၍ များသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ပညာရေး အသုံးစရိတ်က အသုံးစရိတ် စုစုပေါင်းရဲ့ ၈.၃၉ ရာခိုင်နှုန်း ရှိတယ်။ ကျန်းမာရေးက ၃.၆၆ ဆိုတော့ ၂ ခုပေါင်းရင် ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်။ ကာကွယ်ရေး အသုံးစရိတ်က ၁၀.၄၇ ရာခိုင်နှုန်း ရှိတော့ ကျန်းမာရေးနဲ့ ပညာရေး ၂ ခု ပေါင်းလိုက်ရင် ကာကွယ်ရေး အသုံးစရိတ်ထက် များသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်မတော် အသုံးစရိတ်များကို အဆင့်ဆင့် စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်၍ ယခု တင်ပြသည့် အသုံးစရိတ်များသည် မလွဲမသွေ သုံးစွဲရမည့် အသုံးစရိတ်များ ဖြစ်သဖြင့် လွှတ်တော်မှ အတည်ပြုပေးရန် ပြောဆိုသည်။
သို့သော် တပ်မတော်၏ အသုံးစရိတ်များကို လွှတ်တော်မှ တိတိကျကျ စိစစ်ခွင့် မရသည့်အပေါ် ဝေဖန်ခံနေရပြီး နှစ်စဉ် ထုတ်ပြန်လျက်ရှိသည့် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာများ အရလည်း ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ် ပွင့်လင်း မြင်သာမှု မရှိကြောင်း အရပ်ဘက် ကိုယ်စားလှယ်များက ဝေဖန်လေ့ ရှိသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ကျမတို့က သွားပြီးတော့ သူတို့ စစ်တပ်ထဲလည်း ဝင်စစ်လို့ ရတာ မဟုတ်ဘူး။ တကယ်လုပ်ထားလား၊ မလုပ်ထားလားလည်း မသိဘူး။ သူတို့ဆီက ပြတဲ့ စာရင်းကိုပဲ စာရွက်ပေါ်မှာပဲ စစ်ရတာ။ ဘာဝယ်လဲဆိုတာ ဘေလ်လည်း ပြတာ မဟုတ်ဘူးလေ။ သူ့စာရင်း စစ်တဲ့သူနဲ့ သပ်သပ်စစ်တာ” ဟု ပြောသည်။
၎င်းက ဆက်၍ “ကျန်းမာရေး ဘတ်ဂျက်ဆိုရင် သေချာစစ်နိုင်တယ်။ တချို့ဟာတွေ ဖြတ်ချပစ်တယ်။ ဥပမာဆိုရင် တိုက်နယ်ဆေးရုံ တမြို့နယ်ထဲမှာ ၂ ရုံ ဖြစ်နေရင် တရုံကို ဖြတ်ချတာမျိုး။ အဲဒီကနေ ပိုက်ဆံ အများကြီး လျော့သွားတာလေ”ဟု ပြောပြသည်။
တပ်မတော်၏ အသုံးစရိတ်များကို ၁၉၇၄ ခုနှစ်မှ စ၍ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ကသာ စစ်ဆေးလေ့ ရှိပြီး လွှတ်တော် များ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင်လည်း တပ်မတော်၏ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန် အသုံးစရိတ်များကိုသာ လွှတ်တော်က အကြမ်းဖျင်း စိစစ်ခွင့် ရရှိသည်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ သုံးစွဲမည့် ငွေလုံးငွေရင်း အသုံးစရိတ်ထဲတွင် ဆောက်လုပ်ရေး အသုံးစရိတ် ကျပ် ဘီလီယံ ၂၀၀ ကျော်၊ စက်ပစ္စည်း အသုံးစရိတ် ကျပ် ဘီလီယံ ၁၂၀၀ ကျော်နှင့် ခေါင်းစဉ် တပ်မထားသော အခြားအသုံးစရိတ် ဝ.၇၁၃ ဘီလီယံ ပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ တင်ပြချက်အရ သိရသည်။
သာမန် အသုံးစရိတ်များထဲတွင် တပ်မတော်သားများ၏ လစာနှင့် စရိတ်များအတွက် ကျပ် ဘီလီယံ ၈၈၀ ကျော်၊ ပစ္စည်း စရိတ် ကျပ် ဘီလီယံ ၄၆၀ ကျော်၊ အထွေထွေ ခေါင်းစဉ်အောက်တွင် ကျပ်ဘီလီယံ ၁၈၀ ကျော် သုံးစွဲမည်ဟု စာရင်းပြထားသည်။
ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ကြည့်၍ မရသည့်အခါ အရပ်ဘက်က မသိနိုင်ကြောင်း၊ မသိဟု ဆိုရာ တွင် တပ်မတော်သား ဦးရေ မည်မျှ ရှိသည်၊ စစ်သည်၊ အရာရှိ အရေအတွက် မည်မျှကို လစာ မည်မျှ ပေး နေရသည်ကိုပင် မသိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။
“ကာကွယ်ရေး အသုံးစရိတ်ကတော့ သူတို့ကိုယ်တိုင် ဖြတ်တောက်လိုပါတယ် ပြောမှ ဖြတ်တာ။ ဒီတိုင်း ဒီဘက်ကနေ ဖြတ်ချတယ် ဆိုတာ ကျနော်တို့ သက်တမ်း ကာလမှာ တခါမှ မတွေ့ဖူးဘူး”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ပညာရေး အသုံးစရိတ်ကလည်း အရမ်းကြီး တိုးမလာဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကာလနဲ့ ယှဉ်မယ် ဆိုရင် တော့ အဲဒီတုန်းက ပညာရေး အသုံးစရိတ်က ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ လွှတ်တော်တွေ ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်းမှာ ပညာရေး အသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြင့်လာတယ်”ဟု ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို Standard Army ၊ Standard Navy၊ Standard Air Force ဖြစ်လာစေရေး အတွက် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောက်ရန်၊ ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ် စောင့်ရှောက်ရန်တို့ အတွက် နှစ်ရှည် စီမံကိန်းများ ရေးဆွဲထားကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မနေ့က လွှတ်တော်တွင် ပြောဆိုခဲ့သည်။
အထက်ပါ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက် ရေးဆွဲ ဆောင်ရွက်ရာတွင် တပ်မတော်၏ သဘော သ ဘာဝ အရ လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံနှင့် ပေးအပ်လာသော တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ဦးစွာ ရေးဆွဲ ပြဋ္ဌာန်းရကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွက် အစိုးရ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံး၏ ဘတ်ဂျက် စုစုပေါင်းမှာ ကျပ် ဘီလီယံ ၃၂၃၀၀ ကျော်ရှိပြီး ဘတ်ဂျက်ရရှိမှု အနည်းဆုံး ဝန်ကြီးဌာနမှာ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်သူ့ ချွေးနှဲစာများ နှင့် ပြည်တွင်းစစ်
ပြည်သူ့အတွက် နိုင်ငံတော် ဘတ်ဂျက်ဟူသည် မေတ္တာဖျန်းမှ လန်းဆန်းနိုင်မည်