သတင်း

လ၏ တောင်ဝင်ရိုးစွန်းကို အိန္ဒိယ အာကာသယာဉ် လေ့လာနိုင်မည်ဟု မျှော်လင့်

အိန္ဒိယက ဒုံးပျံတစင်းကို တနင်္လာနေ့တွင် အာကာသထဲသို့ လွှတ်တင်ခဲ့ပြီး လပေါ်သို့ ဘေးကင်းစွာရောက်ရှိ အခြေချ လေ့လာမည်ဖြစ်သည်။ ၎င်းမှာ အာကာသအတွင်း စရိတ်ကျဉ်းကျဉ်းဖြင့် စတင် ကြိုးပမ်းမှု ဖြစ်သော်လည်း အကြီးမားဆုံး မျှော်လင့်ထားသော မစ်ရှင်တခုလည်း ဖြစ်သည်။

အကယ်၍ အောင်မြင်ခဲ့လျှင် အိန္ဒိယသိပ္ပံပညာရှင်များ အတွက် လပေါ်ရှိ တောင်ဝင်ရိုးစွန်းတွင် ရေတည် ရှိနေမှု လေ့လာရေး အထမြောက်စေရန် ဒေါ်လာ ၁၄၆ သန်း ကုန်ကျမည့် လေ့လာစူးစမ်းရေး ခွင့်ပြုမည်ဖြစ်သည်။ ယင်းသို့ စူးစမ်းရှာဖွေမှုမှာ ကမ္ဘာ့နိုင်ငံ အတော်များများ ယခုအထိ မပြုလုပ်နိုင်သေးပေ။

“ဒီမစ်ရှင်ကနေ လနဲ့ ပတ်သက်တဲ့ အသိပညာ အသစ်တွေ ပေးသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် နိရိန္ဒရာမိုဒီက တွစ်တာ လူမှုကွန်ရက်တွင် ရေးသားခြင်းဖြင့် အိန္ဒိယ ပြည်တွင်းသိပ္ပံပညာရှင်များက အပြည့်အ၀ တာဝန်ယူသည့် မစ်ရှင်အတွက် ချီးကျူးထောပနာ ပြုလိုက်သည်။

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့သာ လဆီသို့ စူစမ်းလေ့လာရေးစေလွှတ်နိုင်ပြီး အခြားနိုင်ငံများက ယခုအထိ စေလွှတ်နိုင်ခြင်း မရှိသေးပေ။

လူလိုက်ပါခြင်းမရှိသည့် ချန်ဒရာယန်း ၂ အာကာသယာဉ်ကို သယ်ဆောင်လျှက် ယခု ပစ်လွှတ်လိုက်သော ဒုံးပျံမှနေ၍ ပုံရိပ်များ တိုက်ရိုက် ထုတ်လွှင့်ပေးနေခဲ့သည်။ အဆိုပါ အာကာသယာဉ်နှင့် ဒုံးပျံကို အိန္ဒိယ တောင်ပိုင်းရှိ အာကာသစခန်းမှ လွှတ်တင်ခဲ့ရာ ထောင်နှင့်ချီ၍ စောင့်ကြည့်နေသူများက သောင်းသောင်းဖျဖျ အားပေး ခဲ့ကြသည်။ ၎င်းကို လွှတ်တင်ရေးအတွက် နည်းပညာ ဆိုင်ရာ ပြဿနာတခုကြောင့် ရက်သတ္တတပတ် နှောင့်နှေးခဲ့ရသည်။

လ၏ တောင်ဝင်ရိုးစွန်းတွင် လပေါ် ဆင်းသက်သည့်ယာဉ်က စူးစမ်း လေ့လာမည်ဖြစ်ပြီး အာကာသ ယာဉ်၏ ခရီးစဉ်မှာ ရက်ပေါင်း ၅၀ ကြာမြင့်မည် ဖြစ်သည်။

အဆိုပါ အာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့ (ISRO) က ပြောသည်။

လာမည့်လ တလလုံးနှင့် နောက်ထပ်လဝက်တို့တွင် ယင်း အာကာသယာဉ်သည် လပေါ်သို့ အဆင်ပြေ ချောမွေ့စွာ ဆင်းသက်နိုင်ကြောင်း အတိအကျ သိရမည်ဟု ISRO ဥက္ကဋ္ဌ ကေစီဗန်က ပြောသည်။ အာကာသယာဉ် ပစ်လွှတ်ပြီးနောက် မြေပြင်ရှိ အာကာသ စခန်း တာဝန်ရှိသူများ အချင်းချင်း လက်ဆွဲ နှုတ်ဆက်၍ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြသည်။

“လရဲ့တောင်ဝင်ရိုးစွန်းကို ဘေးကင်းကင်းနဲ့ အသေအချာ ဆင်းသက်နိုင်ဖို့ ၁၅ မိနစ်လောက် ထိတ်လန့်စရာတွေ ကျနော်တို့ ဖြတ်သန်းနေရဦးမှာပါ” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။ ယခုကာလမှ ၄၇ ရက်ခန့် အတွင်း အဆိုပါ အာကာသယာဉ် လပေါ်သို့ မဆင်းသက်နိုင်မီ နောက်ဆုံး အခြေအနေကို ရည်ညွှန်းလျှက် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လပေါ်သို့ ဆင်းသက်မှုသည် လ၏ဆွဲအား၊ မြေပြင် အနေအထားနှင့် ဖုန်မှုန့်များ ရှိနေခြင်း စသည့် အလားအလာ ရှိသော ပြဿနာပေါင်း များစွာဖြင့် ရှုပ်ထွေးလျှက်ရှိကြောင်း ယင်း အာကာသစခန်းက ယခင်ကပင် ပြောကြား ခဲ့သည်။

တကမ္ဘာလုံး အတိုင်းအတာဖြင့်ဆိုရလျှင် ရှေးဟောင်း သင်သက္ကရိုက် ဘာသာစကား အရ “လသို့ သွားသည့်ယာဉ်” ဟူသော အဓိပ္ပာယ်ဖြင့် ချန်ဒရာယန်း ၂ ဟု အမည်ပေးသည့် ယင်း အာကာသယာဉ်သည် ယခုနှစ်အတွက် လပေါ်သို့ တတိယမြောက် ဆင်းသက်နိုင်ခြင်း ဖြစ်သည်။ ယခုနှစ်အတွင်း တရုတ်က လစူးစမ်းရေးယာဉ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း အစ္စရေးနိုင်ငံ ဘီရီရှိ အာကာသယာဉ်မှာ လွှတ်တင်မှု မအောင်မြင်ဘဲ လပေါ်မှာပင် ဧပြီလက ပျက်ကျသွားခဲ့သည်။

လ၏ တောင်ဝင်ရိုးစွန်း နယ်မြေတွင် ရေခဲပုံစံမျိုးဖြင့် ရေရှိနေသည့်အပြင် လမျက်နှာပြင်ရှိ ချိုင့်ခွက်များတွင် နေအဖွဲ့အစည်း စတင်ဖြစ်တည်ချိန်က ရုပ်ကြွင်း အထောက်အထားများ ရှိနိုင်မည်ဟု အိန္ဒိယ အာကာသ အေဂျင်စီက သံသယရှိနေသည်။

၁၉၆၉ ခုနှစ်က လပေါ်တွင် ပထမဆုံး လူ့ခြေလှမ်း ချနိုင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ယခင် သီတင်းပတ်က ကျင်းပခဲ့ကြသည်။

နယ်ပယ်သစ်များ

အိန္ဒိယနိုင်ငံသည် အာကာသ စူးစမ်းရေးအစီအစဉ်များ ပြုလုပ်ခဲ့သည်မှာ ဆယ်နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နိုင်ငံခြား လုပ်ငန်းများနှင့် အစိုးရတာဝန်ရှိသူများအတွက် ကုန်ကျစရိတ် နည်းနည်းဖြင့် ဂြိုဟ်တု လွှတ်တင်ရေး လုပ်ကိုင်ပေးခဲ့သည်မှာ နှစ်နှင့်ချီပြီဖြစ်သည်။ အိန္ဒိယ၏ အမျိုးသားအစီအစဉ်တွင် လနှင့် အင်္ဂါဂြိုဟ် စူးစမ်းရေး မစ်ရှင်လည်း အပါအဝင်ဖြစ်သည်။

မိုဒီ၏ အမျိုးသားရေး အစိုးရသည် အိန္ဒိယနိုင်ငံ အာကာသ မူဝါဒနှင့် စီမံချက်များချမှတ်ပြီး အာကာသဆိုင်ရာ စွမ်းရည်များ ပိုမို ပြသနိုင်ရေး လုံးပန်းလျှက်ရှိသည်။ အိန္ဒိယ၏ ၂၀၁၉/၂၀ ဘတ်ဂျက်တွင် အာကာသ သုတေသနအတွက် ရူပီး ၁၂၄ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၁ဒသမ၈၁ ဘီလီယံ) ထားရှိရာ ၂၀၁၄ ခုနှစ် မိုဒီ အာဏာရလာစဉ်ကထက် ၇၅ ရာခိုင်နှုန်း တက်လာခဲ့သည်။

ယခုနှစ် မတ်လတွင် အိန္ဒိယက ၎င်း၏ဂြိုဟ်တု လက်နက်စွမ်းရည် ပြသရန်အတွက် ကိုယ်ပိုင်ဂြိုဟ်တု တလုံး ပစ်ချခဲ့ပြီး ယင်းဖြစ်စဉ်ကို မိုဒီက ထုတ်ဖော်ကြေညာခြင်းဖြင့် အိန္ဒိယသည် အာကာသ စွမ်းရည်ရှိသည့် အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း အသိပေးခဲ့သည်။

အိန္ဒိယအစိုးရက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လူလိုက်ပါမည့် အာကာသ စူးစမ်းရေး စေလွှတ်မည်ဟု ကြေညာထားသည်။ မိုဒီ အာဏာမရမီက အဆိုပြုထားမှုတချို့ ရှိသော်လည်း သောကြာဂြိုဟ်နှင့် နေကို လေ့လာရန် ယခင်က ကြေညာခဲ့ဖူးသည်။

တနင်္လာနေ့က မိုဒီသည် ချန်ဒရာယန်း ၂ နှင့် ဒုံးပျံ လွှတ်တင်မှုအကြောင်း ပြသနေသည့် ရုပ်မြင်သံကြား ဖန်သားပြင်ရှေ့တွင် ၎င်းကိုယ်ကိုယ် ဓာတ်ပုံရိုက်၍ တွစ်တာ လူမှုကွန်ရက်သို့ တင်ခဲ့သည်။

“ချန်ဒရာယန်း ၂ လွှတ်တင်နိုင်ခြင်းဟာ ကျနော်တို့ သိပ္ပံပညာရှင်များ စွမ်းရည်နဲ့ ၁ ဒသမ ၃ ဘီလီယံ လူဦးရေရှိတဲ့ အိန္ဒိယပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို သရုပ်ဖော်လိုက်တာ ဖြစ်ပြီးတော့ သိပ္ပံပညာမှာ နယ်ပယ်သစ် တခု ချဲ့ထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု မိုဒီက တွစ်တာတွင် ရေးသားထားသည်။

ကိုးကား ။ ။ Reuters

ဆက်စပ်ဖတ်ရှုရန်

 

အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင် 

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ 

Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၄၀၀ ကျော်သွားတဲ့ ဘောလိဝုဒ်သီချင်း “Bole Chudiyaan”

Loading