၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနီလာသိန်း အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးကို ပြည်သူ့ ဝန်ထမ်းများအား တာဝန်ဝတ္တရားနှောက်ယှက်မှုနှင့် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများဖြင့် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုထားသည့် အမှုကို တရားရုံးမှ တဦးလျှင် သိန်း ၂၀ ကျပ်ဖြင့် အာမခံ ပေးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တပ်မတော်မှ တရား စွဲဆိုသည့်အမှု ရုံးချိန်းတွင် ဝန်းရံသူများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခြင်း ခံခဲ့ရခြင်းဖြစ်သည်။
တရားစွဲခြင်း ခံရသည့် ကိုနန်းလင်းက “တရားစွဲခံရတာကတော့ ၅ ယောက်။ ဒီနေ့လာတာ ၄ ယောက်၊ အာမခံ ရ တာက ၄ ယောက်၊ မင်းယံထက်က ဒီနှစ် 7 July မှာ ချီတက်တဲ့ကိစ္စနဲ့ အခု အင်းစိန်အချုပ်ထောင်ထဲ ရောက် နေတဲ့အတွက် မလာနိုင် ဘူး။ သူ့ရဲ့ ဟိုအမှု ပြီးရင် ဒီအမှုလည်း သူ ဆက်ပြီး ရင်ဆိုင်ရမယ်။ ကျနော်တို့ကို တယောက် ကျပ်သိန်း ၂၀ နဲ့ အာမခံပေး တယ်” ဟု ပြောသည်။
တရားစွဲခံရသူများမှာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း၊ ကျောင်းသားများအရေးနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားခဲ့ကြသည့် ကိုနန်းလင်း၊ ကိုနိုင်ကိုသူ၊ မရှားရမုန်နှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုမင်းယံထက်တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၅ ဦးကို ပြည်သူ့ဝန်ထမ်းများအား တာဝန် ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၂ နှင့် တာဝန်ဝတ္တရား ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန် လက်ရောက်မှု ကျူးလွန်ခြင်း၊ ရာဇဝတ်မှု မကင်းသော အနိုင်အထက်ပြုခြင်းဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။
ကာယကံရှင်များသည် တရားစွဲဆိုသည့် နေ့ရက် အတိအကျကို မသိရှိရဘဲ တရားရုံးမှ ဆင့်ခေါ်စာသည် ဇူလိုင် ၂၂ ရက်နေ့က ရောက်ရှိလာကြောင်း သိရသည်။
မိမိတို့ကို ယခုလို တရားစွဲဆိုခြင်း၏ အဓိကအကြောင်းအရင်းမှာ မေလ ၂၀ ရက်နေ့က တပ်မတော်မှ တရားစွဲဆိုထားသည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်များကို အင်းစိန်ထောင်ဘူးဝတွင် လက်ထိပ်ခတ်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲခံရ သူ ကိုနန်းလင်းက ပြောသည်။
ဖြစ်စဉ်မှာ အင်းစိန်ထောင်ဘူးဝတွင် သံချပ်အဖွဲ့ဝင်များကို လက်ထိပ်မခတ်ရန် တရားစွဲသည့် တပ်မတော်ဘက်က ရုံးထုတ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးကြောင်း ပြောကြားခဲ့ပြီးနောက် လက်ထိတ်ခတ်ခဲ့သဖြင့် လာရောက်ဝန်းရံ ကြ သူများနှင့် စကားအခြေအတင်ဖြစ်ကြပြီး ရုံးထုတ်ချိန် နောက်ကျခဲ့သည်ဟု သိရသည်။
ထို့နောက် ဗိုလ်တထောင်မြို့နယ် တရားရုံးရှေ့ ရောက်သည့် အခါတွင်လည်း ရဲတပ်ဖွဲ့မှ အင်အားသုံး တားဆီးထားသည့်အပြင် တရားစွဲခံထားရသူ အမျိုးသမီး ၁ ဦးက မီဒီယာများကို ထောင်ရှေ့တွင် ဖြစ်ခဲ့သော ဖြစ်စဉ်ကို ပြောပြရန် ကြိုးစားစဉ် အနောက်မှ အတင်းတွန်းလှဲ ခေါ်ထုတ်သည့် အတွက် လာရောက် ဝန်းရံကြသူများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်ဟု ကိုနန်းလင်းက ပြောသည်။
ကိုနန်းလင်းက “သူတို့(ရဲတပ်ဖွဲ့)က မီဒီယာတွေကို ကိုယ့်သဘောထားတောင် အပြောမခံဘူး။ အတင်းဆွဲကာ၊ တွန်းကာ လုပ်တော့ လာကြတဲ့ ဝန်းရံသူတွေက မခံနိုင်ကြတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရော။ ကျနော် ပြောချင်တာက ရဲတပ်ဖွဲ့တွေဟာ တပ်မတော်ရဲ့ ဖိအားကိုကြောက်ကြောက်နဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးကို နှောက်ယှက်ဖို့ ရည်ရွယ်တာ မဟုတ်တဲ့ဟာကို အင်အားသုံး ဟန့်တားတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားရော။ သူတို့က စခဲ့တဲ့ဇာတ်လမ်းပါ” ဟု ဆိုသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို စတင် တရားစွဲစဉ်က ပထမဆုံး အနေဖြင့် မတရားမှုကို ခံလိုက်ရ ကြောင်း၊ ရုံးထုတ်ရာ တွင်လည်း ဝန်းရံကြသည့် လူငယ် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် တွန်းထိုးသည့် ကျူးလွန်မှုကို ဒုတိယအကြိမ် ခံလိုက်ရသည့်အပြင် ယခုထပ်မံ တရားစွဲဆိုသဖြင့် မိမိတို့မှာ အကြိမ်ကြိမ် နစ်နာနေရသည့် ပြည်သူများသာ ဖြစ်ကြောင်း တရားစွဲခံရသည့် မရှားယမုံက သုံးသပ်သည်။
တရားစီရင်ရေး မဏ္ဍိုင်နှင့် ပြည်ထဲရေး ဌာနတို့သည် ပြည်သူများကို အကာကွယ် မပေးဘဲ ဥပဒေများကို လိုအပ်လျှင် လိုအပ်သလို အသုံးပြုနေသည်မှာ ထင်ရှားနေကြောင်း၊ ယနေ့ တရားခွင်တွင်လည်း ပြည်ထဲရေး ဌာနမှ အရပ်ဝတ်တချို့က တရားသူကြီး၏ ခွင့်ပြုချက်မရှိပဲ တရားခွင်အတွင်းရှိ စာရွက်စာတမ်းများကို လှန်ခြင်း၊ ရှာခြင်း စသည့် လုပ်ရပ်များကို မြင်တွေ့ ခဲ့ရသဖြင့် ဥပဒေဘောင်ကို ကျော်လွန် လုပ်ဆောင်နေမှု ထင်ရှားနေ ကြောင်း သူက ဆက်ပြောသည်။
မရှားယမုံက “ကျမတို့ကတော့ ဥပဒေကြောင်းအရပဲ ဆက်ရင်ဆိုင်မယ်။ ကျမတို့ဘက်က သင့်တော်တဲ့ သက်သေတွေ တင်မယ်။ အခုက ဥပဒေ ဆိုတာကို ပြည်ထဲရေးကရော၊ တရားစီရင်ရေး မဏ္ဍိုင်ကရော အာဏာရှိတဲ့သူတွေ ဘက်ကိုပဲ အကာအကွယ် ပေးနေသလို ဖြစ်နေတယ်။ ကျမတို့ ပြည်သူတွေဘက်မှာ ဘယ်သူကမှ အကာအကွယ် လာမပေးဘူး” ဟု ဆိုသည်။
တရားစွဲခံရသည့် ပုဒ်မ ၃၃၂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်သလို ပုဒ်မ ၃၅၃ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင် ၂ နှစ်၊ သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ကို ချမှတ်နိုင်သည် ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
တပ်က တရားစွဲသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦး ချုပ်နှောင်ခံရ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်ကလည်း တရားစွဲ