သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက် ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ် ချက်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း အိမ်ရှင်ဖြစ်သူ သံသယ တရားခံ ဒေါ်သိင်္ဂီစုက ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ထွက်ဆိုသည်။
ထို့သို့ ပြုတ်ကျပြီးနောက် စစ်ဆေးကြည့်ရာတွင် မကရင်မ၏ ဦးခေါင်း၊ ရင်ဘတ်၊ ကျောတို့တွင် ပေါက်ပြဲဒဏ်ရာများ၊ ရင်ဘတ် တွင် ညိုမည်း ဒဏ်ရာများနှင့် နောက်ကျောတွင် အရေပြားဒဏ်ရာများ ရနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မကရင်မ တွင် ယခင်ကတည်းက နာတာရှည်ရောဂါ တချို့ရှိကြောင်းလည်း လူသတ်မှုဖြင့် စွဲချက်တင် ခံထားရသည့် ဒေါ်သိင်္ဂီစုက ထွက်ဆိုခဲ့သည်။
၎င်းက“အရင်ကတည်းက ရေဖျင်း၊ ရေအိတ်၊ လိပ်ခေါင်းရောဂါများ ရှိကြောင်း ပြောသဖြင့် ထိုရောဂါများ ရှိကြောင်း အရင် ကတည်းက ရှိနေသည်ကို မပြောသည့်အပေါ် မေးမြန်းခဲ့ဖူးကြောင်း၊ အလုပ်များနေသဖြင့် အိမ်အကူဖြစ်သူ မကရင်မနှင့် တွေ့ဆုံချိန်မှာ နာရီပိုင်းသာရှိကြောင်း”လည်း ထွက်ဆိုခဲ့သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“သူက စစ်တပ်မှာ သူ့အမျိုးသား ပြောင်းဖို့ရွှေ့့ဖို့ ကိစ္စတွေ အလုပ်ရှုပ်တဲ့ အခါကျ တော့ အဲဒီကိစ္စနဲ့ မကရင်မက လားရှိုးကိုရောက်တယ်။ နောက်ပြီး သူပြန်လာတဲ့ အခါရောက်တော့လည်း အိမ်မှာ ကောင်းကောင်း မနေရဘဲ ကျောင်းကိစ္စ၊ Ph.D ဖြေဖို့ ကိစ္စတွေနဲ့ အဆင်မပြေ ဖြစ်နေတာ အတွက် သွားနေရတော့ အဲဒီမှာ အချိန်တွေ ပေးရတယ်။ မကရင်မနဲ့ သူနဲ့ဟာ အိမ်မှာ အေးအေးဆေးဆေးနဲ့ တယောက်နဲ့တယောက် မတွေ့ရ ဘူးလို့ ထွက်ဆို သွားတယ်”ဟု ပြောပြသည်။
“သူဆိုလိုချင်တဲ့ အဓိပ္ပာယ်က မကရင်မနဲ့ သူနဲ့သည် အေးအေးဆေးဆေး မတွေ့ရသော်လည်း မကရင်မ ရောဂါတွေ၊ ဝေဒနာတွေ ခံစားနေရတာနဲ့ ပတ်သက်ရင်တော့ သူက သေသေချာချာလေး ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးပါတယ်လို့ ပြောချင်တာပေါ့”ဟု ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သက်သေ ထွက်ဆိုထားသည်။
မကရင်မ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံး သော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမည်းစွဲ ဒဏ်ရာများ၊ စုတ်ပြဲ ဒဏ်ရာများ တွေ့ရှိရကြောင်း တွံ့တေးမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင်က မကရင်မ သေဆုံးခဲ့ပြီးနောက် မေလအတွင်းက ဧရာဝတီသို့ အတည်ပြု ပြောကြား ထားသည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် အိမ်ရှင် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ် မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ယခုနှစ် ဇန်နဝါရီလ၂၃ ရက်တွင် စွဲချက် တင်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှုတွင် တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တရားခံပြ သက်သေ အဖြစ် ၁၈ ဦး တင်သွင်းထားကြောင်း သိရ သည်။
ဆက်စပ် ဖတ်ရှုရန်-
အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ
အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး
မကရင်မ သေဆုံးမှု သံသယ တရားခံမှာ အခြား အိမ်အကူကိုလည်း နှိပ်စက်ဖူး ဟုဆို