Crime

သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့မှု တရားခံ အစစ် ဖော်ထုတ်ရန်လို ဟုဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရုံးရှေ့ လက်ပစ်ဗုံး တွေ့ရှိမှု ဖြစ်စဉ်၌ တရားခံ အစစ်အမှန်ကို တိတိကျကျ ဖော်ထုတ် အရေးယူပေးရန် လိုကြောင်း ပါတီဝင်များက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်က သင်္ဃန်းကျွန်း မြို့နယ်ရှိ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များရုံးရှေ့တွင် လက်ပစ်ဗုံး တလုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု မဖြစ်ပွားခဲ့ပေ။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် (ခ) ဦးနေမျိုးကျော် က “နေပြည်တော် ဖြစ်စဉ်မှာလည်း လိမ်ပြီး တိုင်တယ် ဆိုရင်တောင် ဘယ်ဖုန်းနံပါတ်နဲ့ တိုင်တယ်ဆိုတာ ရဲက သိမှာပဲ။ အခုလည်း ရန်ကုန်က သင်္ဃန်းကျွန်း NLD ရုံးမှာ ထပ်ဖြစ်ပြန်ပြီ။ ဖြစ်ရပ်တွေက ခပ်စိတ်စိတ်ဖြစ်နေပြီ။ ဒါကို ရဲ တပ်ဖွဲ့အနေနဲ့ အဖြစ်မှန်ကို ဖော် ထုတ်ဖို့ လိုပြီ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းရာတွင် အမှုဖွင့်ခြင်း၊ မဖွင့်ခြင်းကို တိတိကျကျ မပြောသေးဘဲ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆက်လက် ဆောင်ရွက်နေသည် ဆိုသည့် အချက်ကိုသာ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လက်ပစ်ဗုံးသည် စနက်တံပင် မဖြုတ်ရသေးဘဲ ရုံးရှေ့ရှိ ပန်းရုံထဲ၌ ချထားခြင်းဖြစ်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်း အဆိုပါ နေရာသို့ ရောက်ရှိခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့် ရပ်ကွက် NLD ပါတီ ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

“အမှိုက်ကောက် လက်တွန်းလှည်း ထွက်သူက မနက် ၆ နာရီလောက်က၊ သူက တွေ့တွေ့ချင်း ဘာလဲမသိ ဆိုပြီး ကိုင် ကြည့်ပြီး လက်ပစ်ဗုံးလို့ ယူဆပြီး ကြောက်လို့ ရုံးနဲ့ ပန်းရုံကြားက လျှောက်လမ်းထဲကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးကိုရော ကျနော်တို့ဆီကိုရော သတင်း ရောက်လာတယ်” ဟု ၎င်းက ဆိုသည်။

ဦးအေးဝင်းက ဆက်လက်၍ “ကျနော့်အိမ်နားမှာ ဖြစ်တဲ့ အတွက် ကျနော် ရောက်သွားတော့ လက်ပစ်ဗုံးမှန်း သိတာနဲ့ အနီးနားက ကားတာယာကွင်းတွေကို အုပ်ထားလိုက်တယ်။ သက်ဆိုင်ရာ ရဲတွေ၊ ခရိုင်မှူး၊ တိုင်းစစ်ဌာနချုပ်က တိုင်း မှူးတွေ ရောက်လာတော့ အဲဒီ တာယာကွင်းတွေကို ဖယ်ပြီး ဗုံးကို မြို့နယ်ရဲမှူး ကိုယ်တိုင် အသက်မဲ့အောင် လုပ်လိုက်တယ်” ဟု ရှင်းပြသည်။

ယမန်နေ့(ဇူလိုင် ၂၃) ရက် မနက်ပိုင်းကလည်း NLD ပါတီ အများစုနေသည့် စည်ပင်ရိပ်သာ ၂ တွင် ဗုံးထောင်မည် ဆို သည့် သတင်းကို ရရှိခဲ့သဖြင့် လုံခြုံရေး တင်းကြပ်ခဲ့ပြီး တယ်လီဖုန်းဖြင့် သတင်းပေး တိုင်ကြားသူက ပြောသည့်နေရာသို့ သွားရောက် ရှာဖွေရာတွင် တွေ့ရှိခဲ့ခြင်း မရှိပေ။

ဗုံးတွေ့သည့် နေရာကို ညွှန်ပြနေသည့် မြို့နယ် NLD ပါတီဝင်(ထက်ခေါင်လင်း၊ ဧရာဝတီ)

ဆက်လက်၍ ဦးနေဘုန်းလတ်က “အခုက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပြင်ဆင်ဖို့ လုပ်ချိန်၊ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကလည်း နီးလာချိန်ဆိုတော့ တကယ်လို့သာ မဖော်ထုတ်နိုင်ခဲ့ဘူးဆိုရင် ပြည်သူတွေကြားမှာ သို့လော သို့ လောနဲ့ ကိုယ့်အယူအဆနဲ့ကိုယ် ဖြစ်နေကုန်မယ်။ လူထုကြားမှာလည်း ကြောက်ရွံ့၊ ထိတ်လန့်မှုတွေ ဖြစ်လာနိုင်မယ်။ လက်ပစ်ဗုံး ဆိုတာ စစ်မြေပြင်မှာပဲ ရှိနေတဲ့ အရာလေ။ အခုလို လူနေရပ်ကွက်တွေမှာ တွေ့ရတယ်ဆိုထဲက ဟုတ်ကို မ ဟုတ်တော့ဘူး” ဟု ပြောဆိုသည်။

အဆိုပါ မြို့နယ် NLD ပါတီရုံးသည် ဘဝမြင့်ရပ်ကွက် အတွင်းရှိ မေခ အိမ်ရာဝင်းအနီးတွင်ဖြစ်ပြီး၊ ရွှေတောင် လုပ်ငန်း အုပ်စုမှ ဦးအိုက်ထွန်းက ပါတီနာမည်ဖြင့် မြေနေရာ ပေးအပ်ခဲ့ပြီးနောက် အဆောက်အအုံကို ပါတီမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ဆောက်လုပ်ပြီး ၁ နှစ်ကျော်အကြာတွင် ယခုလို လက်ပစ်ဗုံးဖြစ်စဉ် ပထမဦးဆုံး ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီ၏ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီဝင် ဒေါက်တာ ကျော်စွာဦး က ပြောသည်။

ယနေ့ လက်ပစ်ဗုံး ဖြစ်စဉ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကောင်းနိုင်ထံသို့ ဧရာဝတီမှ မေးမြန်းရာ တွင် လက်ပစ်ဗုံးကို သက်ဆိုင်ရာ တပ်မတော် တပ်ဖွဲ့သို့ ပေးအပ်လိုက်ပြီ ဖြစ် ကြောင်း၊ အသေးစိတ်ကိုတော့ မဖြေကြားနိုင် သေးဟု ဆိုသည်။

ရဲမှူး ကောင်းနိုင်က “ခင်ဗျားတို့ကို အင်တာဗျူးပေးဖို့ကတော့ ဒီကိစ္စတွေဟာ ဝန်ကြီးအဆင့်ထိ ကျနော်တို့က တင်ပြပြီးမှ သူတို့ ဖြေကြားခွင့်ပြုမှ ပြောလို့ရမယ်။ အခု လောလောဆယ်လည်း ကျနော်တို့တွေ အလုပ်ရှုပ်နေကြတယ်။ ဒါကြောင့် ဒီဗုံး ဟာ ဘာလဲ၊ ဘာသုံးလဲ၊ ဘယ်ကလုပ်တာလဲ ဆိုတာ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောဆိုသည်။

သို့ရာတွင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိခဲ့သည့် တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့မှ ဗိုလ်မှူး တဦးက ထို လက်ပစ်ဗုံး သည် အသက်ရှိသည့် လက်ပစ်ဗုံး ဖြစ်ပြီး လက်ကိုင်စနက်တံပင်ကို မဖြုတ်ဘဲ ချထားခဲ့သည့်အတွက် မပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း အတည်ပြုသည်။

အဆိုပါ ဗိုလ်မှူးက “ပင်သာ ဖြုတ်လိုက်ကြည့်။ စက္ကန့်ပိုင်း အတွင်း ပေါက်မှာဗျ။ အခု ပင်မဖြုတ်လို့ မပေါက်တာပေါ့ဗျ” ဟု ဆိုပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ကိုတော့ မှတ်ချက်မပြုခဲ့ပေ။

ဘဝမြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် တွေ့ရသည့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့များ(ထက်ခေါင်လင်း၊ ဧရာဝတီ)

မိမိတို့ မြို့နယ်တွင် NLD ပါတီရုံး အနီး ယခုလို လက်ပစ်ဗုံး လာရောက်ထားခြင်းကို မည်သည့် အကြောင်း အရာကြောင့် ထား သည်ကို မသိသော်လည်း တရားဥပဒေ စိုးမိုးရေး အတွက်တော့ စိုးရိမ်ဖွယ်ရာ အခြေ အနေ ရောက်နေပြီဟု အဆိုပါ ရုံးအနီး ရှိ ဒေသခံ ပြည်သူများက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ NLD ပါတီကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းလား ဆိုသည်မှာ တနိုင်ငံလုံးရှိ NLD ပါတီရုံးများ အတွက် တပ်လှန့်လိုက်သည့် အခြေအနေ ဖြစ်နေပြီဟု သင်္ဃန်းကျွန်းမြို့နယ် NLD ပါတီဝင်များက ယူဆကြသည်။

ဒေါက်တာ ကျော်စွာဦးက “ကျနော်တို့ ပါတီရုံးတိုင်းမှာ CCTV လို လုံခြုံရေး ကင်မရာတွေကို တပ်ဖို့တော့ လိုလာပြီ။ ဒါဟာ ကျနော်တို့ ပါတီအတွက် သံချောင်းခေါက်သံပဲ။ အခုရုံးမှာ CCTV မတပ်ထားသေးဘူး။ ရံပုံငွေရှိ၊ မရှိ တပ်ကို တပ်ဖို့ သင့်ပြီ” ဟု ဆိုသည်။

မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ဘဝမြင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တပ်ဆင်ထားသည့် တရပ်ကွက်လုံးရှိ CCTV ကင်မရာ ၈ လုံး၏ ၂၄ နာရီ အတွင်းရှိ မှတ်တမ်းများကို သိမ်းဆည်းသွားသည်ကို တွေ့ရသည်။

အဓိကအားဖြင့် NLD ပါတီမြို့နယ်ရုံး အနီး တပ်ဆင်ထားသည့် CCTV နှစ်လုံး၏ မှတ်တမ်းကို အဓိကထား ယူသွားကြ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading