ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးတုမ်း ကျေးရွာအုပ်စုနေ ၉ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မ ပြုကျင့်သည်ဟု သံသယရှိသူ လမ်းလုပ်သား ဗိုလ်ဝင်း ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
၎င်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းလည်း တွန်းဇံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး စိုးဝင်း က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
သတင်းအရ တရားခံဟု ယူဆရသူ အသက် ၂၇ နှစ်အရွယ် ဗိုလ်ဝင်းကို ကလေးမြို့အသွား တီးတိန်မြို့ အလွန်တွင် ကားဘီး ပေါက်သဖြင့် ပြင်ဆင်နေစဉ် တီးတိန်မြို့နယ် ရဲစခန်းက ဇူလိုင် ၂၂ရက် ညက ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
မိဘများက ကလေးမြို့သို့ သွားရန်ရှိသည့် အတွက် သံသယတရားခံ၏ နေအိမ်တွင် တတိယတန်း ကျောင်းသူ အသက် ၉ နှစ်အရွယ် ကလေးငယ်ကို အပ်ထားခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကလေးငယ်အား အဓမ္မ ပြုကျင့် ခဲ့ ကြောင်း၊ ကျူးလွန်ခံရသူ၏ အစ်မဝမ်းကွဲဖြစ်သူက ညီမဖြစ်သူ မျက်နှာမကောင်းသဖြင့် မေးမြန်းရာမှ ထိုအမှု ပေါ်ပေါက် ခဲ့ပြီး ကလေးငယ်၏ မိခင်ပြန်လာသည့်အခါ အကျိုးအကြောင်း သိရှိသဖြင့် မိခင်ကိုယ်တိုင် တရားလို ပြုလုပ် ၍ တွန်းဇံ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
စခန်းမှူး ဒုရဲမှူး စိုးဝင်း က“သူကတော့ အခု ရဲစစ်မှာ ဝန်ခံတာလည်း မဟုတ်ဘူး။ ငြင်းတာလည်း မဟုတ်သေးဘူး။ ကျူးလွန်သူလို့ ယူဆရတဲ့ သူက အဲဒီနေ့က သူတို့က လမ်းပြီးသွားတဲ့ အတွက် အလုပ်သမားတွေစုပြီး ပျော်ပွဲစားတာ ကြောင့် အရက် သောက်ထားတယ်လို့ ထွက်ဆိုထားတယ်”ဟု ပြောပြသည်။
သံသယတရားခံ ဗိုလ်ဝင်းသည် မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်ရှိ သန်းတောရွာမှဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေအိမ်တွင် အိမ်ငှား နေထိုင်သူဖြစ်ကြောင်း၊ တွန်းဇံမြို့နယ်တွင် လမ်းခင်းလုပ်သား အဖြစ် လာရောက် လုပ်ကိုင်နေ သည် မှာ ၄ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသည့် တတိယတန်း ကျောင်းသူ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်က ၎င်းကို အဓမ္မပြုကျင့် ပါသည် ဟု ထွက်ဆိုထားကြောင်း၊ လက်ရှိတွင် ကျူးလွန်ခံရသည့် ကလေးငယ်အား ရဲစာဖြင့် ဆေးရုံသို့ ပို့ဆောင် ပေးထားပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ အစောင့်အရှောက်များဖြင့် ပံ့ပိုး ကူညီနေကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။
တွန်းဇံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ထန်ရှင်းခိုင်က“ကျနော်တို့ တွေ့ရှိချက်မှာတော့ ထိုးသွင်းဒဏ်ရာ မရှိဘူး။ နောက်ပြီး ပြင်ပရုန်းကန်တဲ့ ဒဏ်ရာလည်း မရှိဘူး။ မိန်းမကိုယ်ထဲမှာ သုတ်ပိုးလည်း မတွေ့ရဘူး။ လောလောဆယ် တော့ မိန်းမကိုယ်ရည်ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေပါတယ်”ဟု ပြောသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ တွင် သက်ငယ် မုဒိမ်းမှုအား ပုဒ်မခွဲ(၃)အဖြစ် ဖြည့်စွက်ထားပြီး ယင်းပုဒ်မခွဲတွင် မည်သူမဆို မသန်စွမ်းသူကို ဖြစ်စေ၊ အသက် ၁၂ နှစ်အောက် မိန်းကလေးကို ဖြစ်စေ မုဒိမ်းမှု ကျူးလွန်လျှင် ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
တွန်းဇံမြို့နယ်တွင် ၂၀၁၈ ခုနှစ်က တကြိမ် မုဒိမ်းမှုဖြစ်ပွားခဲ့ပြီး ယခုအမှုသည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံး အကြိမ် ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှု ဖြစ်သည်ဟု တွန်းဇံမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
You May Also Like These Stories:
မအူပင်၌ သူငယ်တန်း ကလေးငယ်တဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွား
၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီးv