မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန်အတွင်း ဆေးခြောက်လျှော် စိုက်ပျိုးမှုဖြင့် ဖမ်း ဆီးခံရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဖဒရစ် တိုဒိုရိုကီ အား ယနေ့ မြင်းခြံခရိုင် တရားရုံးက ကျပ် သိန်း ၃၀၀၀ ဖြင့် အာမခံပေးလိုက် သည်။
၎င်း၏ ရှေ့နေဖြစ်သူ တော်ဝင် ဦးခင်မောင်သန်းက “ကျန်းမာရေး ဆိုးဝါးနေလို့ အာမခံလျှောက်တာ၊ သူက အသက်ရှု လမ်းကြောင်းနဲ့ အဆုပ်မှာ ဝေဒနာဖြစ်နေတယ်၊ အမှုအတွက် အမေရိကန်သံရုံးကလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို မေတ္တာရပ်ခံပေးခဲ့တယ်”ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ အမေရိကန်နိုင်ငံသား ပါဝင်သည့် III M ကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရား ဝင် ခွင့်ပြု ချက်ဖြင့် မြို့သာ စက်မှုဇုန် အတွင်းရှိ မြေဧက ၃၀ ကျော်တွင် ဆေးခြောက်လျှော်(Hemp)စိုက်ခင်းအား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး တနှစ်ခန့်အကြာ ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ စိုက်ခင်း တာဝန်ခံ ကိုရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၃)နှစ် တို့လည်း ဖမ်းဆီးခံခဲ့သည်။
ထို့အပြင် III M (Global Nutraceutical) ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ပန်၊ သောမတ်ဇီဘာလုံ၊ ဂရေ့စ်ဇိုမာချက်စ်၊ ဒေါက်ကလပ်စိုးလင်းနှင့် အလက်ဇန္ဒား ကန့်တိုဒိုရိုကီတို့ကို ပြီးခဲ့သည့် မေလ ၂၁ရက် ရုံးချိန်းတွင် ရဲက အလိုရှိသူ စာရင်း တွင် ထပ်မံထည့်သွင်းခဲ့သည်။
ယင်းအမှုကို လာမည့် သြဂုတ်လ ၅ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားပြီး၊ ယင်းရုံးချိန်းတွင် ကိုရှိန်းလတ်၊ မရွှန်းလဲ့ မြတ်နိုးတို့ အတွက် အာမခံရရှိရေး ထပ်မံလျှောက်ထားမည်ဟု ရှေ့နေများက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) နှင့် ဓာတုဗေဒ စစ်ဆေးရေးဌာနခွဲ (မန္တလေး)တို့က ဝင်ရောက် စစ်ဆေးကာ ဆေးခြောက်စိုက်ခင်းဟု သတ်မှတ်ခဲ့ပြီး ဂျွန်ဖဒရစ် တိုဒိုရိုကီနှင့် ကိုရှိန်းလတ်၊ မရွှန်းလဲ့ မြတ်နိုးတို့ကို ဖမ်းဆီးပြီး၊ မူးယစ် ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(က)(ခ)၊ ၁၉(က)၊ ၂၀(က)(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ပုဒ်မ ၂၀(က)(ခ) သည် သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မ တခုဖြစ်ကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းမှာ ဆေးခြောက် အာနိသင် ဝ.၃ ရာခိုင်နှုန်းသာ ပါဝင်သည့် Hemp စိုက်ခင်းဖြစ်ပြီး၊ နိုင်ငံပေါင်း ၅၇ နိုင်ငံတွင် ဥပဒေပြဋ္ဌာန်းကာ တရားဝင် စမ်းသပ် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့ကလည်း Hemp နှင့်ပတ်သက်ပြီး Myanmar Hemp Association အဖွဲ့က ပြည်သူ့လွှတ်တော်စိုက်ပျိုးရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမား ကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံကာ စက်မှုလျှော်ပင်၏ အသုံးဝင်ပုံ၊ ဈေးကွက်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။
၁၉၉၃ ခုနှစ်က ပြဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် ဆေးခြောက်ဟုသာ ပြဌာန်းထားပြီး ပါဝင်ရမည့် ဆေးခြောက်အာနိသင် အတိအကျအား ထည့်သွင်းပြဌာန်း ထားခြင်း မရှိသည့်အတွက် Hemp အား ဖမ်းဆီးခြင်းဖြစ်ကြောင်း ဥပဒေ၏ အားနည်းချက်အား ရှေ့နေများက ထောက်ပြလျှက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဆေးခြောက်စိုက်ခင်းအမှု အမေရိကန် ၄ ဦးကို ရဲက ထပ်မံ အလိုရှိ
ငါန်းဇွန် ဆေးခြောက် စိုက်ခင်း တာဝန်ရှိသူများကို ဆက်လက် ချုပ်ထား