သတင်း

တပ်မတော် ခေါင်းဆောင်များကို ICC တင်နိုင်ရေး ဖိအားပေးရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ တပ်မတော် ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တင်နိုင်ရန် အတွက် အမေရိကန် အစိုးရ အနေဖြင့် ဖိအားပေးရန် Karen Peace Support Network (KPSN) က တောင်းဆို တိုက်တွန်း လိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် KPSN အဖွဲ့ဝင်များက အဆိုပါတိုက်တွန်းစာကို ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင် မြို့ပေါ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့သည်။

တိုက်တွန်းစာ ပေးပို့ခဲ့သူများထဲမှ တဦးက“ကျနော်တို့တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ခံနေရတုန်း ဖြစ်တယ်။ ဒီလိုအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် လို့ အခုလိုတောင်းဆိုတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ICC က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းခွင့်ရရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် လေ့လာမှု ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထို့အတူ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က အမေရိကန် အောက်လွှတ်တော်၌ ဇူလိုင် ၂၅ ရက်နေ့တွင် အရှေ့တောင်အာရှ လူ့အခွင့်ရေး အခြေအနေနှင့်ပတ်သက်ပြီး တင်ပြမည့် အချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။

AI အဖွဲ့က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၌ ကြားနာမှုတွင် မြန်မာ့ တပ်မတော်၏ လူ့ အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှု အပါအဝင် ဘက်ပေါင်းစုံက ပါဝင်သည့် အရေးယူမှုမျိုး ဆောင်ရွက်နိုင်ရေး တိုက်တွန်းသွားရန် ရှိကြောင်းလည်း သိရသည်။

ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ တိုက်တွန်းစာ လာရောက်ပို့သူ KPSN အဖွဲ့ဝင် ၁၂ ဦးက ကောင်စစ်ဝန် ရုံး ရှေ့တွင် ၎င်းတို့ တောင်းဆိုတိုက်တွန်းရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများကို ရှင်းပြသည်။

ထို ရှင်းပြမှုထဲတွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာ့ တပ်မတော် ထိပ်ပိုင်းခေါင်းတောင်များကို ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့မှုအား KPSN အနေဖြင့် ကြိုဆိုသည်ဟုလည်း ပါဝင်သည်။

ထို့အတူ မြန်မာ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ဆို့ရုံတင်မကဘဲ စီးပွားရေး အရ ပိတ်ဆို့ အရေးယူခြင်း၊ တပ်မတော်က စိတ်ကြိုက်ရေးစွဲ ပြဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် လက်နက်ရောင်းချခွင့် ပိတ်ပင်နိုင်ရန် အတွက် ဖိအားပေး ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လည်း တိုက်တွန်းသွားသည်။

တပ်မတော်အနေဖြင့် ကရင်၊ ကချင်၊ ရှမ်း အပါအဝင် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိနေဆဲဖြစ်သည့်အပြင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကိုလည်း ချိုးဖောက် နေသည်ဟု KPSN အဖွဲ့က စွပ်စွဲသည်။

KPSN အဖွဲ့ဝင်တဦးက“ကျနော်တို့ KNU အဖွဲ့နဲ့ NCA ထိုးထားပေမယ့် တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်က NCA ချိုးဖောက်ပြီး လမ်းဖောက်ဖို့ အကြောင်းပြချက်နဲ့ တပ်အင်အားတွေ တိုးချ လာလို့ ပစ်ခတ်မှုတွေပြန်ဖြစ်ခဲ့ရ တယ်”ဟု ရှင်းပြသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) သည် အစိုးရနှင့် ၂၀၁၅ ခုနှစ်က NCA ကို ချုပ်ဆိုထားသော်လည်း ၂၀၁၈ ခုနှစ် က ဖာပွန်ခရိုင်တွင် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် တပ်မတော်ကို အရေးယူ ပေးရန် ဝါရှင်တန် မြို့ တော် လွှတ်တော် အဆောက်အအုံရှေ့တွင် ဇူလိုင် ၂၂ ရက်နေ့က အမေရိကန် နိုင်ငံရောက် ကရင်တိုင်းရင်းသားများ စုဝေးပြီး တောင်းဆိုခဲ့ကြသေးသည်။

အဆိုပါတောင်းဆိုပွဲကို ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ ဦးစီးချုပ် ဗိုလ်မှူးချုပ် နယ်ဒါးမြ ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တချို့နှင့် တွေ့ဆုံကာ အခြေအနေ များကို တင်ပြခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦး၊ ဗိုလ်ချုပ် အောင်အောင် နှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းတွင် ကြေညာထားသည်။

၎င်းတို့အား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူမျိုးတုံးရှင်းလင်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် တာဝန်ရှိသူများ အဖြစ် ပစ်မှတ်ထား အရေးယူလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading