လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရသော ဗစ်တိုရီးယား အမှုတွင် ဆရာမ နှင်းနုကို နောက်တိုး တရားခံအဖြစ် တရားစွဲဆိုရန် ဗစ်တိုရီးယား၏ မိခင်ကိုယ်တိုင်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ယနေ့ ဦးတိုက်လျှောက်ခဲ့သည်။
နေပြည်တော် Wisdom Hill ပုဂ္ဂလိကကျောင်းက အသက် ၃ နှစ် မပြည့်သေးသည့် ကျောင်းသူလေး ဗစ်တိုရီးယား အမှုနှင့် ပတ်သက်ပြီး ဒက္ခိဏ ခရိုင် တရားရုံး၌ ယနေ့ ပြုလုပ်သော ဒုတိယမြောက် ရုံးချိန်းတွင် ဗစ်တိုရီးယား၏ မိခင်ဖြစ်သူက ဦးတိုက်လျှောက်တင်ခဲ့ခြင်း ဖြစ်သည်။
တရားခွင်အတွင်း မိခင်ဖြစ်သူကိုယ်တိုင်က မတ်တပ်ထရပ်၍ ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် တရားစွဲပေးရန်နှင့် အမှုမှန် ပေါ် ပေါက်စေရန်အတွက် ကူညီဆောင်ရွက်ပေးရန် နှုတ်ဖြင့်တင်ပြခဲ့သလို ရေးထားသည့် စာရွက်စာတမ်းများကိုလည်း ရုံးတော်သို့ ကိုယ်တိုင်ပေးခဲ့ သည်ကို တရားခွင်တွင်တွေ့ရသည်။
ထိုသို့ ဗစ်တိုးရီယား၏ မိခင် တင်ပြမှုအပေါ် ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင် က “တရားရုံးက တရားစီ ရင်တာပါ။ စုံစမ်း စစ်ဆေးတာ မလုပ်ပါဘူး။ လုပ်ငန်းစဉ်အတိုင်းပဲ ဆောင်ရွက်သွားပါမယ့်” ဟု ပြန်လည် ရှင်းပြသည်။
နောက်တိုးသံယသ တရားခံ အဖြစ် လျောက်ထားခြင်းခံရသည့် ဆရာမမနှင်းနုသည် Wisdom Hill မူကြိုကျောင်းမှ ဗစ်တိုးရီးယား၏ အတန်းပိုင် ဆရာမ ဖြစ်ပြီး တရားလိုပြသက်သေ ၂၆ ဦးတွင်လည်း ပါဝင်သူဖြစ်သည်။
ယနေ့ တရားလို ကလေးငယ်၏ မိခင် ဖြစ်သူမှာ သူမ၏ ကလေး ကျောင်းသို့ စထားသည့် အချိန်မှ စ၍ အခင်းဖြစ်သည့် အချိန်ထိ အ သေးစိတ် အချက်အလက်များကို ရုံးတော်သို့ တင်ပြခဲ့သည့် အပြင်၊ ၎င်းတို့ မိသားစုဝင်များကို ရဲတပ်ဖွဲ့ဘက်မှ (CID) မှ ခေါ်ယူစစ် ဆေးခဲ့သည့် အကြောင်းအရာများ၊ ကလေးငယ်၏ ထွက်ဆိုချက်များ၊ ကလေးငယ်မှာ HIV ကာကွယ်ဆေး ၂၈ ရက်တိတိ သောက်ခဲ့ရ သည့် အချက်အလက် အသေးစိတ်ကို ရုံးတော်သို့ တင်ပြခဲ့သည်။
တရားလို ကလေးငယ် မိခင်ဖြစ်သူ၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက် နုအောင်က “တရားလိုရဲ့ တွက်ဆိုချက်ထဲမှာ ပါတာက ဒီကိစ္စနဲ့ ပက်သက်ပြီး ဆရာမနှင်းနှသိတယ်၊ ဆရာမနှင်းနုက ကိုကို့ကိုဆူတယ်။ ဆရာမနှင်းနုက ရေဆေးပေးတယ် ဆိုတာနဲ့ ပက်သက်ပြီး အကြိမ်ကြိမ်ပြောတယ်။ အတိကျဆိုရင် လေးကြိမ်။ ကလေးက ထွက်ဆိုချက်တွေ ပေးခဲ့ တယ်ပေါ့။ ကာယကံရှင်အနေနဲ့ သတင်းတွေ ထိန်ချန်ထားတဲ့နှင်းနုနဲ့ ပက်သက်ပြီး ရုံးတော်ရှေ့ကို နှင်းနုကို တရားခံအဖြစ်ပါဝင်ဖို့ လျောက်ထားလွှာကို လျှောက်ထားတာပါ” ဟု မီဒီယာ များကို ရှင်းပြသည်။
ကလေးငယ်၏ မိခင်ဖြစ်သူ ဘက်မှ ရှေ့နေများက အခင်းဖြစ်သွားသည့် နေရာ ဇ(၁၄) Wisdom Hill မူကြိုကျောင်းနေရာသို့ ရှေ့နေများ ကိုယ်တိုင် သွားရောက်ကြည့်ရှုလိုကြောင်းလည်း ရုံးတော်သို့ တင်ခဲ့သည်။
တရားလိုဘက်မှ ထိုသို့ တင်ပြမှုကို သံသယတရားခံ အောင်ကြီး၏ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ကန့်ကွက် စရာ မရှိဘဲ အခင်းဖြစ်ပွားခဲ့သည့် နေရာကို တရားသူကြီးများ အပါအဝင် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုရန် အချက်မှ ၎င်းတို့နှင့် တူနေ ကြောင်း ပြောသည်။
ဦးခင်မောင်ဇော် က “ဒီနေ့က ကလေးမလေးရဲ့အမေကို စစ်တယ်။ တရားလိုရဲ့ရှေ့နေ အစိုးရရှေ့နေက စစ်သွားတာ။ ကျနော်က အပြန် အလှန် စစ်မေးချက် မေးရမှာ။ အချိန် မရှိတဲ့အတွက် ၁ ရက်နေ့ကို ချိန်းလိုက်တယ်” ဟု မီဒီယာများကို ပြောသည်။
ထိုအမှုအား စစ်ဆေးရာတွင် ခရိုင် တရားသူကြီး ဦးတင့်လွင်က ဥက္ကဋ္ဌ၊ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေးက အဖွဲ့ဝင် အဖြစ် တရားသူကြီး ၂ ဦးက ရုံးထိုင် စစ်ဆေးခဲ့ပြီး တရားခွင် အတွင်း တရားလို၊ တရားခံ နှစ်ဘက်ရှေ့နေများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ယင်းအမှုကို စိတ်ဝင်စားသည့် ပြည်သူများ ၃၀ ကျော်နှင့် သတင်းမီဒီယာများ တရားခွင်တွင် ရှိသည့် ခုံအပြည့်လာရောက် နားထောင်သည်ကိုလည်း တွေ့ရသည်။
ယနေ့ တရားခွင်အပြီးတွင် အောင်ကြီး၏ မိခင်ဖြစ်သူ ဒေါ်ရီ က “ကျမသားလေး ကျောင်းထဲ ဝင်ရတာကလည်း ဆရာမက ခေါ်ပြီးတော့ ကလေး အတွက် ကား အပေါ်မှာ ဖွင့်ဖို့ သီချင်းခွေလေး ပေးလို့ ဝင်ယူတာပဲ ရှိပါတယ်။ ကားမလာသေးလို့ ထိုင်နေတာပဲ ရှိပါတယ်။ ကျန်တဲ့ ကိစ္စဘာမှ မသိပါ ဘူး”ဟု မီဒီယာများကိုပြောသည်။
တရားခွင် စစ်ဆေးမှုကို မနက် ၁၀ နာရီမှ စတင်ခဲ့ရာ နားချိန် နာရီဝက်ခန့်သာ အနားပေးခဲ့ပြီး ညနေ ၃ နာရီကျော်သည်အထိ ကလေး ငယ်၏ မိခင်ဖြစ်သူ တရားလို တဦးတည်းသာ ရုံးတော်သို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၁ မြို့မ ရဲစခန်းသို့ မေလ ၁၇ ရက်နေ့က ဗစ်တိုရီးယား၏ မိခင်ဖြစ်သူ ကိုယ်တိုင် လာရောက် အမှုဖွင့်ကြောင်း သိရသည်။ ထိုအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက် ၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့ကြောင်း သိရသည်။
တတိယ အကြိမ် ရုံးချိန်းကို သြဂုတ် ၁ ရက်နေ့တွင် ပြန်လည် ချိန်းဆိုလိုက်ပြီး၊ အဆိုပါ ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများ အပြန်အလှန် မေးခွန်းများ မေးမြန်းသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဇော် က ဆိုသည်။
You may also like these stories:
ဗစ်တိုးရီးယားကို စစ်ဆေးရာတွင် Video ကွန်ဖရင့် ဖြင့် စစ်ဆေးသွားမည်ဟုဆို
Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော
ဗစ်တိုးရီးယားအမှု တရားမျှတရေး လယ်ဝေးမြို့တွင်လည်း ဆန္ဒပြ
ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း
သမီးလေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ဆိုတဲ့ Wisdom Hill ကျောင်းအုပ် ဦးပညာ