ရခိုင်ပြည်နယ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ထိုဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံစေလိုကြောင်း ပြည်ပကုမ္ပဏီများကို ရက္ခိုင့် တပ်မတော် (AA) က အချက်ပြလိုက်သည်။
BRI သည် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကို ဖြတ်သန်းပြီး တရုတ်နိုင်ငံနှင့် ဥရောပကို ဆက်သွယ်မည့် ကျယ်ပြန့်သော ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အချိတ်အဆက် အဆိုပြု အစီအစဉ် ဖြစ်သည်။
၎င်းတို့သည် BRI နှင့် ပတ်သက်သည့် စီမံကိန်းများ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို လက်ခံကြောင်း AA ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ညီညွတ်သော ရခိုင်တိုင်းရင်းသားများ အဖွဲ့ချုပ် (ULA) က အစိတ်အပိုင်း သုံးခု ပါဝင်သော ကြေညာချက်တွင် ဖော်ပြသည်။
AA သည် တပ်မတော်အပေါ် တိုက်ခိုက်နေသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ဖြစ်ကြောင်း တပ်မတော်၏ စွပ်စွဲမှုများကို ULA က ထိုကြေညာချက်တွင် ချေပ ရေးသားထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ၏ ကြီးမားလှသော ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်း စည်မံကိန်းများ တည်ရှိရာ ကျောက်ဖြူ မြို့နယ် အပါအဝင် တောင်ပိုင်းမှ တချို့နေရာများတွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် AA က ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ပြောကြားလိုက်ခြင်းက ချီးကျူးမှုများကိုသာမက၊ ဝေဖန်မှုများကိုလည်း ဖြစ်စေခဲ့သည်။
AA နှင့် တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခသည် လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်တွင် လူပေါင်း ၅ သောင်းကျော်ကို နေရပ်စွန့်ခွာရစေပြီး နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ဧပြီလမှ စတင် ရပ်ဆိုင်းသွားသည်။ တပ်မတော်က ဒေသတွင်းတွင် ရေတပ် ဖရီးဂိတ်စစ်သင်္ဘောများ၊ ရုရှားလုပ် ရဟတ်ယာဉ် များနှင့် အမြောက်တပ်များကို အင်အား ဖြည့်တင်းထားပြီး စစ်ရေးအခြေအနေမှာ တင်းမာနေသည်။
စင်ကာပူ၊ မလေးရှားနှင့် တရုတ်မှ နိုင်ငံတကာ တည်ဆောက်ရေး လုပ်ငန်းများသည် ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းတွင် ဒေါ်လာဘီလျံချီတန်သည့် စီမံကိန်းများကို မကြားသေးမီလများးက အဆိုပြု ခဲ့ကြသည်။
တိုင်းရင်းသား ဒေသများသည် BRI စီမံကိန်းမှ အကျိုးခံစားရမည်ဟု ယုံကြည်ကြောင်းနှင့် ULA နှင့် AA တို့သည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ ရပ်တည်မှုကို ၂၀၁၇ ခုနှစ်ကပင် လူသိရှင်ကြား ဖြေကြား ခဲ့ကြောင်း AA ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် ညိုထွန်းအောင်ပြောသည်။
ရခိုင်ပြည်နယ်တွင် စီမံကိန်း အများအပြား ပြီးစီးပြီဖြစ်ပြီး တချို့ကို အကောင်အထည် ဖော်နေသောကြောင့် ထိုပြည်နယ်သည် နိုင်ငံရေးအရနှင့် ပထဝီအရ BRI အတွက် အရေးပါကြောင်း သူက ဆက်ပြောသည်။
“BRI အပေါ် ကျနော်တို့ရဲ့အမြင်ကို ထပ်မံ ပြောကြားရတဲ့ အကြောင်းရင်းကတော့ ဒီအချိန်မှာ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို အလေးထားကြောင်း ဖော်ပြဖို့ မှန်ကန်တဲ့အချိန် ဖြစ်တယ်လို့ ကျနော်တို့ထင်လို့ပါ။ တနည်းအားဖြင့် ပြောရရင်တော့ ကျနော်တို့ဟာ ULA ရဲ့ နိုင်ငံခြားရေး မူဝါဒထုတ်ပြန်ပြီး ကျနော်တို့ရဲ့ စိတ်ကူး အိပ်မက်တွေကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဆိုသည်။
တရုတ်နိုင်ငံသည် နယ်စပ်အနီး ကချင်ပြည်နယ်မှ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာတွင် နေထိုင်သော AA ထိပ်တန်းခေါင်းဆောင်များ အတွက် အကျွမ်းတဝင်ရှိသော နေရာဖြစ်သည်။ ကြီးမား ကျော်ကြားပြီး ကမ္ဘာလုံး အနှံ့ ဖြန်ချိသည့် ကော်ဖီကုမ္ပဏီတခု တည်ရှိသော တရုတ်နိုင်ငံ မြို့တခုသို့ သူ သွားရောက်ခဲ့ဖူးကြောင်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောသည်။ ထိုကုမ္ပဏီ၏ ဖြန့်ချိရေး မြေပုံတွင် ကျောက်ဖြူမြို့နယ်မှ BRI နှင့် ပတ်သက်သည့် အနာဂတ်တွင် ရည်မှန်းထားသည့် ဖြန့်ချိရန် နေရာတခုကိုလည်း ပြသထားသည်ဟု သူက ပြောသည်။
“မြေပုံပေါ်က ကျောက်ဖြူဆိုတဲ့ စာလုံးတွေက ကျနော့်အာရုံကို ဖမ်းစားသွားတယ်။ ရခိုင် တိုင်းရင်းသား တယောက်အနေနဲ့ ကြက်သီးတောင် ထမိတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေလည်း တခြားနိုင်ငံတွေလိုပဲ BRI စီမံကိန်းကနေ တူညီတဲ့ အခွင့်အလမ်း ခံစားချင်တယ်” ဟု သူက ဆိုသည်။
AA နှင့် ULA တို့သည် လတ်တလော ရခိုင်ပြည်နယ်တွင် စီးပွားရေး လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများကို မှတ်တမ်း ပြုစုထားကြောင်း သူ၏ အဆိုအရသိရသည်။ AA သည် ရည်မှန်းထားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစီအစဉ် ဖြစ်သည့် ရက္ခိုင့်အိပ်မက် ၂၀၂၀ ၏ အစိတ်အပိုင်းအဖြစ် ရခိုင်ပြည်နယ်မှ စိတ်ပါဝင်စားသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်တွဲဆောင်ရွက်ရန် မျှော်မှန်းထားကြောင်းလည်း သူက ပြောသည်။
ပြည်နယ်အတွင်းတွင် နိုင်ငံတကာ တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်တွဲ ဆောင်ရွက်ရန်အတွက် အဖွဲ့အစည်းများ AA တွင် ရှိပါသလားဆိုသည့် မေးခွန်းကို ဗိုလ်မှူးချုပ် ညိုထွန်းအောင်က “ကျနော်တို့ လုပ်စရာရှိတာတွေကို လုပ်နေပါတယ်” ဟု ဖြေသည်။
ရခိုင်ပြည်နယ်မှ ရင်းနှီးမြှုပ်နှံသူများသည် AA နှင့် တိုက်ရိုက် မဆက်သွယ်နိုင်သည့်တိုင် ၎င်းတို့၏ အမြင်များ အားလုံးကို နားလည်ရန် လိုကြောင်း ယခင် ဗြိတိန် သံအမတ်ဟောင်းနှင့် တာဝန်သိသော စီးပွားရေး လုပ်ငန်းများဆိုင်ရာ မြန်မာဌာနမှ ဒါရိုက်တာ ဗစ်ကီဝိုးမင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
AA သည် ရခိုင် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည် သို့မဟုတ် အားလုံးအတွက် ပြောဆိုခြင်း မဟုတ်ကြောင်းကို သိရှိပြီး ပိုမိုကျယ်ပြန့်သော ပဋိပက္ခ ထိခိုက်လွယ်မှု နည်းလမ်း၏ အစိတ်အပိုင်းအဖြစ် ရင်းနှီးမြှုပ်နှံသူများသည် AA ကို အသေးစိတ် နားလည်ရန် လိုကြောင်း သူက အကြံပြုသည်။
“ဒီလိုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ တိကျ၊ ပြည့်စုံ၊ နောက်ဆုံး သတင်းအချက်အလက်တွေကို လူသိရှင်ကြား ရရှိနိုင်ဖို့နဲ့ ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ သူတို့အမြင်တွေကို ဖော်ပြပြီး မေးခွန်းတွေ မေးနိုင်မယ့် လမ်းကြောင်းရှိဖို့ပဲ” ဟု သူက ပြောသည်။
AA ၏ ကြေညာချက်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ရခိုင်ပြည်နယ် တောင်ပိုင်းမှ ကျော်ကြားသော ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ ငပလီတွင် ဟိုတယ်တခု ဖွင့်လှစ်ထားသူ ဂျာမန်လုပ်ငန်းရှင် အိုလီဗာ အီး စိုးသက်က ပြောသည်။
“ဒီကြေညာချက်ဟာ တရုတ်နိုင်ငံအနေနဲ့ မကြာခင် အနာဂတ် ဘယ်အချိန်မှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ် ဆိုတာကို တွက်ချက်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကိုလည်း ပေးပါတယ်” ဟု သူက ပြောသည်။
(Moe Myint ၏ Rakhine Rebels Eager for Foreign Investment ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံခြင်း