ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့မှုများ ကျော်လွှားရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်အပါအဝင် လုပ်ငန်းစဉ် ၇ ခုကို လွယ်တိုင်းလျဲန် ဗဟိုဌာနချုပ်တွင် ဇူလိုင် ၂၁ မှ ၂၃ ရက်နေ့ အထိ ကျင်းပခဲ့သော ၆ လပတ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပါရှိသည်။
ယင်းကြေညာချက်ထဲတွင် “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်များ ပြင်ဆင်ဖြည့်စွက်ရေးအတွက် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွင် ဆွေးနွေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်” ဟုလည်း ပါရှိသည်။
RCSS အဖွဲ့သည် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့် ဆင့်တွင် မျှတမှုမရှိဟု ဆိုကာ JMC အစည်း အဝေး များတက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ နိုဝင်ဘာလတွင် ကြေညာခဲ့သည်။
အပစ်ရပ်လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို KNU နှင့် RCSS တို့က ဦးဆောင်ခဲ့ကြပြီး လက်ရှိတွင် KNU က PPST ကို ဖျက်သိမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့စည်းရန် ပြောဆိုထားပြီး အပစ်ရပ် လက်နက်ကိုင်များ၏ အစည်းအဝေးများကို မတက်ရောက်ဘဲ ဖြတ်တောက်ထားသည်။
ထို့နောက် RCSS က PPST ကို ယာယီဦးဆောင်နေပြီး အစိုးရနှင့် ဆက်လက်ဆွေးနွေးဆောင်ရွက်ရမည့် ငြိမ်းချမ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရမည့် အခြေအနေဖြစ်နေလျှက်ရှိသည်။
RCSS သည် ယခုအခါ ၎င်းတို့ ပြင်ဆင် ဖြည့်စွက်လိုသော အခြေအနေများအပေါ် ဆွေးနွေး ဆောင်ရွက်နိုင်ပါက JMC အဆင့်ဆင့် အစည်းအဝေးများကို ပြန်လည် တက်ရောက်သွားရန် ချမှတ်ထားပြီး ဖြစ်ကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းဦးက “JMC က ပူးတွဲပြီးတော့ လုပ်ဆောင်ကြမယ်၊ ညီတူညီမျှ လုပ်ဆောင်ကြမယ် ပေါ့နော်၊ တဖက်ကနေ အပေါ်စီး ကနေ တဖက်သတ် ဆွေးနွေးတာတို့၊ ဆုံးဖြတ်ချက် ချတာတို့ အဲဒါမျိုးတွေ မဖြစ်အောင် ပေါ့” ဟု ပြောသည်။
အဆိုပါ ပြင်ဆင် ဖြည့်စွက်လိုသော အခြေအနေများနှင့် ပတ်သက်ပြီး RCSS က အစိုးရ–တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည့်အတွက် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများကို ချပြဆွေးနွေးသွားရန် လည်း စီစဉ်ထားကြောင်း ဆိုသည်။
NCA ထိုးထားသည့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်နက်လည်းရှိ အာဏာ လည်းရှိ လက်ရှိလည်း အုပ်ချုပ်နေတဲ့ လူတွေက အမြဲတမ်း ဥက္ကဋ္ဌတို့ ဘာတို့လိုမျိုး ယူထားလို့ရှိရင် ကျန်တဲ့လူ က နောက်လိုက်ဖြစ်နေတာပေါ့။ ဥက္ကဋ္ဌက အဆိုတခု တင်လိုက်တယ်ဆိုရင် ပြီးပြီ ဆိုတဲ့ဟာမျိုး ဖြစ်နေတယ်ဆိုရင် အလုပ်လုပ်ရတာ တန်းတူညီတူ အားနည်းတယ်လို့ ယူဆနိုင်တာပေါ့ဗျာ။ ဒါကြောင့် ကော်မတီတွေမှာ စုဖွဲ့ပုံတွေ ပြန်ပြင်ရင် ကောင်းမလားပေါ့။ ကျနော်က သူတို့စာမတွေ့ဘူး ဆွေးနွေးချက်တွေ ကြားတာတော့ အဲသလို ကြားတာပေါ့လေ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဆွေးနွေးတာကို ဖွင့်ပေးရင်တော့ ပါလာနိုင်တယ်၊ ဆွေးနွေးပွဲတွေမှာ ဘယ်လိုပုံစံ ဆွေးနွေးရမယ်ဆိုတဲ့ ပုံတွေ ရှိတယ်။ Framework Dialogue ရှိတယ်၊ Framework Code of Conduct ရှိတယ်။ Framework ToR ရှိ တယ်၊ အဲဒီလိုရှိတော့ အဲဒါတွေ ပြန်ပြင်ရမှာ အဲဒါတွေ ပြင်ဖို့အတွက် အစည်းအဝေးထိုင်ပေါ့ အဲဒါပဲ ရှိတယ်”ဟု ပြောသည်။
လက်ရှိမှာတော့ ပြည်ထောင်စုအဆင့် (JMC-U) ကို အစိုးရနှင့် လက်နက်ကိုင်များဘက်မှ ကိုယ်စားလှယ် (၁၀) ဦးစီနှင့် နှစ်ဘက်မှ အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ် (၃) ဦးစီ စုစုပေါင်း ကိုယ်စားလှယ် ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
ထိုကော်မတီတွင် ဥက္ကဋ္ဌ တာဝန်ကို အစိုးရဘက်က တာဝန်ယူပြီး ဒုဥက္ကဋ္ဌ (၁) ကို လက်နက်ကိုင်ဖက်က တာဝန် ယူကာ ဒုဥက္ကဋ္ဌ (၂) တာဝန်အား အရပ်သားက တာဝန်ယူထားသကဲ့သို့ အတွင်းရေးမှူး (၁) အဖြစ် လက်နက်ကိုင် က တာဝန်ယူပြီး အတွင်းရေးမှူး (၂) အဖြစ် အစိုးရက တာဝန်ယူထားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် (JMC-S) ကို ဖွဲ့စည်းရာမှာတော့ အစိုးရနှင့် လက်နက်ကိုင်ဘက်က ကိုယ်စားလှယ် (၅) ဦးစီပါဝင်သလို နှစ်ဘက်က အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ် (၂) ဦးစီ စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားကြသည်။
အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် အစိုးရက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ (၁)ကို လက်နက်ကိုင်က တာဝန်ယူပြီး ဒုဥက္ကဋ္ဌ (၂)အား အရပ်သားက တာဝန်ယူထားကြသလို အတွင်းရေးမှူး (၁) အဖြစ် လက်နက်ကိုင်မှ တာဝန်ယူ၍ အတွင်းရေးမှူး (၂) အဖြစ် အစိုးရက တာဝန်ယူထားကြသည်။
You may also like these stories:
RCSS တောင်းသည့် ပိုက်ဆံ မပေးနိုင်၍ နမ္မတူဒေသခံများ ဒုက္ခရောက်နေ
ပျောက်ဆုံး မန်လီရွာသားများကို RCSS က ဖမ်းဟု စွပ်စွဲ
RCSS နှင့် အစိုးရ၊ တပ်ခေါင်းဆောင်များ အမြန်ဆုံးတွေ့မည်ဟု ဆို